စစ်ကောင်စီခန့် ကုလအမြဲတန်းကိုယ်စားလှယ် ဦးတင်မောင်နိုင် ရာထူးကနုတ်ထွက်မည် (သံအမတ်ကြီး ဦးကျော်မိုးထွန်း)

ဦးတင်မောင်နိုင် (ဓါတ်ပုံ- Ministry of Foreign Affairs Myanmar)

စစ်အာဏာသိမ်းမူကိုဆန့်ကျင်တဲ့ မြန်မာပြည်သူတွေရဲ့ CDM အာဏာဖီဆန်ရေးလူပ်ရှားမူကို ထေ ာက်ခံလိုက်တဲ့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနေရာကို အစားထိုးဖို့၊ စစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီက ခန့်ထားလိုက်သူ လက်ရှိ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်ဟာ ရာထူးကနုတ်ထွက်ဖို့ပြောထားပြီး၊ သူ့ Facebook စာမျက်နှာမှာလည်းရေးထားတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အတည်ပြုပေးလိုက်ပါတယ်။ အသက်ဆုံးရှုံးတဲ့အထိဖိနှိပ်ခံနေတဲ့ ကူညီမဲ့နေသူတွေကို နိုင်ငံတကာက အမြန်ဆုံးကူဖို့ကြိုးပမ်းနေတဲ့ ဦးကျော်မိုးထွန်းကို ကိုဝင်းမင်းကမေးထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ ဒု- အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး အဆင့်ရှိတဲ့ဦးတင်မောင်နိုင် နုတ်ထွက်ဖို့ သတင်းထွက်နေတာကို မေးရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက

ဦးကျော်မိုးထွန်း။ ။ သူတော့ ကျနော့်ကို နုတ်ထွက်မယ်လို့တော့ ပြောထားပါတယ်ခင်ဗျ။ ဟို နုတ်ထွက်စာတော့ အခုအထိတော့ မတွေ့ရသေးပါဘူး။

ကိုဝင်းမင်း။ ။ ဟုတ် ဒီနေ့ရော သူ ရုံးလာသေးလား ။

ဦးကျော်မိုးထွန်း။ ။ ကျနော်လည်း ရုံးမရောက်သေးဘူး အခု အစည်းအဝေးတခုကနေ UN တက်ပြီး ၊ အခု UN ကနေပြီးတော့ ရုံးပြန်သွားနေတဲ့အချိန် မို့လို့ပါခင်ဗျ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ စာကတော့ မကြာခင် တင်မယ့်သဘောရှိတာပေါ့နော်။ သေချာသလောက်ရှိတာပေါ့နော်။

ဦးကျော်မိုးထွန်း။ ။ အဲဒါကတော့ တင်မှပဲ ပြောလို့ရမယ်နဲ့ တူတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။

ဦးကျော်မိုးထွန်း။ ။ တွေ့မှပဲ ပြောလို့ရပါမယ် သူလည်း Social media မှာလည်း ပြောထားတာတွေ့ပါတယ်ခင်ဗျ။ ကျနော့်ကိုလည်း ပြောပါတယ် တင်မယ်ဆိုတာ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ လက်ရှိ သံအမတ်ကြီးအနေနဲ့ ရုံးမှာ ပုံမှန်တာဝန်ထမ်းဆောင်နေတဲ့ အနေအထားပေါ့နော်။

ဦးကျော်မိုးထွန်း။ ။ ဟုတ်ကဲ့။ ခုနလည်း ကျနော် Nordic နိုင်ငံတွေက အမြဲတမ်းကိုယ်စားလှယ်တွေနဲ့ ကျနော် PR တယောက်အနေနဲ့ သွားတွေ့ပြီးတော့ဆွေးနွေးတာကို လုပ်ခဲ့ပါတယ်။ Nordicထဲမှာဆိုရင်လည်း နော်ဝေက လုံခြုံရေး ကောင်စီအဖွဲ့ဝင်ထဲမှာ ပါတယ်ပေါေ့နာ် ။ နောက်အဲဒီထဲမှာလည်း Iceland ကလည်း ကျနော်တို့ Credential Committee ထဲမှာ အဖွဲ့ဝင်အဖြစ်ပါတာပေါ့နော် ဆိုတော့ ကျနော်သူတို့နဲ့လည်း တွေ့ခဲ့တာလေးတွေ ရှိပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆိုတော့ အလားအလာ အနေအထားက Credential Committee မှာ ဆက်လက်ပြီးတော့ ထောက်ခံသွားမယ့်အနေအထားရှိတာပေါ့နော် ။

ဦးကျော်မိုးထွန်း။ ။ ဟုတ်ကဲ့။ အခုသူတို့ Nordic နိုင်ငံတွေ အကုန်လုံးက ကျနော်တို့ မြန်မာပြည်သူတွေရဲ့ အနောက်ဘက်မှာ မားမားမတ်မတ် ရပ်တယ်ဆိုတာကို ထပ်ပြီးတော့ reaffirm လုပ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဒီ Nordic အပြင်ပေါ့နော် အမေရိကန်ကလည်း လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ဖြစ်လာတော့ အဲဒီအလားအလာကရော အခုလက်ရှိ ဦးကျော်မိုးထွန်း mission အတွက် ဘယ်လိုအထောက်အကူပြုဖို့ မှန်းထားသလဲ။

