မကွေးတိုင်း ထီးလင်း ရဲပစ်ခတ်လို့ လူငယ်တဦး ပွဲချင်းပြီးသေဆုံး

စိတ်မချမ်းမွေ့ဖွယ် မြင်ကွင်းများ ပါရှိပါတယ်။ မကွေးတိုင်း ထီးလင်း ရဲပစ်ခတ်မှု အတွင်း ဒဏ်ရာရှိမှု။ (ဓာတ်ပုံ စည်သူအောင်) ၀၃-၀၇-၂၀၂၁

မကွေးတိုင်း ထီလင်းမြို့မှာ တနင်္ဂနွေနေ့ ညပိုင်း ၁၀ နာရီ ဝန်းကျင်အတွင်း ရဲစခန်းရှေ့ ဆန္ဒပြ တောင်းဆိုတဲ့ လူအုပ်ကို ရဲက ပစ်ခတ် လူစုခွဲတာကြောင့် အသက် ၂၃ နှစ် အရွယ် ကိုအောင်မြတ်လင်း သေနတ်ကျည် ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ရဲက ဖမ်းသွားတဲ့ လူငယ် တဦးကို ပြန်လွှတ်ပေးရေး ဒေသခံ ၂၀၀ လောက်က ရဲစခန်း အနီး လမ်းပေါ်မှာ စုဝေး တောင်းဆိုတာမှာ ပစ်ခတ်ခံရတာ ဖြစ်ကြောင်း ကိုယ်တိုင် မျက်မြင်တွေ့သူ ကိုစည်သူအောင်က ဗွီအိုအေကို ပြောပါတယ်။

ကိုစည်သူအောင်။ ။ ရှိတယ်ဗျ။ ကျနော့်ရှေ့တင် ဖြစ်တာဗျ။

သိင်္ဂ ီထိုက်။ ။ ဘယ်လို ဖြစ်ပါလဲရှင်။

ကိုစည်သူအောင်။ ။ ကျနော်တို့ လူငယ်လေးထဲက ကောင်လေး တယောက်ကို ရဲက လာဆွဲတာ ခင်ဗျ။ ကိုအောင်ကောင်းမြတ်ဆိုတဲ့ တယောက်ကို။ ရဲက ဝင်ဖမ်းသွားတော့ ကျနော်တို့ လူထုကနေ မခံရပ်နိုင်တော့ ဆရာတော်ဆီမှာ လျှောက်တယ်။ အဲမှာ ဆရာတော်နဲ့ မြို့နယ်မှူးတွေနဲ့ ညှိတယ်။ တရားသူကြီးနဲ့ ညှိတယ်။ အဲမှာ တရားသူကြီးနဲ့ ညှိတော့လည်း သူတို့က ပြန်လွှတ်မပေးဘူး။ ပြန်လွှတ်မပေးတော့ လူထုက ရဲစခန်းရှေ့ကို ထွက်ပြီးတော့ အင်အား ၂၀၀ လောက် ရှိမယ်ဗျ။ အဲဒီမှာ ကိုအောင်ကောင်းမြတ်ကို ပြန်လွှတ်ပေးရေး ဆိုပြီး သွားအော်တယ်။ အဲဒီမှာ လူစု ခွဲခိုင်းတယ်။

ပထမ တခါ အသံဗုံးရယ် မျက်ရည်ယိုဗုံးရယ် သုံးတယ် ခင်ဗျ။ မီးရှုးပစ်တယ် ခင်ဗျ။ ပစ်ပြီးရင် ကျည် အစစ်တွေနဲ့ပါ ပစ်တော့တာ ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာ ရသူတွေ ရှိပါသလား။

ကိုစည်သူအောင်။ ။ တယောက်က ပွဲချင်းပြီး သေသွားတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ တယောက်ဆိုတာက ဘယ်သူပါလဲရှင့်။

ကိုစည်သူအောင်။ ။ အောင်မြတ်လင်း ခင်ဗျ။ အသက်က ၂၃ နှစ် ခင်ဗျ။ ထန်းပင်ကုန်း ရွာက ခင်ဗျ။ ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာက။

သိင်္ဂ ီထိုက်။ ။ ပွဲချင်းပြီး သေတယ်ဆိုတာက ဆေးရုံကို ပို့ပြီး သိတာလား။ ဘယ်လို သိပါလဲ။

ကိုစည်သူအောင်။ ။ ကျနော်တို့ အဖွဲ့ ကိုယ်တိုင် သယ်လာတာ ခင်ဗျ။ ဆေးရုံကလည်း သိတဲ့ အတိုင်း ဖွင့်မထားဘူး။ ဆေးရုံက CDM မလုပ်တဲ့ ဆရာမတွေကလည်း ထွက်မလာဘူး။ အဲဒါကြောင့် ကျနော်တို့က အပြင်မှာ ရှိတဲ့ ဆရာမတွေနဲ့ ဘုန်းကြီးကျောင်းကို သယ်သွားရတာ ခင်ဗျ။ ဘုန်းကြီးကျောင်းရောက်တော့ အသက် မပါတော့ဘူးခင်ဗျ။ လမ်းပေါ်မှာတင် သေတာ ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ဘယ်လို ထိမိပါသလဲရှင့် သူ့ကို။

