အကြမ်းဖက်နှိမ်နင်းမှုကြောင့် ကလေးများသေဆုံးရမှု ကုလအတွင်းရေးမှူးချုပ် အထူးစိုးရိမ်

အသက်၁၆အရွယ် ၁၀တန်းကျောင်းသား အောင်ကောင်းထက်ရဲ့ ဈာပန အခမ်းအနား

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းရာက အသက် ၇ နှစ်အရွယ် ကလေးတဦး အပါအဝင် ထိခိုက်သေဆုံးမှုတွေ တိုးလာနေတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ထပ်မံသတိပေး နေပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းတဲ့ လုပ်ရပ်တွေကိုရပ်ဖို့ တိုက်တွန်းနေတဲ့ ကြားမှာပဲ နိုင်ငံအဝန်း သေကျေထိခိုက်မှု သတင်းတွေလည်း ဆက်လက် ထွက်ပေါ်နေတာကြောင့် နိုင်ငံတကာက စိုးရိမ်နေကြတာပါ။ ဒီအကြောင်း မမြသဇင်အောင်က ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေကို အင်အားသုံးနှိမ်နှင်းတာကြောင့် သေဆုံးရတဲ့အထဲ ကလေးငယ်တွေလည်း ပါဝင်နေတဲ့အပေါ် အလွန်စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ပြောပါတယ်။

“ကျည်အစစ် အသုံးပြုတာ အပါအဝင် ကလေးငယ်တွေ အပေါ် ဆက်လက်ပြီး အင်အားသုံးနှိမ်နင်းနေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေ မလုပ်ကြဖို့နဲ့ ကလေးတွေနဲ့ လူငယ်တွေ အန္တရာယ်မဖြစ်အောင် ဆောင်ရွက်ဖို့လည်း ထပ်မံတောင်းဆိုလိုက်ပါတယ်။”

ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ UNICEF စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဆန္ဒပြပွဲအင်အားသုံး ဖြိုခွဲတာတွေကြောင့် ကလေးငယ် အနည်းဆုံး ၂၃ ယောက် သေဆုံးခဲ့ရပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရသူ ၁၁ ယောက်ရှိကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရ Farhan Haq ကပြောပါတယ်။

မနေ့တုန်းက မန္တလေးမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ၇ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ရတဲ့အတွက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် အင်အားသုံးနှိမ်နှင်းရာက သေဆုံးခဲ့ရသူတွေထဲ အသက်အငယ်ဆုံး လည်း ဖြစ်ခဲ့ပါတယ်။ ၇ နှစ်အရွယ် ကလေးငယ်ဟာ အိမ်ထဲမှာ ဖခင်ဖြစ်သူနဲ့အတူ ရှိနေတုန်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာလို့လည်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက သတင်းမီဒီယာတွေကို ပြောပါတယ်။

တနင်္လာနေ့တုန်းကလည်း မန္တလေး ဆင်ခြေဖုံး ရပ်ကွက်က အသက် ၁၄ နှစ် အရွယ် ယောကျင်္ားလေး တဦး ကျည်ထိ သေဆုံးခဲ့ရပါတယ်။ မန္တလေးမှာ ဒီရက်ပိုင်းအတွင်း ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်နေလို အသက် ၂၀ ကျော်လူငယ်တွေလည်း ပါဝင်ပါတယ်။

မန္တလေး မြရည်နန္ဒာအိမ်ယာက လူနေအိမ်တွေကို တနင်္လာနေ့က ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ် မောင်ထွန်းထွန်းအောင် ကို သေနတ်ထိမှန်သေဆုံးခဲ့ရတာပါ။ ကလေးငယ်က ဆန္ဒပြသူတွေထဲပါဝင်တာ မဟုတ်ဘဲ အိမ်မှာနေရင်း သေနတ်ထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။