ဦးကျော်မိုးထွန်း။ ။ အမေရိကန်နဲ့တော့ ကျနော် ဖုန်း စကားပြောဖြစ်ပါတယ်။ သူ့ PR (Permanent Representative) နဲ့ ၊ UK နဲ့တော့ သူ့ရုံးခန်းမှာ UK သံအမတ်ကြီးနဲ့ တွေ့ဖြစ်ပါတယ်ခင်ဗျ။ In person တွေ့ပြီး ပြောဖြစ်တာပေါ့နော်။ အခုကတော့ သူကတော့ ကျနော်တို့ ရွေးကောက်ခံအစိုးရကိုပဲ အသိအမှတ်ပြုတယ်ဆိုတဲ့အကြောင်း အမြဲတမ်း မိန့်ခွန်းတွေမှာလည်း ပြောပါတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ ဦးကျော်မိုးထွန်းရေ တခု ကျနော်နောက်ဆုံးမေးချင်တာကလေ ဘယ်လိုများ တပ်မတော်အနေနဲ့ ပြင်းပြင်းထန်ထန် အခုလောက်အထိ ပစ်နေတယ်ဆိုတာ သုံးသပ်မိသလဲ။

ဦးကျော်မိုးထွန်း။ ။ ဒီနေ့ သတင်းကြားတယ်ပေါေ့နာ် လူ ၅၀ ကျော် အသက်ဆုံးရှုံးလိုက်ရတယ် ဆိုတဲ့သတင်းကြားတော့ စိတ်လည်းအရမ်းမကောင်းပါဘူး။ ဘယ်လိုပုံစံဖြစ်သလဲဥစ္စာပေါ့နော် ကျနော်လည်း မြေပြင်မှာလည်း ရှိတာမဟုတ်ဘူး ဒီဘက်မှာဆိုတော့ ကျနော့်အနေနဲ့ comment ပေးရတာ ခက်တော့ ခက်တာပေါ့နော် ။ ဒါပေမယ့် သူတို့ နည်းဗျူဟာတွေတော့ အမျိုးစုံသုံးနေတယ်လို့ သူများကတော့ ပြောနေတယ်ဆိုတော့ ။ ဒါတွေလည်း ကျနော်တို့ အသက်ဆုံးရှုံးမှုပေါ့နော် လူတယောက် တယောက်ရဲ့ အသက်ဆိုတာ အရမ်း တန်ဖိုးရှိပါတယ်။ အထူးသဖြင့် ကျနေ်ာတို့ရဲ့ လူငယ်တွေ ကျနော်တို့ရဲ့ Future generation တွေရဲ့ အသက်က အရမ်း တန်ဖိုးရှိပါတယ်။ ဒါကြောင့် သူတို့ အသက် မဆုံးရှုံးစေချင်ပါဘူး။ ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ကျနော်တို့လည်းအခု အကူအညီမဲ့နေတဲ့ ပြည်သူတွေကို အမြန်ဆုံးကူညီဖို့ အားလုံးပေါ့နော် အားလုံးကတော့ ဝိုင်းပြောနေပါတယ်။ ကျနော်တို့လည်း ဒီဘက်မှာတော့ ရှိတဲ့ International Community ကို အရှိန်မြှင့်ပြီးတော့ ပြောနေပါတယ်။

ကိုဝင်းမင်း။ ။ တခြား သံတမန်တွေ ၊ သံအမတ်ကြီးတွေကိုရော အဓိက ဘာမှာချင်သေးသလဲ။

ဦးကျော်မိုးထွန်း။ ။ ကျနော်လည်း ကျနော့်မိန့်ခွန်းပြောပြီးတော့ မိန့်ခွန်းကို နိုင်ငံခြားရေးရုံး ပို့တဲ့အခါမှာ မိတ္တူကို သံရုံးအဖွဲ့ရုံး ကောင်စစ်ဝင်ရုံး အားလုံးကို မိတ္တူပေးပါတယ်။ မိတ္တူထဲမှာလည်း မြန်မာပြည်သူပြည်သားတွေရဲ့ ဆန္ဒကို အလေးထားပေးဖို့ ဆိုတာလေးလည်း မေတ္တာရပ်ခံ ထားတာလေးတော့ရှိပါတယ်ခင်ဗျ ဆိုတော့ ကျနော်လည်း သံတမန်တယောက်ပဲ ဆိုတော့ အားလုံးရဲ့ စိတ်ထဲမှာ ဒီလိုမျိုး စစ်အာဏာသိမ်းမှုကို သူသူ ကိုယ်ကိုယ်တော့ ဘယ်သူမှ မကြိုက်ကြဘူးဆိုတာကိုတော့ ကျနော်ယုံကြည်ပါတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ မြန်မာပြည်သူတွေကိုရော နောက်ဆုံးဘာမှာချင်ပါသလဲ

ဦးကျော်မိုးထွန်း။ ။ “ ကျနော်တို့အခု တိုက်နေတဲ့ အရေးတော်ပုံ အောင်ရမယ်” ဆိုတဲ့ ရည်မှန်းချက် ခိုင်ခိုင်မာမာ နဲ့ ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ပေါ့နော် ။ ပြည်တွင်းပြည်ပအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ အတူတကွ ဆောင်ရွက်သွားဖို့ကို ကျနော်မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်ခင်ဗျ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ကိုဝင်းမင်းက မေးမြန်းခဲ့တာပါ။ 


၀င်းမင်း/ VOA Burmese

https://burmese.voanews.com/a/myanmar-pr-posted-by-military-will-resign-/5800632.html

စစ်ကောင်စီခန့် ကုလအမြဲတန်းကိုယ်စားလှယ် ဦးတင်မောင်နိုင် ရာထူးကနုတ်ထွက်မည် (သံအမတ်ကြီး ဦးကျော်မိုးထွန်း) စစ်ကောင်စီခန့် ကုလအမြဲတန်းကိုယ်စားလှယ် ဦးတင်မောင်နိုင် ရာထူးကနုတ်ထွက်မည် (သံအမတ်ကြီး ဦးကျော်မိုးထွန်း) Reviewed by THITHTOOLWIN on 08:40 Rating: 5

No comments:

Powered by Blogger.