ကိုစည်သူအောင်။ ။ နှလုံး တည့်တည့်ကို ဖောက်သွားတာ ခင်ဗျ။ ကျည်က နှလုံးတည့်တည့်ကို ဖောက်ပြီး ကျောကို ထွက်သွားတာ ခင်ဗျ။ ထုတ်ချင်းပေါက်သွားတာ ခင်ဗျ။ နှလုံးကို။

သိင်္ဂ ီထိုက်။ ။ အခု သူ့ကို ဘယ်လို ထား ထားပါသလဲရှင့်။ ဆေးရုံမှာလား။

ကိုစည်သူအောင်။ ။ ထန်းပင်ကုန်းရွာမှာ ထားထားတယ် ခင်ဗျ။ မနက်ဖြန်ရောက်ရင် Death Body ကို ခွဲစိတ်ဖို့ အတွက် ကျနော်တို့မှာ ခွဲစိတ်ပေးမယ့် မှုခင်း ဆရာဝန်လည်း မရှိဘူး ခင်ဗျ။ နယ်ဆိုတော့။ အဲတော့ ဘယ်လို လုပ်ရမလဲ ဆိုတော့ ခရိုင်ကို အကူအညီ တောင်းမလို့ ကြိုးစားနေတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ အခု သူ့ကို ဘယ်မှာ ထားထားပါသလဲ။ ရွာကို ပို့လိုက်တာပါလား။

ကိုစည်သူအောင်။ ။ သူ့ ဇာတိ ရွာမှာ ထားထားတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ညတွင်းချင်း ပို့လိုက်တာပေါ့နော်။

ကိုစည်သူအောင်။ ။ ညတွင်းချင်း ဟုတ်တယ်ဗျ။ ဘုန်းဘုန်းရဲ့ အမိန့်နဲ့ ရွာကို ချက်ချင်း သယ်ခိုင်းတာဗျ။ မြို့ပေါ်မှာ ထားရင် ရဲက Death Body ကို လာဆွဲမှာ စိုးလို့။

သိင်္ဂ ီထိုက်။ ။ ထိမိ ခိုက်မိသူတွေများ ရှိပါသလား။

ကိုစည်သူအောင်။ ။ ရှိတယ် ခင်ဗျ။ ရာဘာကျည် ထိတဲ့ လူတောင် ၅ ယောက်၊ ၆ ယောက် ရှိတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ သူတို့ ကုသခံနေလား။ ဘယ်မှာ ထားထားပါလဲ။

ကိုစည်သူအောင်။ ။ ပေါင်ကို ဟိုဘက် သည်ဘက် ပေါက်သွားသူ ၂ ယောက်ကိုတော့ ဆေးရုံကို ပြောင်းလိုက်ပြီဗျ။ ပြည်သူ့ ဆေးရုံကို။

သိင်္ဂ ီထိုက်။ ။ ကျန်တဲ့ လူတွေကရော။

ကိုစည်သူအောင်။ ။ ကျန်တဲ့ လူတွေကတော့ ဘုန်းကြီးကျောင်းမှာ ခနကုပြီး။ ကျနော်တို့ကတော့ ပြန်လာခဲ့ပြီ ခင်ဗျ။ သူတို့ကို ဘယ်ကို ရွှေ့ချင်လဲ ဆိုပြီး ဘုန်းကြီးကတော့ မေးနေတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ဘုန်းကြီးကျောင်းဆိုတာ ဘယ်ဘုန်းကြီးကျောင်းပါလဲရှင့်။

ကိုစည်သူအောင်။ ။ ထီးလင်းမှာ မင်္ဂလာကျောင်း တကျောင်းဘဲ ရှိပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ဘုန်းကြီးက ဝင်ပြီး ဖြန်ဖြေပေးတာမှာ အဆင်မပြေသွားတာလား။

ကိုစည်သူအောင်။ ။ ဘုန်းကြီးကတော့ တရားသူကြီးတွေနဲ့ ဖုန်းဆက်ပြီးမှ ပြောပေးသေးတယ် ခင်ဗျ။ တရားသူကြီးတွေ၊ မြို့နယ်မှူးတွေ၊ စခန်းမှူးတွေကို။

