အရပ်သားတွေအပေါ် အကြမ်းဖက်မှု လုံးဝရပ်ဆိုင်းဖို့ ဂျပန်တောင်းဆို

အရပ်သားတွေအပေါ် အကြမ်းဖက်မှု လုံးဝရပ်ဆိုင်းဖို့ ဂျပန်တောင်းဆို

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ တရက် စစ်တပ်က အာဏာသိမ်းပြီး အရေးပေါ်အခြေနေ ကြေညာခဲ့တာအတွက် အလွန်စိုးရိမ်နေကြောင်းနဲ့ အရပ်သားပြည်သူတွေ အပေါ် အကြမ်းဖက်မှုတွေ လုံးဝရပ်ဆိုင်းဖို့ ဂျပန်အစိုးရက ပန်ကြားလိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ပါ ဂျပန်သံအမတ်ကြီး Ichiro Maruyama က မတ်လ ၈ ရက် တနင်္လာနေ့မှာ နေပြည်တော်ကို သွားရောက်ပြီး အာဏာသိမ်း စစ်တပ်က ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ပြောကြားခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ နိုင်ငံရေးစနစ် အမြန်ပြန်ရအောင် လုပ်ဆောင်ပေးဖို့လည်း အလေးအနက် တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာဘက်ကလည်း အခုချိန်ထိ ကိုင်စွဲထားတဲ့ ရပ်တည်ချက်ကို ဂျပန်သံအမတ်ကြီးကို ရှင်းပြခဲ့ကြောင်းနဲ့ ဂျပန်ဘက်ကတော့ အာဏာပိုင်တွေရဲ့ ပြည်သူအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဆိုင်းဖို့၊ အဖမ်းဆီးခံနေရသူတွေ ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီနည်းကျ နိုင်ငံရေးစံနစ် အမြန်ရအောင်လုပ်ဖို့ မြန်မာတပ်မတော်ကို အလေးအနက် တိုက်တွန်းသွားမှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် အရင်တုန်းက နိုင်ငံတကာက ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားချိန်မှာ ဂျပန်ဟာ မြန်မာအတွက် ကူညီထောက်ပံ့မှု အများဆုံး ပေးခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/japan-concern-on-myanmar-situation-/5806521.html

အရပ်သားတွေအပေါ် အကြမ်းဖက်မှု လုံးဝရပ်ဆိုင်းဖို့ ဂျပန်တောင်းဆို အရပ်သားတွေအပေါ် အကြမ်းဖက်မှု လုံးဝရပ်ဆိုင်းဖို့ ဂျပန်တောင်းဆို Reviewed by THITHTOOLWIN on 06:25 Rating: 5

No comments:

Powered by Blogger.