မြန်မာ့အရေးတရုတ်ကကြားဝင်လိုကြောင်းပြောဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်းယီက မတ်လ ၇ ရက်အစည်းအဝေးမှာ သတင်းထောက်တွေရဲ့မေးခွန်းကို ဗီဒီယိုနဲ့ဖြေကြား

မြန်မာနိုင်ငံမှာ နောက်ထပ် သွေးထွက်သံယိုမှုနဲ့ ပဋိပက္ခတွေ မဖြစ်ပွားအောင်ကာကွယ်ရေးဟာ အမြန်ဆုံးဦးစားပေးလုပ်ဆောင်ရမဲ့ အလုပ်ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်ကောင်စီ၀င်၀မ်းယီက မတ်လ ၇ ရက် တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံနှစ်ပတ်လည် ပါလီမန်အစည်းအဝေးရဲ့ သီးခြားဘေးအစည်းအဝေးမှာ သတင်းထောက်တွေကို နိုင်ငံခြားရေးဝန်ကြီး ဝမ်းယီက ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်ကြတဲ့ ဘက်ပေါင်းစုံအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်းဆောင်ရွက်ကြပြီး ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းရာမှာလည်း နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး ဥပဒေနဲ့အညီဆောင်ရွက်ဖြေရှင်းကြဖို့ မျှော်လင့်ကြောင်းလည်း မစ္စတာဝမ်းယီကပြောပါတယ်။

မြန်မာနိုင်ငံမှာ တင်းမာနေတဲ့ အခြေအနေကို ပြေလျော့နိုင်ရေးအတွက် ဘက်ပေါင်းစုံက ခေါင်းဆောင်တွေအကြားမှာ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးချင်တယ်လို့လည်း ဆိုပါတယ်။ အဲသလို ကြားဝင်ဆောင်ရွက်တဲ့အခါ မြန်မာရဲ့ အချုပ်အချာ အာဏာပိုင်မှုနဲ့ မြန်မာနိုင်ငံသားတွေရဲ့ လိုလားချက်ကို လေးစားစွာနဲ့ လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။

မန္တလေးမြို့မတ်လ ၃ ရက်ပစ်ခတ်ဖြိုခွဲမှုအတွင် တရုတ်နွယ်ဖွားလူငယ်တဦးသေဆုံးခဲ့

မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံအများစုက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

တရုတ်နိုင်ငံအနေနဲ့ကတော့ ဝေဖန်ရှုတ်ချတာမျိုး မပြောဆိုဘဲ သတိနဲ့ပြောဆိုမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ရော မြန်မာစစ်တပ်နဲ့ပါ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောခဲ့ပါတယ်။ အခုမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ တရုတ်နိုင်ငံအနေနဲ့ မြင်တွေ့လိုတဲ့အခြေအနေတွေမဟုတ်ပါဘူးလို့လည်း ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှာကို တရုတ်နိုင်ငံအနေနဲ့ ကြိုတင်သိရှိမထားခဲ့ဖူးလို့လည်း ငြင်းဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်တာမျိုးတော့မလုပ်ပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကတောင်းဆိုချက်ကိုတော့ တရုတ်နိုင်ငံကလည်း သဘောတူပူးပေါင်းပါဝင်ခဲ့ပါတယ်။

၂၀၂၀ ခုနိုဝင်ဘာလ ၂၀ ရက်နေ့က မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်းယီရောက်ရှိစဥ်

မြန်မာနိုင်ငံမှာ အခြေအနေ ဘယ်လိုအပြောင်းအလဲတွေဖြစ်စေကာမူ တရုတ်မြန်မာဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်မယ်ဆိုတဲ့ တရုတ်ရဲ့ သန္နိဋ္ဌာန်ကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်း မစ္စတာဝမ်းယီက ဆိုပါတယ်။ ဒါဟာ တရုတ်နိုင်ငံအနေနဲ့ တသမတ်တည်းကိုင်စွဲထားတဲ့ မူဝါဒလည်း ဖြစ်ပါတယ်။ တရုတ်ဟာ ဘယ်အစိုးရပဲတက်တက် မြန်မာအစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားဆောင်ရွက်လေ့ရှိပါတယ်။

မြန်မာနိုင်ငံအတွင်းမှာတော့ တရုတ်အပေါ်သံသယဝင်သူအများအပြားရှိကြပါတယ်။ လွန်ခဲ့တဲ့ စစ်အစိုးရကာလများအတွင်း အနောက်နိုင်ငံတွေက စစ်အစိုးရကို ဝေဖန်အပြစ်တင်တဲ့ အခါတိုင်းမှာ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့က စစ်အစိုးရဘက်က ကာကွယ်လေ့ရှိကြတာကြောင့် တရုတ်အပေါ်သံသယဝင်လေ့ရှိကြပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56314132

မြန်မာ့အရေးတရုတ်ကကြားဝင်လိုကြောင်းပြောဆို  မြန်မာ့အရေးတရုတ်ကကြားဝင်လိုကြောင်းပြောဆို Reviewed by THITHTOOLWIN on 23:41 Rating: 5

No comments:

Powered by Blogger.