သိင်္ဂ ီထိုက်။ ။ ထီးလင်းမှာ ရဲစခန်း တခုဘဲ ရှိပါသလားရှင့်။

ကိုစည်သူအောင်။ ။ ဟုတ်ပါတယ်။ ရဲစခန်း တခုဘဲ ရှိပါတယ်။ မြို့နယ် ရဲစခန်းနဲ့ တောင်စခန်း၊ မြောက်စခန်းဆိုပြီး ရှိတယ်။ ဖြစ်တာကတော့ တောင်စခန်းမှာ ဖြစ်တာ ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ကိုအောင်ကောင်းမြတ်ကို ပြန်လွှတ်ပေးပါသလားရှင့်။

ကိုစည်သူအောင်။ ။ မလွှတ်ပေးဘူး ခင်ဗျ။ အခုထက်ထိ ထိန်းသိမ်းထားတုန်း ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ အခု ထီးလင်း ဒေသခံတွေရဲ့ လုံခြုံရေးကရော ဘယ်လို ရှိပါလဲရှင့်။

ကိုစည်သူအောင်။ ။ ကျနော်တို့ ဘဝမှာ အဲလို ဆိုးဆိုးရွားရွား တခါမှ မဖြစ်ပါဘူး။ တအား အေးချမ်းတယ် ခင်ဗျ။ ကျနော်တို့ မြို့က အေးချမ်းတယ်။ တခါမှ သေနတ်ဖောက်သံ မကြာဖူးတဲ့ မြို့ပါ ခင်ဗျ။ ဒီနေ့ ရောက်မှ အဲလို ဖြစ်သွားတာ။

သိင်္ဂ ီထိုက်။ ။ လူထုက ရဲစခန်းကို ဝိုင်းလို့လား၊ ဆူဆူပူပူ လုပ်လို့လား၊ ဘာကြောင့် ပစ်တာပါလဲရှင့်။

ကိုစည်သူအောင်။ ။ ရဲစခန်း ထိပ်ထိတောင် မရောက်ဘူး ခင်ဗျ။ ရဲစခန်းရဲ့ အောက်ခြေ နားလေးတင်၊ ဆေးရုံနဲ့ ရဲစခန်း ဧရိယာ စပ်ကြားလေးမှာ လူထုက အော်တယ်။ အော်တယ်ဆိုတာ ကိုအောင်ကောင်းမြတ်ကို ပြန်လွှတ်ရေး - ဒို့အရေး ဒီတခွန်းဘဲ အော်တာ ခင်ဗျ။ ကျန်တာ မအော်ဘူး ခင်ဗျ။ တောင်းဆိုတာ ဒီတခုဘဲ တောင်းဆိုတာ ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ အဲဒီတော့ လူထုက ရဲစခန်းနားကို ရောက်ပြီး နာရီဝက်လောက်မှာ စပစ်တာလား၊ ၁၀ မိနစ်လောက်မှာ စပစ်တာလား။ ဘယ်အချိန်လောက်မှာ စပစ်တာပါလဲ။

ကိုစည်သူအောင်။ ။ ၁၀ မိနစ်လောက်မှာ စပစ်တာ ခင်ဗျ။ ခနလေး အတွင်းမှာ ချက်ချင်း လူစု ခွဲခိုင်းတာဗျ။ ဆင်းပစ်တာဗျ။ သူတို့ကိုယ်တိုင် လမ်းပေါ်ထွက် ပစ်တာ ခင်ဗျ။

မကွေးတိုင်း ထီးလင်းမြို့ခံ တချို့လည်း ဖမ်းဆီးခံရမယ့် အရေး စိုးရိမ်ချက်နဲ့ ကိုယ့်အိမ်ကိုယ့်ယာမှာ မနေရဲဘဲ ညပိုင်းမှာ တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းထားတဲ့ တပ်မတော် အုပ်ချုပ်ရေး ကောင်စီက ညအချိန် မတော် ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေ ရှိနေတာနဲ့ အတူဘဲ နိုင်ငံရေးသမားတွေတင် မဟုတ်ဘဲ ဆန္ဒပြသူတွေ၊ လူမှုရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေလည်း ဖမ်းခံရမယ့် အရေး စိုးရိမ်ချက်နဲ့ တိမ်းရှောင်နေကြသူ အများအပြား ရှိနေပါတယ်။ ည အချိန်မတော် ဝင်ရောက် ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ် မရသူတွေလည်း အများအပြား ရှိနေပါတယ်။


 မသိင်္ဂီထိုက်/ VOA Burmese

https://burmese.voanews.com/a/protester-shot-death-in-tilin-magway-during-myanmar-military-coup/5805133.html

မကွေးတိုင်း ထီးလင်း ရဲပစ်ခတ်လို့ လူငယ်တဦး ပွဲချင်းပြီးသေဆုံး မကွေးတိုင်း ထီးလင်း ရဲပစ်ခတ်လို့ လူငယ်တဦး ပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 04:44 Rating: 5

No comments:

Powered by Blogger.