ပစ်ခတ်နှိမ်းနင်းမှုတွေကြားက ညသပိတ်တိုက်ပွဲများ

အာဏာသိမ်းထားတဲ့ စစ်အုပ်ချုပ်ရေးကောင်စီက ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ရွှေပြည်သာ မြို့နယ်တွေမှာ တနင်္ဂနွေနေ့ညပိုင်းကစလို့ စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) ထုတ်ပြန်လိုက်ချိန်မှာပဲ ရန်ကုန်ထဲက မြို့နယ်တချို့မှာ ညသပိတ် ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြတာပါ။

တနင်္ဂနွေ နေ့လည်ပိုင်းက လှိုင်သာယာ မြို့နယ်က ဆန္ဒပြ ပြည်သူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက်ပစ်ခတ် နှိမ်နင်းမှုအတွင်း အရပ်သား သေဆုံးမှု အများအပြား ရှိခဲ့ပြီးနောက် ညသပိတ်တွေ ပိုအားကောင်းလာတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနားက မဝတ လမ်းဆုံမှာ ညသပိတ် ဆန္ဒပြနေတဲ့လူအုပ်စုကြီးကို စစ်တပ်နဲ့ရဲက ပစ်ခတ်မှုကြောင့် ကျည်ထိမှန် ဒဏ်ရာရသူ အနည်းဆုံး (၅)ဦးရှိပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတာကို ဖေ့စ်ဘွတ် Live ထုတ်လွှင့်မှုမှာ တွေ့ရပါတယ်။

" .... ဒဏ်ရာက တော်တော်ကြီးပါတယ်။ ကြောကနေ လုံးဝ အသားစတွေ ထွက်သွားတဲ့ အခြေအနေပါ။ အကုန်လုံးကတော့ သေနတ်ကျည် အစစ်နဲ့ ပစ်တာ ဖြစ်တဲ့အတွက် သူတို့ရဲ့ထိခိုက်မှုကတော့ အခုမြင်ရတဲ့ အတိုင်းပါပဲ။ ခေါင်းထိတယ် လည်ပင်းမှာထိထားတဲ့ လူငယ်တွေ စိုးရိမ်ရတဲ့ အနေအထားမျိုးမှာ တွေ့ရပါတယ်။ လက်ရှိမှာ ကျမအတည်ပြုရ သလောက် ကျမရဲ့ မျက်မြင်ကိုယ်တွေ့ကတော့ ၅ ယောက်ကို အတည်ပြုနိုင်ပါတယ်။ "

တောင်ဒဂုံမြို့နယ်မှာလည်း ညဖက် ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်းနင်းတာကြောင့် ဒဏ်ရာ အပြင်းထန်ရသူတွေ ရှိခဲ့ပြီး ၊ အသေအပျောက် ရှိတယ်လို့ ပြည်တွင်းသတင်းဌာန တချို့ ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြထားပေမယ့် VOA က သီးခြားအတည်ပြုနိုင်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

ဒေါပုံမြို့နယ်မှာလည်း ရာချီတဲ့လူတွေက လမ်းမကြီးကို ပိတ်ပြီး ထိုင်သပိတ်လုပ်နေတာကိုလည်း လူမှုကွန်ယက် မီဒီယာပေါ် တင်ထားတဲ့ ဗီဒီယိုမှာ မြင်ရပါတယ်။ ဒေါပုံမှာတော့ ပစ်ခတ်ဖြိုခွင်း ခံရတဲ့ သတင်းတော့ မရရှိသေးပါဘူး။

ဒါပေမဲ့ အင်းစိန်လမ်းမကြီးပေါ်က သံလမ်းတဝိုက်မှာတော့ ညသပိတ် ဖြိုခွင်း ခံရပြီး ထိခိုက်ကျဆုံးမှုရှိပေမယ့် ဘယ်နှယောက် သေဆုံး ဒဏ်ရာရတယ်ဆိုတဲ့ စာရင်းအတိအကျကို အတည်မပြုနိုင်သေးပါဘူး။

ရန်ကုန်တိုင်းအပြင် ဧရာဝတီတိုင်း ပုသိမ်မြို့မှာဆိုရင်လည်း ဥမ္မာဒန္တီရပ်ကွက်နေ ပြည်သူတွေ ညဘက်ဆန္ဒပြနေတာကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ဆန္ဒပြပြည်သူ တဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရတယ်လို့ ပုသိမ်မြို့ခံ မီဒီယာတွေမှာ ဖေါ်ပြပါတယ်။ ထိခိုက် သေဆုံးမှုစာရင်းကိုတော့ VOA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အလားတူ ပဲခူးမြို့မှာလည်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး ညဘက် လူထုဆန္ဒပြပွဲတွေ ရှိခဲ့တာကို Live ထုတ်လွှင့်မှုတွေမှာ တွေ့ရပါတယ်။

အခုလို လူတွေကိုယ်တိုင်ထွက် ဟစ်ကြွေးဆန္ဒပြတဲ့ ညသပိတ်တွေ ရှိသလိုပဲ မြန်မာနိုင်ငံက တချို့မြို့နယ် တွေမှာဆိုရင် လူမပါပဲ ဆိုင်းဘုတ်တွေ ထောင် ၊ အသံသွင်းထားတဲ့ ကြွေးကြော်သံတွေ ဖွင့်ပြီး လူမဲ့သပိတ် တွေကိုလည်း ဆင်နွှဲနေတာ တွေ့ရပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/night-protest-and-shooting/5814476.html

ပစ်ခတ်နှိမ်းနင်းမှုတွေကြားက ညသပိတ်တိုက်ပွဲများ ပစ်ခတ်နှိမ်းနင်းမှုတွေကြားက ညသပိတ်တိုက်ပွဲများ Reviewed by THITHTOOLWIN on 07:47 Rating: 5

No comments:

Powered by Blogger.