မင်းမဲ့စရိုက်ဆန်တဲ့ ရက်စက်နှိမ်နင်းမှုတွေ ကြုံနေရတယ် (ရန်ကုန်ဒေသခံတချို့)

မတ်လ ၆ ရက်နေ့က ဆန္ဒပြသူများကို ရဲ ဖမ်းဆီးနှိမ်နင်းနေ

စစ်အာဏာသိမ်းအပြီး၊ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၆ ခုမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ပစ်ခတ်ဖြိုခွင်းမူတွေပြင်းထန်လာတာကြောင့်၊ ထိတ်လန့်ကြောက်ရွံမူတွေ ကျယ်ကျယ်ပြန့်ပြန့် ခံစားနေကြရပါတယ်။ အများအပြားလည်း နေရာပြောင်းရွေ.ကုန်ကြပြီလို့ မြို.ခံတချို.ကဆိုပါတယ်။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေကနေစပြီး ရန်ကုန်က မြို့တချို့မှာ စစ်အုပ်ချုပ်ရေး စကြေညာကာ ပစ်ခတ်ဖြိုခွဲမှုတွေ များလာတာက မကြုံစဖူးပါပဲလို့ ရန်ကုန်မြို့ခံ ကိုဝင်းတင်က ဆိုပါတယ်။

“ရန်ကုန် တမြို့လုံးမှာ ရှိနေတဲ့ ပြည်သူတွေရဲ့ စိုးရိမ်နေမှုတွေက အရင်ရက်တွေထက်စာရင် ပိုပြီးတော့ မြင့်တက်လာတယ်။ ဒီစစ်ကောင်စီရဲ့ ဖြိုခွင်းမှုတွေက အရင် ကျနော်တို့ ၈၈ ထက်တောင်မှ ပိုပြီးတော့ ပြင်းထန်တယ်လို့ ပြောရမယ့် အနေအထားရှိလာတယ်ဆိုတော့ အခြားမြို့နယ်တွေမှာလည်း အဲဒီလို အခင်းအကျင်းမျိုးတွေကို တွေ့လာတဲ့ အနေအထားတွေရှိတယ်။”

ကိုဝင်းတင်ကပဲ အရင် ၁၉၈၈ ဒီမိုကရေစီအရေး ဖြိုခွဲခဲ့စဉ်ကထက် ပိုပြင်းထန်လာပုံကို

“အခုဟာက အိမ်ထဲကို ဝင်ပြီးတော့ နေမကောင်းတဲ့လူလည်း ပစ်တာပဲ။ သက်ကြီးရွယ်အိုတွေ တွေ့ရင်လည်း ဘာမှ မဆိုင်ပဲနဲ့ ထိုးတာ ကျိတ်တာပဲ ။ နောက်ဆုံး လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေကအစ ထုတာတွေ ခွဲတာတွေဆိုတော့ ကလေးတွေ မိန်းမတွေဆိုရင်လည်း ဒီလိုပဲ အရေးအခင်းဖြစ်နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းရမယ်ဆိုတာထက် ဘောင်ကျော်ပြီးတော့ လုပ်နေတဲ့ အနေအထားမျိုးတွေကို ကျနော်တို့ တွေ့နေရတာပေါ့နော်။ ၈၈ တုန်းကတော့ ကျနော်တို့ ဆန္ဒပြတဲ့လူတွေဆီကို ထွက်ပြေးလို့ လိုက်ရိုက် ပစ်သတ်၊ ဖမ်းပြီးခေါ်လာတာတော့ ရှိတယ်။ အခုဟာကတော့ ဘာမှ မဆိုင်တဲ့ သူ့ဟာသူ ဆိုင်ကယ်နဲ့ ဖြတ်မောင်းတဲ့သူကိုလည်း ခေါ်ပြီး ရိုက်လိုရိုက်၊ ကားနဲ့ ဖြတ်မောင်းသွားတဲ့လူတွေကို ကားပေါ်က ဆွဲပြီး ရိုက်လိုရိုက် အခုက မင်းမဲ့စရိုက်မျိုး လုပ်နေတဲ့ ပုံစံမျိုး တွေ့ရတဲ့အတွက် ရန်ကုန်မြို့နေ လူတွေအနေနဲ့တော့ ဒေါသထွက်တာလည်း ပါတယ်၊ စိုးရိမ်စိတ်တွေ ပိုပြီးတော့ မြင့်တက်နေတာ တွေလည်း ပါတယ်ပေါ့ဗျာ။”

