ထဘီတန်းနှင့် ယတြာများ၊ ကျိန်စာများ

ထဘီတန်းအဆင့်ဆင့်တားထားတာကို ထဘီခံစစ်ကြောင်းလို့ ခေါ်ဆိုနေကြ

နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်နေ့မှာ မြန်မာနိုင်ငံမှာတော့ ထဘီတွေအလံထူပြီး လေကစားကြွားတလူလူဖြစ်နေပါတယ်။ လမ်းတွေပေါ်မှာလည်း ထဘီတန်းတွေကို ဟိုနားသည်နား အနှံ့အပြား တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကတည်းက ကန်တော်လေးဘက် သိမ်ဖြူလမ်းဘက်မှာ စစ်ကားတွေလာမဲ့လမ်းပေါ် ထဘီတန်းထိုးထားရာကနေ တဖြည်းဖြည်းနေရာအနှံ့အပြားမှာ ပွားများလာတာဖြစ်ပါတယ်။

စစ်ကားတွေ စစ်သားတွေဟာ ထဘီတန်းအောက်က မဖြတ်ချင်တာကြောင့် ထဘီတွေ တက်ဖြုတ်နေကြချိန်မှာ ဆန္ဒပြသူတွေအတွက် ရှောင်တိမ်းချိန်ရအောင် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ကြတာဖြစ်ပါတယ်။

ထဘီဟာဘုန်းနိမ့်တတ်တယ်လို့ တချို့ယူဆ

မြန်မာ့အစဥ်အလာအယူအဆမှာ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တတ်တယ် လို့ အယူအဆရှိပါတယ်။ စစ်တပ်ထဲမှာလည်း ထဘီတန်းအောက်ဝင်ရင် တိုက်ပွဲကျတတ်တယ်လို့ အယူအဆရှိပါတယ်။ ဒါ့ကြောင့် စစ်သားတော်တော်များများဟာ ထဘီတန်းအောက် မဝင်ချင်ကြပါဘူး။

ရန်ကုန်မြို့က နာမည်ကြီးဗေဒင်ဆရာကြီးတဦးကတော့ တပ်မတော်သားတွေ ထဘီတန်းအောက်မဝင်ချင်ကြတာဟာ အကျိုးအကြောင်း ခိုင်ခိုင်မာမာရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

“တချို့စစ်သားတွေဟာ ခန္ဓာကိုယ်မှာ ဆေးဝါးထိုးထားတာရှိတယ်။ အသက်နဲ့ရင်းပြီး စစ်တိုက်ရတဲ့သူတွေဆိုတော့ ပြီးဆေးတွေ ဘာတွေထိုးတတ်တယ်။ တချို့တွေက ကိုယ်လုံဆေး၊ တချို့က ရွှေရင်ကျော်ဂိုဏ်း၊ ဝင်းဂိုဏ်းနဲ့ ဆေးထိုးထားတာတွေ အင်းအိုင်ခလှဲ့ထိုးထားတဲ့သူတွေရှိတယ်။ အဲဒီလိုလူတွေအတွက် ရှောင်ကြဥ်ရမဲ့ အချက်တွေ အများအပြားရှိတတ်တယ်။ အဲဒီရှောင်ကြဥ်ရမဲ့ အချက်တွေထဲမှာ အားလုံးတူညီစွာရှောင်ရမဲ့ အဓိကအချက်တချက်ကတော့ ထဘီတန်းအောက်မဝင်ရဘူးဆိုတဲ့ အချက်ပဲ။ ထဘီတန်းအောက်ဝင်ရင် ပျက်ပြယ်တယ်၊ ဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆရှိတယ်။”

သာကေတဘက်မှာဆိုရင် “ထဘီခံစစ်ကြောင်း” လို့တောင် နာမည်တပ်ခေါ်ဝေါ်ပြီး ထဘီတန်းတွေကို လမ်းပေါ်မှာ တတန်းပြီးတတန်း အဆင့်ဆင့်တန်းထားတာမျိုး တွေ့ရပါတယ်။ တချို့က အမျိုးသမီးအတွင်းခံဘောင်းဘီတွေ၊ အတွင်းခံအင်္ကျီတွေကိုပါ တန်းပေါ်တင်ကြတာမျိုးလည်း တွေ့ရပါတယ်။

