အမျိုးသမီးသတ္တိရှင်ဆုချီးမြှင့်ပွဲ ကန်သမ္မတကတော် တက်ရောက်

အမျိုးသမီးသတ္တိရှင်ဆုချီးမြှင့်ပွဲ ကန်သမ္မတကတော် Jill Biden တက်ရောက်

မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူ ဒေါ်ဖြိုးဖြိုးအောင် အပါအဝင် ကမ္ဘာတလွှားက လူ့အခွင့်အရေး၊ အမျိုးသမီးတွေ စွမ်းရည်မြှင့်တင်ရေး၊ ကျားမ တန်းတူမှု အရေးကိစ္စတွေမှာ ဦးဆောင်နေကြတဲ့ အမျိုးသမီး ၂၁ ဦးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆုတွေ တနလာင်္နေ့က ချီးမြှင့်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် မြို့တော်မှာ တနလာင်္နေ့ ကျင်းပတဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ မြန်မာနိုင်ငံက ဒေါ်ဖြိုးဖြိုးအောင် ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပါဘူး။ သူဟာဆိုရင် မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ ဓလေ့ ကွဲပြားတဲ့ လူငယ်တွေ ညီညွတ်ရေး ရည်ရွယ်ဆောင်ရွက်နေတဲ့ Wings Institute for Reconciliation ကို ပူးတွဲတည်ထောင်သူ ဖြစ်သလို မြန်မာနိုင်ငံတွင်း ပညာရေး ပြုပြင်ပြောင်းလဲရေး ဆန္ဒပြ တောင်းဆိုခဲ့မှုတွေနဲ့လည်း လူသိများသူ ဖြစ်ပါတယ်။

“တဦးတယောက်တည်းနဲ့ စွမ်းဆောင်နိုင်တဲ့ အရာ မဟုတ်ဘူးဆိုတာကို ခင်ပွန်းဖြစ်သူ သမ္မတ Joe Biden က နားလည်ထားပါတယ်တဲ့။ ရှေ့ဆောင် လမ်းပြကြတဲ့ ကမ္ဘာတလွှားက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ရဲဝံ့ ပြတ်သားစွာ ဦးဆောင် ပံ့ပိုးဖို့ အမေရိကန်တွေက ဆောင်ရွက်မှာ ဖြစ်ပြီး သူတို့နဲ့ အတူ ရပ်တည်သွားမယ်” လို့ သမ္မတ ကတော် Jill Biden နိုင်ငံတကာ အမျိုးသမီး သတ္တိဆုရှင်များ ချီးမြှင့်ပွဲ အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆု ချီးမြှင့်ခံရသူတွေထဲမှာ ၂၀၂၀ ပြည့်နှစ်က လုပ်ကြံခံခဲ့ရသူ အာဖဂန် အမျိုးသမီး ၇ ဦးလည်း ပါဝင်ပါတယ်။ ကျန်တဲ့ သက်ရှိ ထင်ရှား ဆုရှင် ၁၄ ဦးထဲမှာတော့ Belarus ၊ မြန်မာ၊ တရုတ်၊ အီရန်၊ ဆိုမာလီယာ၊ တူရကီနဲ့ ဗင်နီဇွဲလား နိုင်ငံတွေက ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/jill-biden-international-women-of-courage-award-/5806597.html

အမျိုးသမီးသတ္တိရှင်ဆုချီးမြှင့်ပွဲ ကန်သမ္မတကတော် တက်ရောက် အမျိုးသမီးသတ္တိရှင်ဆုချီးမြှင့်ပွဲ ကန်သမ္မတကတော် တက်ရောက် Reviewed by THITHTOOLWIN on 06:39 Rating: 5

No comments:

Powered by Blogger.