ဒီအပေါ် ရန်ကုန် မြို့ထဲပိုင်းက အမည်မဖော်လိုသူ အငြိမ်းစားဝန်ထမ်း တဦးကလည်း

“လှိုင်သာယာမှာ ကျတော့ အိမ်မှာ လာလုပ်ပေးနေတဲ့ ကောင်မလေးတွေ အိမ်ရှိတယ်လေ။ အဲဒီကောင်မလေးကို မေးကြည့်လိုက်တော့ အမရယ် သေတာမှ အများကြီးပဲတဲ့၊ ရက်ရက်စက်စက် သတ်တာ အမရယ်တဲ့ အိမ်ရှေ့ခန်းမှာ မနေရဲဘူး နောက်ဖေးချောင်ထဲမှာ ဝပ်နေရတယ်တဲ့ အကုန်လုံး မီးအမှောင်ချပြီးတော့တဲ့ ။ နောက်ပြီးတော့ သူတို့တွေက စက်ရုံတွေ ဘာတွေကို မီးရှို့ ၊ ရှို့ပြီးလို့ရှိရင် လူတွေကတော့ ကြည့်နေတာ သူတို့ကို ၊ အဲဒါ သူတို့က လူတွေက ရှို့တယ်ဆိုပြီးတော့ လုပ်တယ်တဲ့ အဲဒါလည်း သူတို့ ပြောတယ်။ သူတို့ကလေ ဒီမှာလည်း မြို့ထဲမှာ ဆိုရင်လည်း ၀ရံတာက ထွက်ကြည့်ရင် ခေါင်းပြူထွက်ရင် သေနတ်နဲ့ ထောင်ပစ်တဲ့ အကောင်တွေက ပြောတာနော်၊ခေါင်းပြူရင် ခေါင်းကို ပစ်သတ်မယ် အဲဒီလို ပြောတာ သိလား။”

အခုလို ခြိမ်းခြောက် ပစ်ခတ်မှုတွေ မြင့်မားလာတာကြောင့် ကြောက်ရွံ့မှုတွေ များလာတဲ့ အကျိုးဆက်ကိုလည်း ကိုဝင်းတင်က

“တချို့ အိမ်တွေဆိုရင် ဘာမှ မဆိုင်ပဲနဲ့ကို ပြောင်းပြေးတာတွေ ၊ ဒီလူတွေရဲ့ စည်းမဲ့ ကမ်းမဲ့ ဥပဒေရဲ့ လုပ်ရပ်တွေကို အရမ်းစိုးရိမ်ပြီးတော့ အကြောက်တရားတွေ များပြီးတော့ ကိုယ့်နေရာကနေ အခြားရွာတွေကို ပြောင်းပြေးကြတာတွေ ၊ နယ်တွေကို ပြောင်းပြေးကြတာတွေ ရှိတယ်။ အများကြီးပေါ့ လှိုင်သာယာတင်မဟုတ်ပါဘူး။ ကျနော် တို့ဒီဘက် ကျောက်တံတား၊ ပဘဲတန်း ၊ လသာ ၊ ဗဟန်းတို့ အဲဒီလို ဘက်တွေမှာတောင်မှ တချို့ ပြောင်းကုန်တာရှိတယ်။ တာမွေမြို့နယ်မှာဆိုရင် မိသားစု အနည်းဆုံးမရှိဘူးဆိုရင် ၁ သောင်းကျော်လောက် ပြောင်းသွားတယ်။”

အငြိမ်းစားဝန်ထမ်းအမျိုးသမီးကလည်း

“ဒီမြို့ထဲမှာနေတော့ ကြောက်တာပေါ့၊ ကြောက်တော့ တချို့အိမ်တွေက ဒီတိုက်ဆိုရင် တချို့တွေက သူတို့ကားတွေနဲ့ သူတို့နဲ့ အသိကျွမ်းတဲ့ တချို့မြို့တွေကိုသွားတယ်။ ဒီတိုက်မှာဆိုရင် လူမရှိတော့ဘူး သိပ်ပြီးတော့။ စမ်းချောင်းက အမျိုးတွေလည်းကြောက်တာပဲ အသက် ၈၀ ကျော်ကြီးတွေ အခု မနေရဲတော့ဘူး ။ သူတို့ကလည်း သုဝဏ္ဏကို သွားတယ် ။ ညလည်း ကောင်းကောင်းမအိပ်ရဘူး။ သူတို့ကလေ လှည့်တော့ လှည့်နေတာပဲ စစ်ကားတွေနဲ့ အခု ဒီနေ့ လှည့်တော့ တံခါးကနေ ချောင်းကြည့်လိုက်တာလေ လမ်းမပေါ်ကိုပေါ့နော် ရွှေတံဂုံ ဟိုဘက်ဒေါင့်နားက Junction ရှိတဲ့ Mytel ရုံးက မှန်တွေကို သူတို့က သေနတ်နဲ့ ပစ်သွားတာ Junction နားမှာက သပိတ်က အမြဲတမ်းရှိတာကို ။ အဲဒါကို လူထုက မြင်တယ် သူတို့ ပစ်တာကို။”

အခုလို အချိန်မှာ လူလုပ်တဲ့ လူထုကပ်ဘေးဆိုးကြီးကို ဦးတည်လာမှာ စိုးရိမ် နေရပြီလို့ သုံးသပ်သူတွေက ဆိုနေပါတယ်။


၀င်းမင်း/ VOA Burmese

https://burmese.voanews.com/a/myanmar-police-crackdown-/5818644.html

မင်းမဲ့စရိုက်ဆန်တဲ့ ရက်စက်နှိမ်နင်းမှုတွေ ကြုံနေရတယ် (ရန်ကုန်ဒေသခံတချို့) မင်းမဲ့စရိုက်ဆန်တဲ့ ရက်စက်နှိမ်နင်းမှုတွေ ကြုံနေရတယ် (ရန်ကုန်ဒေသခံတချို့) Reviewed by THITHTOOLWIN on 06:41 Rating: 5

No comments:

Powered by Blogger.