မြန်မာစစ်ဘက်အတွက် နိုင်ငံတကာအကျိုးဆောင်အဖွဲ့ ဒေါ်လာနှစ်သန်းနဲ့ ငှားရမ်း

ရန်ကုန်မြို့ ဆန္ဒပြပွဲမြင်ကွင်း။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁)

အစ္စရေးလ်နွယ်ဖွား ကနေဒါနိုင်ငံသားတစ်ဦးကို မြန်မာ အာဏာသိမ်း စစ်ဘက်အုပ်ချုပ်ရေးကောင်စီက အမေရိကန် ဒေါ်လာ ၂,၀၀၀,၀၀၀ ပေးပြီး အကျိုးဆောင်အဖြစ် ငှားရမ်းထားတယ်ဆိုတာ အမေရိကန် တရားရေးဌာနရဲ့ မှတ်တမ်းတွေအရ သိရတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာနဲ့ပတ်သက်ပြီး အခြေအနေမှန်ကို အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေကို ရှင်းလင်းပြောဆိုရာမှာ အထောက်အကူပြုပေးဖို့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီက အကျိုးဆောင် ငှားရမ်းထားတာပါ။

Ari Ben-Menashe နဲ့ ကနေဒါနိုင်ငံ၊ မွန်ထရီယယ်လ်မြို့အခြေစိုက် သူ့ရဲ့ကုမ္ပဏီဖြစ်တဲ့ Dickens & Madson က အမေရိကန်၊ ဆော်ဒီ အာရေးဘီးယား၊ အာရပ်ဘ်စော်ဘွားများပြည်ထောင်စု၊ အစ္စရေးလ်နဲ့ ရုရှားနိုင်ငံတို့အပြင် ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာပါမြန်မာ စစ်ဘက်အုပ်ချုပ်ရေးကောင်စီကို ကိုယ်စားပြုပြီး ပြောဆို စည်းရုံးသွားမှာဖြစ်ပါတယ်။

ဒီကုမ္ပဏီအနေနဲ့ "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့အကျိုးစီးပွားအတွက် မူဝါဒတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အထောက်အကူပြုသွားဖို့နဲ့ တိုင်းပြည်ရဲ့ အခြေအနေမှန်ကို ကူညီရှင်းပြသွားမယ်။" လို့ အမေရိကန် တရားရေးဌာနထံ တနင်္လာနေ့က တင်သွင်းခဲ့တဲ့ သဘောတူညီချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ပကိုယ်စားလှယ်များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ဒီသဘောတူညီချက်ကို တရားရေးဌာနထံ တင်သွင်းရတာဖြစ်ပြီး အွန်လိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်ဘက်အုပ်ချုပ်ရေးကောင်စီကို ရိုက်တာသတင်းဌာနက တယ်လီဖုန်းဆက် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

Ben-Meashe ဟာ အရင်ကလည်း ဇင်ဘာဘွေသမ္မတ Robert Mugabe နဲ့ ဆူဒန် စစ်ခေါင်းဆောင်တွေအတွက် အကျိုးဆောင်အဖြစ် လုပ်ပေးခဲ့ဖူးပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ တရုတ်အစိုးရကို ခွာပြီး အနောက်နိုင်ငံတွေနဲ့ ပိုပြီးနီးစပ်ချင်တယ်ဆိုတာ အမေရိကန်အစိုးရကို ပြောဆိုစည်းရုံးဖို့ သူ့ကိုတာဝန်ပေးထားတယ်လို့ Ben-Menashe က ရိုက်တာသတင်းဌာနကိုပြောပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် စစ်ဆင်ရေးအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို မြန်မာစစ်ဗိုလ်ချုပ်တွေက ပြန်ပြီးလက်ခံချင်တယ်လို့လည်း Ben-Menashe ကပြောပါတယ်။ ရိုဟင်ဂျာလို့ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ရခိုင်ပြည်နယ်စစ်ဆင်ရေးအတွင်း လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်လို ကုလသမဂ္ဂက စွပ်စွဲထားတာပါ။

သဘောတူညီချက်ကို ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ Ben-Menashe တို့ လက်မှတ်ရေးထိုးထားတာဖြစ်ပြီး အမေရိကန် ဘဏ္ဍာရေးဌာနနဲ့ ကနေဒါအစိုးရတို့က ဒဏ်ခတ်အရေးယူထားတဲ့ထဲမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေ ပါဝင်ပါတယ်။

အမေရိကန်က ဒဏ်ခတ်အရေးယူထားသူတွေအတွက် ခွင့်ပြုချက်မရဘဲ အကျိုးဆောင်ပေးမယ်ဆိုရင် ဒါဟာ အမေရိကန်ဥပဒေကို ချိုးဖောက်ရာကျနိုင်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနမှာ ဒဏ်ခတ်အရေးယူမှုဆိုင်ရာ အကြီးတန်းအကြံပေးအဖြစ် လုပ်ဆောင်ခဲ့ဖူးသူ Peter Kucik ကပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေးဌာနက မှတ်ချက်ပေးဖို့ ငြင်းပါတယ်။

Ben-Menashe ကတော့ သူ့အနေနဲ့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီကပေးတဲ့ အကျိုးဆောင်ခကို လက်ခံရယူဖို့ အမေရိကန်ဘဏ္ဍာရေးဌာန၊ ပြည်ပပိုင်ဆိုင်မှုကွပ်ကွဲရေးရုံး (OFAC) နဲ့ ကနေဒါအစိုးရတို့ဆီကနေ လိုင်စင်တွေ လိုအပ်မယ်ဆိုတာ ဥပဒေကြောင်းအရ အကြံပြုချက်ရထားပြီး စစ်ဘက်အုပ်ချုပ်ရေးကောင်စီအတွက် အကျိုးဆောင်ပေးခြင်းအားဖြင့် ဥပဒေကို ချိုးဖောက်တာဖြစ်မှာ မဟုတ်ဘူးလို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/lobbyist-to-be-paid-2-million-to-explain-mm-coup-on-behalf-of-junta/5808801.html

မြန်မာစစ်ဘက်အတွက် နိုင်ငံတကာအကျိုးဆောင်အဖွဲ့ ဒေါ်လာနှစ်သန်းနဲ့ ငှားရမ်း မြန်မာစစ်ဘက်အတွက် နိုင်ငံတကာအကျိုးဆောင်အဖွဲ့ ဒေါ်လာနှစ်သန်းနဲ့ ငှားရမ်း Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.