ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်

အာဏာသိမ်းစစ်ခေါင်းဆောင် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားသမီး နှစ်ဦးအပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံနဲ့ သမီး ခင်သီရိသက်မွန်တို့ဟာ သူတို့ ဖခင်ရဲ့ အရှိန်သြဇာကို သုံးပြီး အကျိုးအမြတ် တိုက်ရိုက် ရယူခံစားခဲ့တဲ့အတွက် သူတို့နှစ်ဦးကို နာမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီး ပိုင်ဆိုင်တဲ့ A & M မဟာ ကုမ္ပဏီလီမိတက်၊ Sky One ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်၊ Yangon Restaurant၊ Yangon Gallery၊ Everfit ကုမ္ပဏီလီမိတက်၊ Seventh Sense ကုမ္ပဏီလီမိတက် အပါအဝင် ကုမ္ပဏီ ၆ ခုကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တွေ့ရာမရှောင် အကြမ်းဖက် ဖြိုခွဲနေတာဟာ လက်ခံနိုင်ဖွယ် မရှိဘူး”လို့ အမေရိကန်အစိုးရရဲ့ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး အန်ဒရီယာ ဂက်ခီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ကလည်း စစ်အာဏာသိမ်း ခေါင်းဆောင်တွေ၊ အကြမ်းဖက် ဖြိုခွဲမှုတွေမှာ တာဝန်ရှိသူတွေ၊ စစ်ခေါင်းဆောင်တွေဆီက ငွေကြေးအကျိုးအမြတ် ခံစားရယူနေသူတွေ တာဝန်ခံမှု ရှိလာရေးအတွက် အမေရိကန် အစိုးရအနေနဲ့ မိတ်ဖက်ကမ္ဘာ့နိုင်ငံတွေနဲ့ ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ Reviewed by THITHTOOLWIN on 07:37 Rating: 5

No comments:

Powered by Blogger.