လှိုင်သာယာမြို့နယ်တွင်း ပစ်ခတ်ဖမ်းဆီးမှုများ ဆက်ရှိနေ

မတ်လ ၁၄ ရက်နေ့ လှိုင်သာယာမြို့နယ်တွင်း ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၁၄၊ ၂၀၂၁)

အာဏာရှင်စနစ် ကျဆုံးရေး ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲပါဝင်တဲ့ လက်နက်ကိုင်တွေဘက်က ပစ်ခတ်အကြမ်းဖက်တာတွေရှိပေမဲ့ ဒီကနေ့မှာ ဆန္ဒပြပွဲတွေ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက် ပြုလုပ်နေကြဆဲပါ။ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲတဲ့နေရာမှာ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူတွေ အများအပြားရှိလာတဲ့အထဲ မနေ့ကနဲ့ ဒီကနေ့မှာ လှိုင်သာယာမြို့နယ်တွင်းက ပြည်သူတွေကို အဓိကထား အကြမ်းဖက်နေတာပါ။ ဒီအကြောင်း အပြည့်အစုံကိုတော့ မဆုမွန်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ရက်ပေါင်း ၄၃ ရက် ကြာခဲ့ပါပြီ။ ၁ လခွဲနီးပါး ရှိလာတဲ့ အာဏာသိမ်းထားတဲ့အချိန်အတွင်းမှာ အကြမ်းဖက်ဖြိုခွဲ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေလည်း ရာနဲ့ချီရှိလာပါပြီ။ မတရား အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ဆန္ဒပြမှုတွေကတော့ အကြမ်းဖက်ပစ်ခတ်မှုတွေကြားထဲမှာ ဆက်ရှိနေဆဲပါ။

အခြေခံလူတန်းစားတွေနဲ့ အလုပ်သမားအင်အားစု အများဆုံးနေထိုင်ရာ လှိုင်သာယာမြို့နယ်က သပိတ်တွေကို မနေ့တုန်းက စပြီး စစ်တပ်နဲ့ ရဲအင်အား အများအပြားသုံးပြီး လက်နက်ကိုင်တွေဘက်က ပစ်ခတ်အကြမ်းဖက်လာပါတော့တယ်။ အဲဒီပစ်ခတ်မှုတွေကြောင့် မနေ့က တရက်တည်းမှာတင် သေဆုံးသူ ၅၀ ထက်မနည်း ရှိခဲ့တာပါ။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကယ်ထုတ်ပေးနေတဲ့ လူမှုကူညီရေးအသင်းတွေကိုလည်း လက်နက်ကိုင်တွေဘက်က တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

"မနက်ကတော့ ၁၀ နာရီ - ၁၁နာရီ ဝန်းကျင်လောက်မှာ ၁ ထိပ် အောင်ဇေယျတံတားဘက်မှာ စစ်ကားအလုံးအရင်းနဲ့ ဆန္ဒပြတဲ့အဖွဲ့တွေကို ဖြိုခွင်းပြီးတော့ ရပ်ကွက်ထဲထိ ဝင်ပြေးတဲ့သူတွေကို ရပ်ကွက်ထဲတွေထိ လိုက်ဖမ်းနေတယ်။ ကျနော်တို့ကလည်း ဒီနေ့လူနာသယ်တဲ့အလုပ်တောင် ရပ်ထားရတယ်ဗျ။ မနေ့ကလည်း ကျနော်တို့ဘက်က ထိတာတွေရှိတော့။ ရပ်ကွက်ထဲတွေကတော့ ၇ နာရီလောက်ဆိုရင်တော့ ဘယ်လိုပြောမလဲ... လုံးဝအရေးအခင်း ပုံစံမျိုးပဲ။ ဟိုဘက်လမ်း၊ ဒီဘက်လမ်းတောင် ကူးသွားလို့မရတဲ့ အခြေအနေမျိုး၊ ညဘက်ဆို ကင်းတွေလှည့်တယ်။ ညကတော့ မီးခွက်ဈေးနားမှာ ၉ နာရီ - ၁၀ နာရီလောက်ထိ ပစ်တယ်။ ၈၆ ဂိတ်ဟောင်းဘက်မှာရော ၁၀ နာရီ - ၁၁ နာရီလောက်ထိ လုံးဝညဥ့်နက်တဲ့အထိကို ပစ်နေတာ။"

အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာပြင်းထန်သူ များခဲ့တဲ့ လှိုင်သာယာမြို့နယ်ကို လုံခြုံရေးတရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်အောင် ဆောင်ရွက်စေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးထုတ်ပြန်တဲ့အထဲ လှိုင်သာယာအပြင် ရွှေပြည်သာနဲ့ မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်းမြို့နယ် အပါအဝင် တောင်ဒဂုံနဲ့ မြောက်ဒဂုံတို့ကိုပါ ထပ်တိုးလိုက်ပါတယ်။

