စမ်းချောင်းမြို့နယ်မှာ ပိတ်မိနေသူတွေကို လုံခြုံစွာ ပြန်ခွင့်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာတောင်းဆို



ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ည ၉ နာရီနောက်ပိုင်းမှာ မျက်ရည်ယိုဗုံးအပါအဝင် စတင် ပစ်ခတ်နေပါတယ်။

အင်အားအလုံးအရင်းနဲ့ စမ်းချောင်းမြို့နယ်ကို အဝင်အထွက်ပိတ်ဆို့ထားပြီး၊ နောက်ထပ် စစ်ကားတွေနဲ့အတူ mini bus ၁ဝ စီးကျော်လောက်လည်း ဘုရင့်နောင်တံတားကနေ အလုံစမ်းချောင်းဘက်ကို ထွက်ခွာသွားတာ တွေ့ရတယ်လို့ မျက်မြင်တွေ့သူတချို့က ပြောပါတယ်။

အိမ်တွေထဲ ဝင်ရောက် စီးနင်းရှာဖွေဖို့ ပြင်ဆင်နေပြီး၊ ည ၁ဝ နာရီ ၄၅ မိနစ်အထိ လမ်းပေါ်မှာ ဖမ်းဆီးခံရသူ အနည်းဆုံး ၂၁ ယောက် ရှိသွားပြီလို့ GenZ 21 Myanmar နဲ့ စမ်းချောင်းမြို့နယ် ဒေသခံတွေက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကတော့ - စမ်းချောင်းမြို့နယ်မှာ လတ်တလော တင်းမာနေတဲ့ အခြေအနေတွေကို ချက်ချင်းလျှော့ချဖို့နဲ့ အိမ်မပြန်နိုင်ဘဲ စမ်းချောင်းမြို့နယ်မှာ ပိတ်မိနေသူတွေကို ဘေးအန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်နိုင်အောင် စစ်တပ်နဲ့ ရဲတွေက ခွင့်ပြုဖို့ကို တောင်းဆိုထားပါတယ်။

အမေရိကန်၊ ဗြိတိန်၊ EU ဥရောပသမဂ္ဂနဲ့ ကနေဒါသံရုံးတွေကလည်း - စမ်းချောင်းမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ထားတာကြောင့် တင်းမာမှုတွေ မြင့်တက်နေပြီး၊ အဲ့ဒီကနေ လုံခြုံရေးတပ်ဖွဲ့တွေ ထွက်ခွာဖို့နဲ့ ပြည်သူတွေ ဘေးအန္တရာယ်ကင်းကင်း အိမ်ပြန်နိုင်အောင် ခွင့်ပြုပေးဖို့ကို သံရုံးတွေရဲ့ Facebook စာမျက်နှာတွေကတဆင့် ရေးသားတောင်းဆိုထားတာ တွေ့ရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းနေတာတွေကို ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုနေပေမဲ့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီကနေ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့မှာ အဓိက အတားအဆီးဖြစ်နေရတဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့လည်း - ရပ်တည်ချက်ကို ပြင်ဖို့ လိုပြီလို့ GenZ 21 Myanmar က ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ စစ်အာဏာသိမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်ဆိုတာကို ပြည်သူတွေသိရှိထားပြီး၊ လက်ရှိ တင်းမာမှုတွေအတွက်လည်း တရုတ်နိုင်ငံမှာ တာဝန်အပြည့်ရှိတယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်မယ်ဆိုရင် လက်ရှိ ကျဆင်းနေတဲ့ နိုင်ငံရေးဂုဏ်သိက္ခာကိုရော၊ မြန်မာ-တရုတ် ဆက်ဆံရေးတင်မက အာရှနဲ့ တရုတ်ဆက်ဆံရေးမှာပါ မျက်နှာပန်းလှစေမှာဖြစ်ပြီး၊ တရုတ်အစိုးရကို မြန်မာနိုင်ငံအရေးမှာ ပြည်သူတွေဘက်က ရပ်တည်ပေးဖို့ တောင်းဆိုထားပါတယ်။

RFA Burmese



စမ်းချောင်းမြို့နယ်မှာ ပိတ်မိနေသူတွေကို လုံခြုံစွာ ပြန်ခွင့်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာတောင်းဆို စမ်းချောင်းမြို့နယ်မှာ ပိတ်မိနေသူတွေကို လုံခြုံစွာ ပြန်ခွင့်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာတောင်းဆို Reviewed by THITHTOOLWIN on 03:30 Rating: 5

No comments:

Powered by Blogger.