မြစ်ဆုံစီမံကိန်း ကန့်သတ်နယ်မြေအဖြစ် ထုတ်ပြန်ချက် ပုံမှန်သက်တမ်းတိုးခြင်းသာဖြစ်တယ်လို့ ဒေသခံတွေပြော

စီမံကိန်းအတွက် ၂၀ဝ၆ ခုနှစ်ကတည်းက လေ့လာမှုတွေရှိခဲ့တယ်လို့ဆို

မြစ်ဆုံစီမံကိန်းဧရိယာကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတာက စီမံကိန်းကို စတင်အကောင်အထည် ဖော်မယ့်အချိန် ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီး ရန်ကုန်မြို့အပါအဝင်၊ မြို့ကြီးတွေ အနှံ့ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြနေတဲ့ အခုအချိန်မှာမှ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

"အဲဒီ ပုဒ်မ ၁၄၄ ထုတ်ပြန်တာက တစ်လ ဒါမှမဟုတ် နှစ်လကို တစ်ခါ သက်တမ်းတိုးလာတာ၊ အခုမှ စစ်အာဏာသိမ်း အစိုးရလက်ထက် သက်တမ်းတိုးတာတဲ့ဟာက လိုင်းပေါ်တက်လာတာ၊ ကျွန်မတို့ကတော့ ကန့်သတ်ထားတယ်ဆိုတဲ့ အမိန့်ကို လုံးဝ လက်မခံဘူး"လို့ စီမံကိန်းကြောင့် ပြောင်းရွှေ့နေထိုင်နေရသူ ဒေသခံအမျိုးသမီးက ဘီဘီစီကို ပြောပါတယ်။

အဲဒီထုတ်ပြန်ချက်ကို ယခင်ကလည်း မြစ်ဆုံဧရိယာမှာ အမြဲတမ်း လာကပ်တာမျိုးမရှိဘဲ မြို့နယ်ထွေအုပ်၊ ခရိုင်ထွေအုပ်ရုံးတွေမှာပဲ ကပ်ထားထုတ်ပြန်တာမျိုးရှိတယ်လို့ မြစ်ဆုံဒေသခံတွေက ပြောကြပါတယ်။

မြစ်စ်ကြီးနားခရိုင်နဲ့ မြစ်ကြီးနား မြို့နယ်ထွေအုပ်ရုံးတို့ကို ဘီဘီစီက ဆက်သွယ်ပြီး အတည်ပြုဖို့ ကြိုးစားနေပါတယ်။

မြစ်ဆုံစီမံကိန်းကန့်ကွက်သူများ

ကန့်သတ်နယ်မြေ အဖြစ်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်က လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့ လာတာကြောင့် စစ်အာဏာ သိမ်းအဖွဲ့က အစိုးရ နှစ်ဆက်တိုင်ရပ်တန့်ထားတဲ့ စီမံကိန်းကိုပြန်စဖို့ ပြင်ဆင်နေတာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

လက်ရှိအာဏာသိမ်း စစ်ကောင်စီအနေနဲ့ သူတို့အာဏာသိမ်းမှုတရားဝင်ဖြစ်ရေး ကြိုးပမ်းနေရတာ၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို မရရှိတာတာ စတာတွေကြောင့် မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ကြိုးပမ်းတယ်ဆိုတာက မဖြစ်နိုင်သေးဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

"လောလောဆယ်သူ့အုပ်ချုပ်ရေးတောင် ခိုင်အောင်လုပ်နေတဲ့ အနေအထားနဲ့ တူပါတယ်။ ဘယ်နိုင်ငံခြားနဲ့မှ ပြောဆိုဆွေးနွေးတာ မတွေ့သေးဘူးဗျ။ မြစ်ဆုံအပါအဝင် ကျန်တဲ့ဟာတွေကလည်း အဝေးကြီးလိုသေးတယ် ထင်ပါတယ်" လို့ ဆိုပါတယ်။


အာဏာသိမ်း စစ်ကောင်စီရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းပြီးနောက် ပြည်သူတွေကို ပြောဆိုထားတဲ့ ပြောဆိုချက်တွေထဲမှာတော့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ရေအားလျှပ်စစ် ကနေ ထုတ်ယူဖို့ကိုလည်း ကြိုးစားဆောင်ရွက်မယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ တန်ဖိုးရှိတဲ့ ဧရာဝတီမြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းကို တရုတ်အစိုးရပိုင် ရေအားလျှပ်စစ်စီမံကိန်း CPI ၊ မြန်မာကုမ္ပဏီ အေးရှားဝေါလ် တို့နဲ့အတူ ယခင်စစ်အစိုးရတို့က အကောင်အထည်ဖော်ဖို့ ၂၀၀၉ ခုနှစ်ကစတင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီစီမံကိန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားတက်ကြွသူတွေ၊ ဒေသခံတွေနဲ့ ပြည်သူတွေက အကြီးအကျယ် ကန့်ကွက်ခဲ့ကြတာကြောင့်၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်က စတင်ပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်အထိ စီမံကိန်းကို ရပ်ဆိုင်းထားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56306649

မြစ်ဆုံစီမံကိန်း ကန့်သတ်နယ်မြေအဖြစ် ထုတ်ပြန်ချက် ပုံမှန်သက်တမ်းတိုးခြင်းသာဖြစ်တယ်လို့ ဒေသခံတွေပြော  မြစ်ဆုံစီမံကိန်း ကန့်သတ်နယ်မြေအဖြစ် ထုတ်ပြန်ချက် ပုံမှန်သက်တမ်းတိုးခြင်းသာဖြစ်တယ်လို့ ဒေသခံတွေပြော Reviewed by THITHTOOLWIN on 05:01 Rating: 5

No comments:

Powered by Blogger.