ဒီယတြာအစီအရင်ကြောင့် ဗေဒင်ဆရာလင်းညို့တာရာကို ဖမ်းခဲ့တာလို့ဆို

ထဘီယတြာ၊ ထဘီအစီအမံ

တချို့က စစ်သားတွေအတွက် အချိန်နှောင့်နှေးအောင်ဆိုတဲ့ ရည်ရွယ်ချက်ထက် ပိုလေးနက်တဲ့ အကြံအစည်မျိုးလည်းရှိကြတယ်လို့ဆိုပါတယ်။ အဲဒါကတော့ ယတြာအဖြစ် အသုံးပြုကြတာလို့ ဆိုပါတယ်။

ထဘီကို ဘယ်လိုနည်းနဲ့ ယတြာအဖြစ်အသုံးပြုတာလဲဆိုတာကိုတော့ မန္တလေးမြို့က နာမည်ကြီး ပုဏ္ဏားဗေဒင်ဆရာကြီးတဦးက ထဘီဆိုတာ တလုံးချင်းခွဲဖတ်ရင် ထဘီ (ထပြီ) လို့ အသံထွက်တဲ့ အတွက် တနိုင်ငံလုံး ထကြွဖို့ ယတြာအဖြစ်လုပ်တာလို့ ဆိုပါတယ်။ ဒါ့အပြင် ရှေးခတ်က ထဘီကို တန်ဖီလို့ ခေါ်တဲ့အတွက် တန်ပြန်တယ်၊ အာဏာဖီဆန်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ယတြာဆင်တာလို့ ဆိုပါတယ်။

ဗျတ်ဝိတောင်ထဘီဒဏ်မခံနိုင်ဘူးလို့ဆို

တပ်မတော်သားတွေဟာ အသက်နဲ့ရင်းပြီး စစ်တိုက်ရတဲ့သူတွေဖြစ်တဲ့ အတွက် ထဘီတန်းဟာ သူတို့အတွက် အန္တရာယ်ရှိတယ်လို့တောင် ယူဆကြတဲ့ အကြောင်းကိုလည်း ရန်ကုန်မြို့က နာမည်ကြီးဗေဒင်ဆရာကြီးကဆိုပါတယ်။

“စစ်သားတွင်မကဘူး။ ရိုးရိုးလူလည်း မဝင်ဘူး။ ကျွန်တော့်ကိုဝင်ခိုင်းလည်း မဝင်ဘူး။ စစ်တပ်ထဲမှာကပိုပြီး အယူအဆရှိတယ်။ စစ်ဘက်ဆိုင်ရာမှာ တိုက်ပွဲဝင်ဖို့ မသွားခင်ထဘီတန်းအောက် လျှောက်ဖြတ်သွားမိရင် တိုက်ပွဲကျတာပဲ။ ဒါအခုခေတ်မှမဟုတ်ဘူး။ ရှေးတုန်းကတည်းကပဲ။ သာမန်စစ်သားဆိုတာ မပြောနဲ့ အလွန်အစွမ်းကောင်းတဲ့ ဗျတ်ဝိလိုလူစွမ်းကောင်းတောင် မအိုဇာက ထဘီတန်းနဲ့ ပေါက်ဖမ်းလိုက်တော့ ဘယ်လောက်စွမ်းစွမ်း နောက်ဆုံးအဖမ်းခံရတာပဲ။ ဗျတ်ဝိအဖမ်းခံရတာထဘီတန်းလက်ချက်ပဲ။”

ဗေဒင်ဆရာကြီးကတော့ ထဘီတန်းကို တချို့က အောက်လမ်းအစီအမံအဖြစ်နဲ့လည်း အသုံးပြုတတ်တဲ့ အတွက်ကြောင့်ရှောင်ရှားနိုင်ရင် အကောင်းဆုံးပဲလို့ အကြံပြုပါတယ်။

