မန္တလေးမှာ စစ်တပ်နဲ့ရဲကပစ်လို့ အနည်းဆုံး ရှစ်ဦးထပ်မံကျဆုံး၊ ၂၅ ဦးထက်မနည်း ဒဏ်ရာရ



မန္တလေးမြို့ အောင်ပင်လယ်၊ အောင်သာယာ၊ သမန်းကုန်း စတဲ့ရပ်ကွက်တွေမှာ မနေ့က မတ်လ ၂၁ ရက် နေ့လယ်ပိုင်းက စစ်တပ်နဲ့ရဲတွေပစ်လို့ နှစ်ရက်အတွင်း သေဆုံးရတဲ့သူ ဒီနေ့ နေ့လယ်ထိ အနည်းဆုံး ရှစ်ယောက်ရှိနေပြီး၊ ဒဏ်ရာရသူ ၂၅ ဦး ထက်မနည်းရှိနေပါတယ်။ သေဆုံးရတဲ့သူထဲမှာ အသက် ၁၅ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက်လည်း ပါဝင်ပါတယ်။

လမ်းတွေ၊ ရပ်ကွက်တွေမှာချထားတဲ့ အတားအဆီးတွေကို စစ်တပ်နဲ့ ရဲက ရှင်းလင်းခိုင်းရာကနေ ဒေသခံ တွေနဲ့ အချင်းများပြီး ပစ်တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲဒီရပ်ကွက်တွေမှာ မနေ့ည ၁၀ ကျော်က စက်သေနတ်နဲ့ မနားတမ်း ပစ်ခတ်သံတွေကိုလည်း ကြားရပါ တယ်။

မန္တလေးမြို့မှာ ခုလို ပစ်ခတ်ခြိမ်းခြောက် သတ်ဖြတ်တာတွေရှိခဲ့ပေမယ့်၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းရှေ့မှာ လူမဲ့သပိတ်လုပ်ခဲ့ကြသလို မြို့နယ်တစ်ချို့တို့မှာလည်း အရုဏ်တက်သပိတ်မှောက် ဆန္ဒပြပွဲလုပ်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမှာလည်း စစ်တပ်နဲ့ ရဲက အရပ်သား နှစ်ယောက်ကို ရိုက်သတ်နေတဲ့ ဗီဒီယိုတွေ လူမှုကွန်ယက်မှာ မနေ့က ပျံ့နှံ့ခဲ့ပြီး၊ စုစုပေါင်း ဘယ်နှစ်ယောက် သေဆုံးသွားလဲဆိုတာ စုံစမ်းနေပါတယ်။

မိတ္ထီလာမြို့မှာ ဒီနေ့မနက်က ဆိုင်ကယ်တွေစီးကာ အလံတွေကိုင်၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြရာမှာ ဆိုင်ကယ်သပိတ်ဆိုပြီး ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ဆိုင်ကယ်သပိတ်ကို စစ်တပ်နဲ့ ရဲတွေက သေနတ်တွေနဲ့ ပစ်ခတ်လူစုခွဲပြီး၊ ဖမ်းဆီးတာတွေရှိသလို၊ ဆိုင်ကယ်တချို့လည်း သိမ်းဆည်းခံ လိုက်ရပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဆန္ဒပြတာတွေ မလုပ်နိုင်ဖို့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ် တာတွေရှိပေမယ့်လည်း ဒီကနေ့မနက်ပိုင်းမှာလည်း ဒေသခံတွေ၊ ဝန်ထမ်းတွေက လမ်းလျှောက်ဆန္ဒပြခဲ့ ကြပါတယ်။

မုံရွာမြို့မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ သေနတ်တွေနဲ့ပစ်ခတ်ခဲ့လို့ မနေ့ကထိ ၁၁ ယောက် ကျဆုံးခဲ့ ရသလို ဒဏ်ရာရသူတွေလည်းရှိနေတဲ့ကြားက စစ်အာဏာရှင်ကျရှုံးရေး ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းမှာ လူပေါင်းထောင်ချီ ပါဝင်ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာတော့ ဆူးလေစေတီနဲ့ မြို့ထဲတဝိုက်မှာ ဒီနေ့မနက်က မော်တော်ကားတွေနဲ့လှည့်ပြီး ဆန္ဒပြကြပါတယ်။ ဟွန်းတီး ဆန္ဒပြကြသလို၊ ကားပေါ်ပါတဲ့သူတွေက လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသခဲ့ကြပါတယ်။

လှိုင်မြို့နယ်မှာလည်း အနီရောင်မိုးပျံပူပေါင်းတွေမှာ R2P လိုချင်တဲ့အကြောင်း စာသားချိတ်ထားပြီး မိုးပေါ်လွှတ်တင်ကြပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးက မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တွေ ဖိနှိပ်နေတာ သိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာလို့ ပါဝင်သူတွေက ပြောပါတယ်။

RFA က သီးခြားပြုစုထားတဲ့ စာရင်းအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့ထိ ရက်ပေါင်း ၅၀ အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲရဲ့လက်ချက်ကြောင့် အသက်ဆုံးရှုံးရတဲ့သူ အနည်းဆုံး ၂၃၀ ကျော် ရှိနေပါပြီ။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရတော့ ဖမ်းဆီး၊ တရားစွဲ၊ ပြစ်ဒဏ်ခံရသူပေါင်း ၂၃၄၅ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီစာရင်းထဲမှာ ထောင်ချခံရသူ ၁၅ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်လို့ တိမ်းရှောင်နေရသူ ၈၈ ယောက်နဲ့ ပြန် လွတ်လာသူ ၃၅၁ ဦး ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

RFA Burmese



မန္တလေးမှာ စစ်တပ်နဲ့ရဲကပစ်လို့ အနည်းဆုံး ရှစ်ဦးထပ်မံကျဆုံး၊ ၂၅ ဦးထက်မနည်း ဒဏ်ရာရ မန္တလေးမှာ စစ်တပ်နဲ့ရဲကပစ်လို့ အနည်းဆုံး ရှစ်ဦးထပ်မံကျဆုံး၊ ၂၅ ဦးထက်မနည်း ဒဏ်ရာရ Reviewed by THITHTOOLWIN on 22:12 Rating: 5

No comments:

Powered by Blogger.