အိန္ဒိယဘက်ထွက်ပြေးလာတဲ့ မြန်မာတွေကို မီဇိုရမ် ပြည်နယ်က ယာယီခိုလှုံခွင့်ပေးမည်

မီဇိုရမ် ပြည်နယ် အကြီးအကဲ Zoramthanga

စစ်အာဏာသိမ်းမှု ဆန့်ကျင်နေကြတဲ့ မြန်မာဘက်ကနေ အိန္ဒိယဘက်ကို ထွက်ပြေးလာကြသူတွေကို ယာယီ ခိုလှုံရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း မီဇိုရမ် ပြည်နယ် အကြီးအကဲ Zoramthanga က မေးမြန်းခန်း အတွင်း ပြောဆိုကြောင်း ရိုက်တာ သတင်းက တနလာင်္နေ့မှာ ဖော်ပြပါတယ်။

မြန်မာဘက်က ထွက်ပြေးလာသူတွေထဲက တချို့ကို ဌာနေပြန်ပို့ မလားဆိုတာကို အိန္ဒိယ အစိုးရဘက်ကလည်း စဉ်းစား သုံးသပ်နေချိန်မှာဘဲ မီဇိုရမ် ပြည်နယ် အကြီးအကဲက အခုလို ပြောဆိုလိုက်တာပါ။ စစ်အာဏာသိမ်း တပ်မတော်ရဲ့ ကောင်စီ အမိန့်ကို မလိုက်နာရေး အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ အိန္ဒိယနိုင်ငံ မီဇိုရမ်ကို ခိုလှုံလာကြတဲ့ အထဲမှာ ပါဝင်သူ ချင်းပြည်နယ် ဖလမ်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ကြပ်ကြီးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခု CDM လုပ်ရတာက စစ်အုပ်ချုပ်ရေးမှာ လုံးဝ လုံခြုံရေး တာဝန် ထမ်းဆောင်လိုတဲ့ စိတ် မပေါက်တော့လို့ပါ။ အခု ပြည်သူ လူထုက ရဲတပ်ဖွဲ့ ရိုက်တယ် နှက်တယ် ဆိုတဲ့ ခံစားချက်နဲ့ ဒီ CDM လုပ်ရတာ ဖြစ်ပါတယ်။ ”

အိန္ဒိယကို ထွက်ပြေးလာကြသူတွေထဲမှာ ဖလမ်း၊ တီးတိန်နဲ့ ကလေးမြို့တို့က ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။ စစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့ အနေနဲ့ အစိုးရ ဝန်ထမ်းတွေက CDM အလုပ်မဆင်းဘဲ အာဏာဖီဆန်နေကြတာပါ။ အိန္ဒိယဘက် ထွက်ပြေးတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးပြီး ပြန်လည် လွှဲပြောင်းပေးဖို့ အတွက် မီဇိုရမ် အာဏာပိုင်တွေကို ပြီးခဲ့တဲ့ သတင်းပတ် အတွင်း မြန်မာဘက်က တောင်းဆိုထားတာကြောင့် ဌာနေပြန်ပို့ခံရမယ့် အရေးလည်း စိုးရိမ်နေကြပါတယ်။ အိန္ဒိယ နိုင်ငံ မီဇိုရမ်ဘက်ကို မြန်မာဘက်က လူဦးရေ ဘယ်လောက် ဝင်လာသလဲ ဆိုတာ အတိအကျ မသိရပေမယ့်လည်း မီဇိုရမ် အကြီးအကဲကတော့ ၂၀ နဲ့ ၃၀ ကြား ရှိနိုင်တယ်လို့ ပြောပါတယ်။ မီဇိုရမ် မြို့တော်က အကြီးတန်း ရဲအရာရှိ တဦးကတော့ မြန်မာဘက်က ဝင်လာသူ ၁၀၀ နီးပါး ရှိပြီး အများစုက ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ မိသားစုတွေ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/india-mizoram-cdm-myanmar-/5807019.html

အိန္ဒိယဘက်ထွက်ပြေးလာတဲ့ မြန်မာတွေကို မီဇိုရမ် ပြည်နယ်က ယာယီခိုလှုံခွင့်ပေးမည် အိန္ဒိယဘက်ထွက်ပြေးလာတဲ့ မြန်မာတွေကို မီဇိုရမ် ပြည်နယ်က ယာယီခိုလှုံခွင့်ပေးမည် Reviewed by THITHTOOLWIN on 06:38 Rating: 5

No comments:

Powered by Blogger.