“ဘုန်းနိမ့်သွားအောင် လုပ်လိုက်တာပဲလေ။ စစ်တပ်ကတော့ ထုံးစံပဲ။ အဲသလိုအစဥ်အလာရှိတယ်ဗျ။ အဲဒီအောက်ထဲ လျှောက်ရဲတဲ့လူရှိရင်တော့ လျှောက်ကြပေါ့ဗျာ။ အဲသလိုလျှောက်ကြရင်တော့ ဘေးအန္တရာယ်၊ အသက်အန္တရာယ်နဲ့တော့ ကြုံကိုကြုံမှာ။ သူတို့မှာ ဘုန်းကံနိမ့်သွားတာ။ ရှေ့စစ်ချီနေတုန်း နောက်တန်းက မိန်းမတွေ ဖောက်ပြန်ရင် တိုက်ပွဲကျတတ်တာတို့၊ အင်္ဂါချို့ယွင်းတာတို့ သားသမီးကိုထိခိုက်တတ်တာတို့လည်း ဖြစ်တတ်တာကိုးဗျ။”

ဗုဒ္ဓဘာသာကျမ်းဂန်များမှာ ထဘီယုတ်ညံ့ကြောင်း ရေးသားချက်မရှိဟု ဆရာတော်ဦးဥတ္တရကမိန့်ကြား

ယတြာတိုက်ပွဲအပြန်အလှန်ဆင်နွှဲကြတာလား

သိပ္ပံပညာနဲ့ နှိုင်းယှဥ်သုံးသပ်ရင်တော့ ဒါတွေဟာ ခေတ်နောက်ပြန်ဆွဲတဲ့ အယူအဆတွေလို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာ ဗေဒင်ယတြာတွေ အသုံးပြုလေ့ရှိပါတယ်။ နိုင်ငံတော်အကြီးအကဲတွေ အသုံးပြုတဲ့ နာမည်ကြီး ဗေဒင်ဆရာဆိုတာမျိုးတွေတောင် ပေါ်ထွန်းခဲ့ဖူးပါတယ်။

အခုမြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို ဦးခေါင်းချိန်ပြီး သေနတ်နဲ့ပစ်တာဟာလည်း ယတြာအရလုပ်တာလို့ ယုံကြည်သူတွေ အများအပြားရှိပါတယ်။ မြန်မာ့ တပ်မတော်ခေါင်းဆောင် ကိုးကွယ်တဲ့ ဆရာတော်တပါးက “ခေတ်ပြောင်းချင်ရင် ခေါင်းကိုပစ်” လို့ ယတြာပေးတဲ့အတွက် အဲဒီယတြာအတိုင်းလုပ်နေတာလို့ လူမှုကွန်ရက်မှာရော ရပ်ကွက်ထဲမှာပါ လူအများအပြားက ယုံယုံကြည်ကြည် ပြောဆိုကြပါတယ်။ အဲဒီဆရာတော်က အမှန်တကယ် အဲသလိုယတြာပေးခဲ့တာ ဟုတ်မဟုတ်ကိုတော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံက အုပ်ချုပ်သူအလွှာပိုင်းမှာ ဗေဒင်ယတြာကို ကိုယ်တိုင်လည်း ယုံယုံကြည်ကြည် အသုံးပြုတတ်သလို တန်ပြန်ယတြာကို ကြောက်ရွံ့တတ်ကြကြောင်းလည်း အထောက်အထားတော်တော်များများ တွေ့ရဖူးပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့က လူငယ်ဗေဒင်ဆရာလင်းညို့တာရာကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးရတဲ့အကြောင်းကို မေးမြန်းတဲ့အခါ လူငယ်ဗေဒင်ဆရာ လင်ညှို့တာရာရဲ့ ယတြာနဲ့ ပတ်သက်ပြီး မေးမြန်းချင်လို့ပါလို့ လာရောက်ဖမ်းဆီးသူတွေက ဆိုပါတယ်။ “ညီလေးတို့ဖေ့စ်ဘုတ်တင်ထားတဲ့ဟာရှိတယ်။ ဓားတွေဘာတွေနဲ့ ဖယောင်းတိုင်တွေနဲ့ အဲဒီဟာနဲ့ပတ်သက်ပြီးမေးချင်လို့” လို့ဆိုပါတယ်။ မေးမြန်းချင်လို့ခေါ်တာပါဆိုပေမဲ့ သူ့ကို အလွန်ကြီးလေးတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ တရားစွဲဆိုခဲ့ပါတယ်။