မနေ့တုန်းက ကျဆုံးသူများခဲ့တဲ့ လှိုင်သာယာမြို့နယ်ကို ဒီကနေ့မှာလည်း မနက်အစောပိုင်းကတည်းက အင်အားသုံးဖြိုခွဲတာတွေ ရှိခဲ့ပါတယ်။ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒီကနေ့မှာလည်း သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိနေပြီး သူတို့တွေကို ကယ်ထုတ်နိုင်ဖို့က အခက်အခဲရှိနေတယ်လို့ လူမှုကူညီရေးအသင်းတဖွဲ့က ပြောပါတယ်။

"လူနာတွေက ဖုန်းတွေဆက်တယ်ဗျ၊ ကျနော်တို့မှာလည်း စိတ်မကောင်းရုံက လွဲပြီး ဘာမှလုပ်ပေးလို့ မရဘူးဖြစ်နေတယ်။ ရှေ့မှာလည်း သူတို့က တံတားပေါ်ကနေ ဝိုင်းထားတာ Sniper တွေနဲ့ လှမ်းပစ်နေတာ၊ အခု လူနာ ၂ ယောက် - ၃ ယောက်လောက်က အခုလက်ရှိ သာယာကုန်းရွာထဲမှာ ကျည်ထိထားတာ ထုတ်လို့မရဘူးဖြစ်နေတယ်ဗျ။ အခု သူတို့ကလည်း အကူအညီတောင်းတာ ကျနော်တို့ကလည်း ထုတ်ပေးလို့မရဘူးဗျာ။ သွားလို့ကို မရတာ။ မနေ့ကတော့ မြို့နယ်ကြက်ခြေနီကား ပစ်ခံရတယ်ဗျ။ ကျနော်တို့ကားတွေလည်း မှန်ကွဲတဲ့ကားတွေကွဲလည်း ရသလောက်တော့ လုပ်ပေးတယ်ဗျ။ ဒီနေ့ဖြစ်နေတာကျတော့ လုံးဝထွက်ကောက်လို့ မရတဲ့အနေအထား ဖြစ်နေတယ်။ ဘာမှလုပ်လို့မရဘူး၊ ကြိုးတံတားပေါ်ကနေကို စီးထားတာ၊ ဘယ်လူမှ ဝင်လာလို့မရဘူးဖြစ်နေတယ်။"

ဒီကနေ့ ပစ်ခတ်မှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရသူစာရင်းအတိအကျတော့ မသိရသေးပါဘူး။

ဆန္ဒပြလူထုကို အကြမ်းဖက်ဖြိုခွဲမယ့် စစ်တပ်နဲ့ ရဲအင်အားတွေ ရောက်မလာနိုင်ဖို့ လှိုင်သာယာမြို့နယ်နဲ့ ချိတ်ဆက်ထားတဲ့ အောင်ဇေယျ ကြိုးတံတားနဲ့ ဘုရင့်နောင်တံတားအနီးက ရပ်ကွက်နေပြည်သူတွေ အကာအရံတွေ တားဆီးခဲ့ပေမဲ့ ဒါတွေကို လက်နက်ကိုင်တွေဘက်က မီးရှို့ဖျက်စီးခဲ့ပါတယ်။ စစ်တပ်နဲ့ ရဲတွေဘက်က အသံဗုံး၊ ရာဘာကျည်နဲ့ ကျည်အစစ်တို့ကို အသုံးပြုပြီး လက်နက်ကိုင်အကြမ်းဖက်နေကြသလို၊ ပြည်သူတွေဘက်ကလည်း သူတို့လိုလားတဲ့ ဒီမိုကရေစီရရှိရေး၊ အာဏာရှင်စနစ် ပျက်သုဉ်းရေးတို့အတွက် ပြည်သူအချင်းချင်း အင်အားသုံးပြီး ဆက်လက်ဆောင်ရွက်နေကြပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/hlaing-thar-yar-military-coup-protester-arrest/5814741.html

လှိုင်သာယာမြို့နယ်တွင်း ပစ်ခတ်ဖမ်းဆီးမှုများ ဆက်ရှိနေ လှိုင်သာယာမြို့နယ်တွင်း ပစ်ခတ်ဖမ်းဆီးမှုများ ဆက်ရှိနေ Reviewed by THITHTOOLWIN on 20:36 Rating: 5

No comments:

Powered by Blogger.