“ကလေးက တံခါးပေါက်လေး ပိတ်မလို့လေ ၊ ကျနော်ယူကျုံးမရဘူးလေ။ ကလေးလေးက စနေသားလေးပါနော်။ ငါ့သားငယ်ပါသေးတယ် ငါ့သားလိုက်ချင်ရင် အမေက သေတဲ့ အရွယ်ရောက်မှ လက်ခုပ်တီး အားပေးမယ်လို့ ငါသားရေ နိုင်ပါစေလို့။ သားအမိ ၂ ယောက် နှမြှောတယ် ပြောနေတာ။ငါရင်ကျိုးလို့ ပြောနေတယ်၊ ငယ်ပါသေးတယ်လို့ ပြောတာ။”

မန္တလေးမြို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်နေတာကြောင့် နေ့စဉ်လူသေဆုံးမှုတွေ ဖြစ်ပေါ်နေပြီး မနေ့တုန်းက တရက်ထဲ မှာ ၄ ယောက်သေဆုံးပြီး သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်လာတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက ဗွီအိုအေကို ပြောပါတယ်။

“၁၂ နှစ် ကလေးမလေးတယောက်က ကားနဲ့ပို့နေရင်း ကားပေါ်မှာပဲသေသွားတယ်။ ပြီးရင် လဖက်ရည်ဆိုင်ပေါ့နော် သီဟမင်းလားမသိဘူး အဲ့လဖက်ရည်ဆိုင်က ကောင်လေးက သူတို့တွေ လာလို့ဆိုပြီး ယင်းလိတ်တံခါးကို ဆွဲချလိုက်တဲ့အချိန်မှာ အဲ့ယင်းလိတ်တံခါးကို ပစ်လိုက်တဲ့ဟာက နဖူးကို ဒိုးယိုပေါက်သွားပြီး ဆုံးသွားတယ်။ အခု ၃ ယောက်ရယ် မနက်က ဒီဘက်မှာ တယောက်သေသွားသေးတယ်”

နေပြည်တော်မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆန္ဒပြပြည်သူတွေဘက်က အကြမ်းဖက်လုပ်ရပ်တွေကြောင့် အင်အားသုံးနှိမ်နှင်းရတာ ဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ အင်္ဂါနေ့က စာရင်းအရ လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူအဖြစ် အတည်ပြုနိုင်သူ ၂၆၀ ကျော်ရှိကြောင်း ပြောဆိုထားပြီး၊ လက်တွေ့မှာ ဒီထက် ပိုများနိုင်တယ်လို့လည်း ပြောပါတယ်။

နိုင်ငံတကာ ပရဟိတ အဖွဲ့အစည်းတခုဖြစ်တဲ့ Save the Children အဖွဲ့ကလည်း မန္တလေးမြို့မှာ ၇ နှစ်အရွယ် ကလေးတဦး အပါအဝင် ကလေးငယ်တွေ သေဆုံးမှုတွေ တိုးလာနေတဲ့အပေါ် အင်္ဂါနေ့မှာပဲ သတိပေးလိုက်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာ နောက်ထပ် သေဆုံးတဲ့ ၃ ဦး အပါအဝင် အခုဆိုရင် ကလေးငယ် ၂၀ ကျော် သေဆုံးပြီး၊ ၁၇ ယောက်ထက် မနည်းဟာလည်း ဖမ်းဆီးခံထားရကြောင်းလည်း ပြောပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် သေဆုံးရသူတွေထဲမှာ ကလေးငယ်တွေ ပါဝင်နေတာကို ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့နေရကြောင်းလည်း အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ Save the Children အဖွဲ့က ပြောဆိုထားပါတယ်။ 


မြသဇင်အောင်/ VOA Burmese

https://burmese.voanews.com/a/myanmar-children-and-teenager-killed-during-the-crack-down-/5825885.html

အကြမ်းဖက်နှိမ်နင်းမှုကြောင့် ကလေးများသေဆုံးရမှု ကုလအတွင်းရေးမှူးချုပ် အထူးစိုးရိမ် အကြမ်းဖက်နှိမ်နင်းမှုကြောင့် ကလေးများသေဆုံးရမှု ကုလအတွင်းရေးမှူးချုပ် အထူးစိုးရိမ် Reviewed by THITHTOOLWIN on 07:39 Rating: 5

No comments:

Powered by Blogger.