အခုလို ဗေဒင်ဆရာတွေကို ပုဒ်မကြီးကြီးနဲ့ ဖမ်းဆီးအရေးယူနေတဲ့အတွက် ရန်ကုန်မြို့ကဗေဒင်ဆရာကြီးနဲ့ မန္တလေးက ပုဏ္ဏားဗေဒင်ဆရာကြီးက သူတို့အမည်ကို မထုတ်ဖော်ဖို့ ဘီဘီစီကိုပန်ကြားခဲ့ပါတယ်။

လင်းညို့တာရာဟာ ဓားကိုးချောင်းပေါ် ဖယောင်းတိုင်ထွန်းညှိတာ၊ ဖယောင်းတိုင်ကို အပ်ကိုးချောင်းနဲ့စိုက်တာ စတဲ့ ယတြာအစီအရင်တွေကို ပြုလုပ်ခဲ့ပါတာပါ။

မင်းနန်သူကျိန်စာ၊ မိဖုရားဖွားစောကျိန်စာနဲ့ ကျိန်စာအမျိုးမျိုး

ဒါ့အပြင် လူငယ်ကဗျာဆရာ လင်းညို့တာရာဟာ မင်းနန်သူကျိန်စာကို အသုံးပြုပြီး ကျိန်စာတိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ယတြာတွေနဲ့ အတူ အခုရက်ပိုင်းအတွင်း ခေတ်စားလာတဲ့အထဲမှာ ကျိန်စာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ မင်းနန်သူကျိန်စာ၊ မိဖုရားဖွားစော ကျိန်စာအပါအဝင် ရှေးခေတ်က နာမည်ကြီးကျိန်စာတွေကို ပြုပြင်မွမ်းမံပြီး အမျိုးမျိုးကျိန်စာတိုက်ကြတာကို လူမှုကွန်ရက်ပေါ်မှာ တွေ့ရပါတယ်။

ညဘက်အချိန် သုသာန်ကို လူငယ်တစုသွားရောက်၊ ဖရောင်းတိုင်မီးတွေထွန်းညှိပြီး ကျိန်စာတိုက်ကြတာကိုလည်း လူမှုကွန်ရက်မှာ တွေ့ခဲ့ရပါတယ်။

မတ်လ ၆ ရက်နေ့ကလည်း ပုဂံဘုရားဟောင်းတဆူအတွင်းမှာ မိန်းမပျိုတစုက ကျိန်စာရွတ်ဆိုပြီး စစ်သားရုပ်တွေကို မီးပုံရှို့တာ ဖိနပ်နဲ့ နင်းခြေကြတာကို လူမှုကွန်ရက်ပေါ်ဗီဒီယိုနဲ့ ဖြန့်ချိခဲ့ပါတယ်။

ရန်ကုန်မြို့ကနာမည်ကျော်ဗေဒင်ဆရာကြီးက ကျိန်စာနဲ့ ပတ်သက်ပြီး အခုလို ဆိုပါတယ်။

“ကျိန်စာတိုက်တာကတော့ အင်မတန်ကြောက်စရာကောင်းတဲ့ တိုက်ခိုက်နည်းတခုပါ။ လူတွေအင်မတန်မုန်းလို့ ဝိုင်းပြီး ကျိန်စာတိုက်ကြရင်တော့ အလွန်ဆိုးပါတယ်။ ကျိန်လိုက်ပြီဆိုရင် သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ မခံနိုင်ဘူး။ ပါဝင်ရတာပဲ။ ကျိန်စာအတိုက်ခံရရင် လူတယောက်မှာ အန္တရာယ်ရှိတတ်တယ်။ အဲဒါကြောင့် ပုဂံခေတ်ကဘုရားတည်ရင် ကျိန်စာတိုက်ပြီးမှ ဘုရားတည်ကြတာ။ အားလုံးကဝိုင်းဝန်းပြီး စနစ်တကျကျိန်စာတိုက်ရင် ထိရောက်တယ်။ ကျိန်စာတိုက်တယ်၊ ဆဲတယ်၊ ကျိန်ဆိုတယ်ဆိုတာတွေရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သမ္မတတွေတောင် ကျိန်ဆိုကြရတာပဲလေ။”

