စစ်အုပ်ချုပ်ရေးကြောင့် ရန်ကုန် စက်ရုံလုပ်သားတွေ အခက်ကြုံ

လှိုင်သာယာကနေပြီးတော့ နေရပ်ကိုပြန်နေကြတဲ့ အလုပ်သမားများ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့မြို့နယ်တွေက စက်ရုံအများစုက လစာမဲ့ခွင့်နဲ့ အလုပ်တွေပိတ်လိုက်တာကြောင့် နေထိုင်ရေး အခက်တွေ့လာတဲ့ အလုပ်သမားတွေဟာ နေရပ်ကိုပြန်နေကြရပါပြီ။ တချို့ တရုတ်စက်ရုံမှာ လုပ်တဲ့ အလုပ်သမားတချို့ကတော့စက်ရုံပိုင်ရှင်တွေရဲ့ အဓမ္မ အလုပ်ပြန်ဆင်းခိုင်းတာမျိုးနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မအေးသန္တာကျော် က ပြောပြပေးမှာပါ။

စက်ရုံ၊ အလုပ်ရုံ အများစုရှိတဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာ အပါအဝင် ရန်ကုန်တိုင်းမြို့နယ် တချို့မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း လမ်းပန်း ဆက်သွယ်ရေးအပါအဝင် လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် စက်ရုံအများစုက အလုပ်သမားတွေကို လစာမဲ့ခွင့်ပေးပြီး အလုပ်ကို ယာယီရပ်နား လိုက်ကြပါတယ်။

လှိုင်သာယာ၊ ရွှေပြည်သာမှာ ရှိတဲ့ သိန်းနဲ့ချီတဲ့ အဆောင်နေ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ရန်ကုန်မှာ အလုပ်မရှိဘဲ နေထိုင်ဖို့ ခက်ခဲလာကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောပါတယ်။

“ လုပ်ခမပေးတဲ့ စက်ရုံတွေ ပေါ်လာကြတယ် ငွေကြေးပြဿနာတွေ ဖြစ်တော့၊ တခါ အလုပ်ဆင်းပြန်တော့လည်း လမ်းပန်းတွေမှာ မလုံခြုံဘူး ပစ်တာခတ်တာတွေ များတော့။ အဲဒီတော့ ၁၄ ရက်နေ့လည်းဖြစ်ရော ၁၅၊ ၁၆၊ ၁၇၊ ၁၈ တိုင်းနဲ့ပြည်နယ်ကလာတဲ့ အလုပ်သမားတွေ အကုန်နီးပါး ပြန်ကြတယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့အတွက် စားဝတ်နေရေး ဒုက္ခရောက်သလို တဖက်ကလည်း အသက်ရှင်သန်ရေး အတွက်ပါ ဒုက္ခတွေ ရောက်တာ။”

နယ်ပြန်တဲ့ ခရီးစရိတ်က နေရာပေါ်မူတည်ပြီး ကားလေးတစီးကို တသိန်းက ၂သိန်းကျော်အထိ ရှိပါတယ်။ နေရပ်မှာလည်း အလုပ်အတွက် သေချာတဲ့ အာမခံချက် မရှိသေးကြောင်း ဧရာဝတီတိုင်း ဘိုကလေးမြို့ပြန်မယ့် စက်ရုံလုပ်သား ကိုမြင့်ကြည်က ပြောပါတယ်။

“ အဲဒါက ကျနော်တို့က ဘယ်လိုလဲဆိုတော့ လက်လုပ်လက်စား သမားတွေဆိုတော့လည်း အလုပ်မရှိရင် ရှိတဲ့နေရာကို လိုက်ရမှာပဲ။ အခုဆိုရင် ပြောရမယ်ဆိုရင် လယ်ယာတွေကလည်း မရှိတော့ဘူးလေ။ ပြန်သွားတော့ ရွာမှာလည်း ဘာအလုပ်မှမရှိတော့ ရှာလို့ဖွေလို့ကလည်း အဆင်မပြေ ကြဘူးပေါ့။”

ဟင်္သာတ နေရပ်ကိုပြန်မယ့် အထည်ချုပ် စက်ရုံလုပ်သား မမာလာစိုး ကလည်း

“ လစာက ပုံမှန် daily ကြေး ၄၈၀၀ ဆိုရင် သမီးတို့အတွက်က၊ အဲဒီ ၁၅၀၀၀၀ ကို ၁၅၀၀၀၀ မရဘူး ၁ သိန်းဝန်းကျင်ရမယ်ဆိုရင် ပြန်ရမယ့် အနေအထား ဖြစ်နေတယ် ဘာဖြစ်လို့လဲဆိုတော့ အဆောင်စရိတ်ကပဲ မီတာခနဲ့ အပြီးအစီး အဆောင်ခနဲ့ဆိုရင် ၉၀၀၀၀ ရှိတယ်၊ အဲဒါမို့ အဆင်မပြေဘူး ပြန်ရမယ့် အနေအထား ဖြစ်နေတယ်။”

