ကလေးမြို့ သပိတ်စစ်ကြောင်း မနက်၊ညနေဖြိုခွင်းမှု ၄ဦး ကျဆုံး



မုံရွာ၊မတ်-၁၇

စစ်ကိုင်းတိုင်း ကလေးမြို့ သပိတ်စစ်ကြောင်းအား ရဲနှင့် စစ်တပ်မှ ဝိုင်းပိတ်ဖြိုခွင်းရာ  ယနေ့ မနက်နှင့် ညနေ ပစ်ခတ်မှု ကြောင့် အမျိုးသား ၄ဦးသေ​ဆုံးကြောင်း ဒေသခံများက ပြောသည်။

အသံဗုံး၊ရာဘာကျည်၊ကျည်အစစ်များဖြင့်ပစ်ခတ်ရာ ၅ဦးထက်မနည်း ကျည်မှန်ဒဏ်ရာရပြီး ၁၀ဦးဖမ်းခံရကြောင်း ကနဦး သတင်းရရှိသည်။

မနက်ပိုင်းက မြို့လှရပ်ကွက် လမ်းသွယ်များအတွင်း ချီတက်ဆန္ဒပြသော တာဟန်းသပိတ်စစ်ကြောင်းအား ပိတ်ဆို့ကာ ဖြိုခွင်းခြင်းဖြစ်သည်ဟု သိရသည်။

၎င်းကြောင့် ၂ဦးသေဆုံးသည်။၎င်းတို့မှာ ဆလိုင်းကျုံးလျန်ကျဲအို(၂၅နှစ်)နှင့် ကျင်ခန့်မာန်(၂၇နှစ်)တို့ဖြစ်သည်။

ညနေ ၄နာရီတွင် ဗိုလ်ချုပ်လမ်း အောင်သစ္စာ ကားဂိတ်အနီး လူစုလူဝေးအား ထပ်မံပစ်ခတ်ရာ အမျိုးသား ၂ဦးသေဆုံးကြောင်း ဒေသခံက အတည်ပြုသည်။

၎င်းတို့၏နေရပ်နှင့်အမည်ကို စုံစမ်းဆဲဖြစ်သည်။

"အခု လမ်းတွေမှာ သူတို့တွေ ထပ်မဝင်လာနိုင်အောင်လုပ်နေတယ်။သေတဲ့သူတွေက ခေါင်းတွေမှန်သေတာ။ညနေပိုင်းက ခရိုင်ရဲရုံးနား RTCမှာ လာသမျှ လူတွေစစ်တယ်။ကလေး-နတ်ချောင်းလမ်းမှာလည်း ပိတ်စစ်တယ်။သေတဲ့သူတွေက ချင်းတိုင်းရင်းသားတွေ ၊တချို့က ချင်းပြည်အစပ် ခိုင်ကမ်းဘက်က "ဟု ကလေးမြို့ခံကပြောသည်။

မတ်လ၁၄ရက် ညပိုင်းကလည်း ကလေးမြို့အောင်သစ္စာရပ်အတွင်း ရဲနှင့်စစ်တပ်က ခြောက်လှန့် ပစ်ဖောက်ခြင်းများလုပ်ခဲ့သည်ဟု ​ဒေသခံများကပြောသည်။

မတ်လ ၃ ရက်နေ့ကလည်း ကလေးမြို့တွင် ဆန္ဒပြအဖွဲ့အား ပစ်ခတ်ရာ အသက် ၁၈နှစ်အရွယ် မောင်ဇင်မျိုးမောင် ကျဆုံးပြီး  စုစုပေါင်း သေဆုံးသူ ၅ဦးရှိနေသည်။







Monywa Gazette

https://www.facebook.com/monywagazette/

ကလေးမြို့ သပိတ်စစ်ကြောင်း မနက်၊ညနေဖြိုခွင်းမှု ၄ဦး ကျဆုံး ကလေးမြို့ သပိတ်စစ်ကြောင်း မနက်၊ညနေဖြိုခွင်းမှု ၄ဦး ကျဆုံး Reviewed by THITHTOOLWIN on 23:19 Rating: 5

No comments:

Powered by Blogger.