ယတြာတွေ၊ ကျိန်စာတွေ၊ ထဘီတန်းတွေဟာ ၂၀၂၁ လူထုလှုပ်ရှားမှုရဲ့ ထူးခြားချက်တခုလို့တောင် ဆိုကောင်းဆိုလို့ရနိုင်ပါလိမ့်မယ်။ ၁၉၈၈ လူထုလှုပ်ရှားမှုမှာ အဲသလိုယတြာတွေ၊ ကျိန်စာတွေ၊ ထဘီတန်းတွေကို လူထုဘက်က အသုံးပြုတာမတွေ့ခဲ့ရပါဘူး။


လူငယ်တွေရဲ့အမြင်

ဒါပေမဲ့ လူငယ်ပိုင်းကတော့ ထဘီနဲ့ပတ်သက်ပြီး သူတို့မှာ အစွဲအလန်းမရှိဘူးလို့ ဆိုကြပါတယ်။

လူငယ်ကဗျာဆရာမောင်ဆောင်းခက ထဘီနဲ့ပတ်သက်ပြီး သူ့အယူအဆကို အခုလိုပြောပါတယ်။

“ဒီနေ့မှာ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်တင်မဟုတ်ဘူး။ ကျွန်တော်တို့အကြားမှာ အရိုးစွဲနေတဲ့ အယူဝါဒတွေ၊ တလွဲအတွေးအခေါ်တွေကို တပြိုင်နက်တည်းတိုက်ခိုက်ဖို့အတွက် ဒီနေ့ ကျွန်တော်တို့ ထဘီကို အလံထူကြတာပါ။ ကျွန်တော်အခုခေါင်းပေါင်းထားတာ ထဘီခေါင်းပေါင်းပါ။ ဒီထဘီခေါင်းပေါင်းသည် ကျွန်တော့်အတွက်ကျည်ကာဦးထုပ်ပဲ။ ကျွန်တော်အဲသလိုယုံကြည်တယ်။ ဒီဟာကိုပေါင်းထားတဲ့အတွက် ကျွန်တော်ကိုယ့်ကိုယ်ကိုယ်လုံခြုံတယ်လို့ ခံစားရပါတယ်။”

ထဘီဟာ ငါတို့အလံဖြစ်တယ်။ ငါတို့အလံဟာငါတို့အောင်ပွဲအမှတ်အသားဖြစ်တယ်လို့လည်း မောင်ဆောင်းခကဆိုပါတယ်။

ရန်ကုန်မြို့ကဗေဒင်ဆရာကြီးကတော့ ထဘီကိုခေါင်းပေါင်းချင်ရင် အမေ့ထဘီကိုခေါင်းပေါင်းပါ။ အမေ့ထဘီကတော့ ဘုန်းမနိမ့်စေတဲ့အပြင် အန္တရာယ်ကင်းစေတယ်လို့ ဆိုပါတယ်။

ထဘီတန်းအဆင့်ဆင့်တားထားတာကို ထဘီခံစစ်ကြောင်းလို့ ခေါ်ဆိုနေကြ

ဗုဒ္ဓဘာသာအမြင်

ထဘီနဲ့ပတ်သက်ပြီး ညစ်ညမ်းတယ်လို့ယူဆသူ ဘုန်းနိမ့်တတ်တယ်လို့ ယူဆသူတွေဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်တွေထဲမှာတော့ မိန်းမကယောက်ျားထက်ယုတ်တယ်လို့လည်းမဆို ထဘီဟာ ညစ်ညမ်းတယ်လို့လည်း မဆိုကြောင်း လန်ဒန်မြို့ သာသာနာ့ရံသီကျောင်းတိုက်က ဆရာတော်ဦးဥတ္တရက ဆိုပါတယ်။

