စစ်ကောင်စီခန့် ရဲချုပ်နှင့် အထူးစစ်ဆင်ရေမှူးတဦးကို အမေရိကန်က အရေးယူ





(၂၂-၃-၂၀၂၁)

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေတဲ့ လက်နက်မဲ့အရပ်သားတွေအပေါ် လူသတ်လက်နက်သုံးပြီး အသေပစ်သတ်မှုအတွက် တာဝန်ရှိသူတွေထဲက နောက်ထပ် ၂ ဦးကို အမေရိကန် အစိုးရက စီးပွားရေးဒဏ်ခတ်မှုစာရင်းထဲ ထပ်ထည့်လိုက်ပါတယ်။

အဲဒီ ၂ ဦးကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲချုပ်နဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီးဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နဲ့ အထူးစစ်ဆင်ရေးမှူးတဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးတို့ဖြစ်ပါတယ်။

ဒါ့အပြင် တပ်မ ၃၃ ၊ တပ်မ ၇၇ တို့လည်း အရေးယူတဲ့စာရင်းထဲ ပါတယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ အမေရိကန်ဘဏ္ဍာရေးဌာန ကြေညာချက်မှာဖေါ်ပြထားပါတယ်။

လှိုင်သာယာက ဆန္ဒပြသူ ၃၇ ဦးသေဆုံးမှုအပါဝင် တနိုင်ငံလုံးရှိ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ရေပိုက်နဲ့ထိုးတာ၊ ရော်ဘာကျည်ဆံနဲ့ပစ်တာ၊ မျက်ရည်ယိုဗုံးသုံးတာ၊ ကျည်အစစ်နဲ့ပစ်တာတွေအတွက် သေဆုံးသူ ၁၄၀ ကျော်နေပြီ။ ဒီဖြစ်ရပ်တွေအတွက် ငြိမ်းချမ်းစွာဆန္ဒပြသူကို ပစ်ခတ်ဖို့အမိန့်ပေးတဲ့ ရဲချုပ်သန်းလှိုင်မှာ တာဝန်ရှိတယ်လို့ ကြေညာချက်က ထောက်ပြထားပါတယ်။

တပ်ချုပ် မင်းအောင်လှိုင်အောက်မှာ တာဝန်ယူခဲ့တဲ့ အထူးစစ်ဆင်ရေးမှူး အောင်စိုးကတော့ သူရဲ့ စစ်ဆင်ရေးသုံး ရှေ့တန်းတပ်တွေကို မြို့ထဲခေါ်လာပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လက်နက်မဲ့ အရပ်သားတွေအပေါ် ပစ်မိန့်ပေးတဲ့အတွက် တာဝန်ရှိတယ်လို့ အမေရိကန် ကြေညာချက်က ထောက်ပြထားပါတယ်။

တပ်မ ၃၃ နဲ့ တပ်မ ၇၇ တို့ကတော့ မန္တလေးနဲ့ ရန်ကုန်မှာဖြစ်ခဲ့တဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် သတ်ဖြတ်မှုအတွက် တာဝန်ရှိတဲ့ တပ်မတွေဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ တပ်မ ၃၃ ဟာ ၂၀၁၈ သြဂုတ်လ ၁၇ ကဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှုအပြင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့က မန္တလေးက ဆန္ဒပြသူတွေအပေါ် ကျည်အစစ် သုံးပြီး သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ကြေညာချက်က အတိအကျ ပြောထားပါတယ်။

တပ်မ ၇၇ ကတော့ ရန်ကုန်က သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိပြီး ဒီတပ်ဖွဲ့တွေရဲ့ လူသတ်မှုမှတ်တမ်းကို ဗီဒီယို ထဲမှာ အသေချာကြည့်နိုင်ပါတယ်လို့ အမေရိကန် ကြေညာချက်က ညွှန်းဆိုထားပါတယ်။

“ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် လူသတ်လက်နက်သုံးပြီး သတ်ဖြတ်နေတဲ့ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ် ချက်ခြင်းရပ်ပါ” လို့ ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Andrea M. Gacki က ပြောပါတယ်။

အခုအရေးယူ ဒဏ်ခတ်လိုက်သူတွေနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုအားလုံးကို အမေရိကန် ဘဏ္ဍာရေးဌာနက ထိန်းချုပ် ပိတ်ပင်လိုက်ပြီဖြစ်ပြီး နောက်ထပ် အရေးယူမှုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဆက်လုပ်သွားမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ အာဏာသိမ်းစစ်အစိုးရကိုရှုတ်ချပြီး ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေနဲ့ ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မတရားဖမ်းထားသူတွေကို ချက်ခြင်းပြန် လွှတ်ပါ၊ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ချက်ခြင်းရပ်ပါ၊ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရဆီ အာဏာပြန်အပ်ပါ- လို့ တွစ်တာကတဆင့် သတိပေးထားပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

စစ်ကောင်စီခန့် ရဲချုပ်နှင့် အထူးစစ်ဆင်ရေမှူးတဦးကို အမေရိကန်က အရေးယူ စစ်ကောင်စီခန့် ရဲချုပ်နှင့် အထူးစစ်ဆင်ရေမှူးတဦးကို အမေရိကန်က အရေးယူ Reviewed by THITHTOOLWIN on 06:43 Rating: 5

No comments:

Powered by Blogger.