စစ်အုပ်ချုပ်ရေးကောင်စီ အာဏာယူပြီး ဖြစ်လာတဲ့ ဆန္ဒပြပွဲတွေမှာ စက်ရုံလုပ်သားတွေလည်း ပါဝင်လာပါတယ်။ ဒါပေမဲ့ လှိုင်သာယာက စက်ရုံတချို့ မီးလောင်တဲ့ကိစ္စမှာတော့ ဒေသခံတွေရဲ့ ပတ်သက်မှုမရှိကြောင်း အလုပ်သမား သမဂ္ဂတွေက တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ဥပဒေနဲ့အညီ စစ်ဆေးအရေးယူပေးဖို့၊ မြန်မာနိုင်ငံထဲက တရုတ်လုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အာမခံပေးဖို့ တရုတ်သံရုံးက ကြေညာချက် ထုတ်ထားပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄ သိန်းကျော်ကို ဖန်တီးပေးထား တယ်လို့လည်း အဲဒီမှာရေးသား ထားတာပါ။

လှိုင်သာယာမှာ စက်ရုံမီးလောင်တာတွေ ဖြစ်နေချိန် တရုတ်ပိုင် စက်ရုံတွေရှိတဲ့ ဒဂုံဆိပ်ကမ်း စက်မှုဇုန်ကိုလည်း လုံခြုံရေးအပြည့် ချထားလိုက်ပါတယ်။ ဆန္ဒပြပွဲမှာပါတဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်မယ်ဆိုပြီး တရုတ်လုပ်ငန်းရှင်တွေက ခြိမ်းခြောက်လာသလို ဖိအားပေး အလုပ်ဆင်းခိုင်းတာတွေ ရှိနေပါတယ်။ အလုပ်သမား ခေါင်းဆောင်တွေ ဖမ်းဝရမ်းထုတ်ခံရပြီး ဒီကိစ္စမှာ အလုပ်ရှင်တွေက အဓိကပါဝင် ပတ်သက်နေကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် သက်ထားဆွေက ဗွီအိုအေကို ပြောပါတယ်။

“ အာဏာရှင်တွေက ဒီစက်ရုံမှာ အလုပ်သမားခေါင်းဆောင် ရှိတယ်၊ မရှိဘူးဆိုတာ သိမယ်လို့ မထင်ဘူး။ ဒါဟာ အလုပ်ရှင်တွေနဲ့ ပေါင်းပြီးလုပ်တာ ဖြစ်တဲ့အတွက် ဒီအလုပ်သမားအဖွဲ့အစည်းက ခေါင်းဆောင်တွေက ဒီလူတွေပါလို့ပြောလို့ ဆိပ်ကမ်းမှာ ဝရမ်းတွေကပ်ပြီး လိုက်ဖမ်းတဲ့ဟာမျိုးတွေ ဖြစ်လာတယ်လို့ မြင်တယ်။ အဲဒီတရုတ် လုပ်ငန်းရှင်တွေက ဒီကြားထဲမှာ အလုပ်သမားတွေအပေါ် ပိုပြီးတော့ ဖိအားတွေပေး ခြိမ်းခြောက်နေတယ်လို့ ညီမကမြင်တယ်၊ အဲဒီဝရမ်းထုတ်ခံ ရတဲ့အထဲမှာ ညီမကိုယ်တိုင်လည်း ပါတာကိုး။”

ရဲနဲ့စစ်အာဏာပိုင်တွေဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်က အလုပ်သမား အဖွဲ့အစည်းဝင်တွေရဲ့ အဆောင်တွေ၊ နေအိမ်တွေထဲ ဝင်ရောက်ရှာဖွေပြီး ခြိမ်းခြောက်တာ၊ ရပ်ဝေးဒေသကလာတဲ့ အမျိုးသမီး အလုပ်သမတွေကို အဓိက ပစ်မှတ်ထား ခြိမ်းခြောက်တာရှိနေပြီး ဒါတွေအားလုံးကို ရပ်တန့်ပေးဖို့၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ပေးဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က သတိပေး ပြောကြားထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-factory-workers-return-home-/5821494.html

စစ်အုပ်ချုပ်ရေးကြောင့် ရန်ကုန် စက်ရုံလုပ်သားတွေ အခက်ကြုံ စစ်အုပ်ချုပ်ရေးကြောင့် ရန်ကုန် စက်ရုံလုပ်သားတွေ အခက်ကြုံ Reviewed by THITHTOOLWIN on 03:55 Rating: 5

No comments:

Powered by Blogger.