“ဗုဒ္ဓဘာသာမှာတော့ မိန်းမနဲ့ယောက်ျားမှာ ဘယ်သူကပိုယုတ်တယ်။ ဘယ်သူက ပိုမြတ်တယ်လို့ ဟောမထားပါဘူး။ မိန်းမဝတ်တဲ့ထဘီဟာ ယုတ်ညံ့တယ်နိမ့်ကျတယ်လို့ ဟောမထားပါဘူး။ ဒါတွေဟာ ပညတ်တွေပါပဲ။ ဗုဒ္ဓဘာသာထဲမှာ ထဘီကို သင်္ကန်းအဖြစ်ကပ်လှူခဲ့လို့ ကောင်းကျိုးရခဲ့ပြီးနောက်ဆုံး အရဟတ္တဖိုလ်ဆိုက်တဲ့ အမျိုးသမီးတောင်ရှိခဲ့ဖူးပါတယ်။ အဲဒါက ဥပ္ပာလဝဏ်ထေရီပါ။ ရှေးအခါက ဥပ္ပာလဝဏ်အလောင်းအလျာ အမျိုးသမီးဟာ ရေချိုးသွားဖို့ ထဘီအပိုနဲ့ ထွက်လာစဥ်မှာ သူခိုးဓားပြတွေနှိပ်စက်ပြီး သင်္ကန်းပါမချန် လုအယူခံလိုက်ရတဲ့ ရဟန်းတပါးကို သင်္ကန်းကပ်လှူခဲ့ဖူးပါတယ်။ သင်္ကန်းလို့ဆိုပေမဲ့ ဥပ္ပလဝဏ်ထေရီလှူလိုက်တာဟာ သူဝတ်မဲ့ ထဘီပါပဲ။ အဲဒီထဘီကို လှူလိုက်တဲ့ အကျိုးကျေးဇူးကြောင့် ဥပ္ပာလဝဏ်ထေရီဟာ နောင်ဘဝမှာ ရူးသွပ်လောက်အောင် ချောမောလှပတဲ့ ဥမ္မဒန္တီဖြစ်ခဲ့ဖူးတယ်။ ပဒုမ္မဒေဝီဖြစ်ခဲ့ဖူးတယ်။ သီဟိုဠ်မှာဆိုရင် အဲဒီဓလေ့ဟာ အခုထိရှိပါတယ်။ တရားဟောမဲ့ ပလ္လင်ပေါ်မှာ ခင်းကြတာဟာ ထဘီလို ဆာရီလို ပန်းတွေကြာပန်းတွေနဲ့ အဝတ်ပါပဲ။ ယောက်ျားဝတ်တဲ့ဟာမဟုတ်ဘူး။ ကျိုက်ဝိုင်းဆရာတော်ကြီးတောင်ဟောဖူးပါတယ်။”

မိန်းမထဘီဟာ ယောက်ျားပုဆိုးထက်မယုတ်ညံ့တဲ့အပြင် မိန်းမထဘီကပိုစွမ်းတယ်လို့ ယူဆတာမျိုးတောင်ရှိတယ်လို့လည်း ဆရာတော်ဦးဥတ္တရက ဆိုပါတယ်။

“တချို့ကလည်း မိန်းမထဘီက ပိုစွမ်းတယ်လို့ယူဆကြတာရှိပါတယ်။ ကျမ်းဂန်ထဲမှာ ပါတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သရဲတစ္ဆေပူးကပ်ရင် ယောက်ျားပုဆိုးနဲ့ အုပ်လို့ ထွက်မပြေးပါဘူး။ မိန်းမထဘီနဲ့ အုပ်မှ ထွက်ပြေးပါတယ်။ အဲဒါကြောင့် မိန်းမထဘီကပိုစွမ်းတယ်လို့တောင် ယူဆကြတာလည်းရှိပါတယ်”လို့ ဆရာတော်ဦးဥတ္တရက မိန့်ပါတယ်။

ရန်ကုန်မြို့က လမ်းတွေပေါ်မှာ ထဘီတွေ အများအပြားတွေ့ရပါတယ်။ ရည်ရွယ်ချက်က အမျိုးမျိုးပါ။

တချို့က ထဘီ၊ ယတြာ၊ ကျိန်စာတွေကို အမှန်တကယ်ယုံကြည်ကြပါတယ်။ တချို့ကတော့ တကယ်မယုံကြည်ကြပေမဲ့ ဆိုက်ဝါး psywar အဖြစ် အသုံးပြုကြတာဖြစ်ပုံရပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56326696

ထဘီတန်းနှင့် ယတြာများ၊ ကျိန်စာများ  ထဘီတန်းနှင့် ယတြာများ၊ ကျိန်စာများ Reviewed by THITHTOOLWIN on 01:24 Rating: 5

No comments:

Powered by Blogger.