မင်္ဂလာဒုံမှာ စစ်တပ်နဲ့ရဲက ရပ်ကွက်ထဲဝင်ပစ်လို့ ကင်းစောင့်နေသူ လူ ၂ ဦး သေဆုံး ရုပ်အလောင်းတစ်လောင်း ယူဆောင်သွား






မတ် - ၁၂-၂၀၂၁

မင်္ဂလာဒုံမြို့နယ်၊ မြသီတာရပ်ကွက်မှာ မနေ့ မတ်လ ၁၁ ရက် ည ၁ နာရီကျော်ခန့်က စစ်တပ်နဲ့ရဲက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ကင်းစောင့်နေတဲ့ ရပ်ကွက်နေ အမျိုးသား ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူကနေ သိရပါတယ်။

သေဆုံးသူ ၂ ဦးဟာ မြသီတာရပ်ကွက်နေ ဦးကျော်ဇင်လတ်(ခေါ်) ဦးရှည်ကြီးနဲ့ ဦးဇော်မင်းထွန်းတို့ ဖြစ်ပါတယ်။

ပစ်ခတ်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူက "ညက ၁ နာရီလောက်မှာ သေနတ်သံကြားတော့ ကင်းသမားတွေက ရဲတွေဆိုတာကို ပုန်းပြီးအချက်ပြတယ်။ အဲ့မှာ သူတို့ကတံခါးတွေ အတင်းရိုက်ဖွင့်တယ်၊ လူရိပ်တွေ့တာနဲ့ ပစ်တော့တာပဲ။ တံခါး၂ ချပ်နဲ့ ပိတ်ထားတာကို ပထမတံခါးကို သူတို့က ရိုက်ဖွင့်ကြပါတယ်။ အဲ့ဒါခု ရင်ဘတ်ထိတဲ့အကိုက ဒုတိယတံခါးနားကနေ ထိသွားတာပါ။ နောက်တစ်ယောက်က ခြေထောက်ထိလို့ပုန်းတာကို ထပ်ပစ်ပြီးခေါ်သွားတယ်။ အသက်၁၇ ကောင်လေးလည်း ခေါင်းနောက်ကို ရော်ဘာကျည်ထိပါသေးတယ်။ ဒါပေမယ့်ခုကတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ စစ်ကောင်စီကခန့်တဲ့ ဥက္ကဌအပါ ဒလန်တွေက ခုလှုပ်ရှားသူတွေကို ဖမ်းဖို့သတင်းပေးပြီး ဖမ်းခိုင်းတာလို့ သိရပါတယ်"လို့ ပြောပြပါတယ်။

ဦးဇော်မင်းထွန်း ကိုတော့ ညကတည်းက ပစ်ခတ်ပြီး ခေါ်ဆောင်သွားခဲ့ကာ ရုပ်အလောင်းကို ရင်ခွဲရုံမှာ လာရောက်ထုတ်ယူဖို့ ပြောဆိုကြောင်းနဲ့ လက်ရှိနေအိမ်မှာ ကျန်ခဲ့တဲ့ ဦးရှည်ကြီးရဲ့ ရုပ်အလောင်းကိုလည်း စစ်တပ်က လာတောင်းနေတယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးခဲ့တဲ့အပြင် ရာဘာကျည်ထိမှန်လို့ ထိခိုက်ဒဏ်ရာရခဲ့သူ ၅ ဦးလည်းရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ကိုကျော်ဇင်လတ်(ခေါ်)ကိုရှည်ကြီးမှာ မိန်းမနဲ့သားတယောက်၊ သမီးတယောက်ကျန်ခဲ့ပြီး နောက်ထပ်သေဆုံးသူ ကိုဇော်မင်းထွန်းမှာလည်း မိန်းမနဲ့ လူမမယ်ကလေးတစ်ဦး ကျန်ခဲ့တယ်လို့ သိရပါတယ်။

မနေ့ မတ်လ ၁၁ ရက်နေ့ တရက်တည်းမှာ စစ်တပ်နဲ့ရဲက ပစ်ခတ်လို့ မြန်မာနိုင်ငံအနှံ့ သေဆုံးသူ ၁၅ ဦးနီးပါး ရှိခဲ့ပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မင်္ဂလာဒုံမှာ စစ်တပ်နဲ့ရဲက ရပ်ကွက်ထဲဝင်ပစ်လို့ ကင်းစောင့်နေသူ လူ ၂ ဦး သေဆုံး ရုပ်အလောင်းတစ်လောင်း ယူဆောင်သွား မင်္ဂလာဒုံမှာ စစ်တပ်နဲ့ရဲက ရပ်ကွက်ထဲဝင်ပစ်လို့ ကင်းစောင့်နေသူ လူ ၂ ဦး သေဆုံး ရုပ်အလောင်းတစ်လောင်း ယူဆောင်သွား Reviewed by THITHTOOLWIN on 20:08 Rating: 5

No comments:

Powered by Blogger.