ကလေးမြို့သပိတ်စခန်း ရန်သူစခန်းသိမ်းပိုက်သလို တိုက်ခိုက်ခံရ



စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက ဆန္ဒပြသူတွေကို သေနတ်တွေနဲ့ပစ် ခတ်ဖြိုခွင်းရာမှာ သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေရှိနေပေမယ့် ဒေသခံတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေက ဆက်ပြီးရှိနေတုန်းပါပဲ။ ဖြိုခွဲနှိမ်နင်းမှုကို ပြန်ပြီးခုခံကာကွယ်ဖို့ ကလေးမြို့ တာဟန်း ရပ်ကွက်က ဗိုလ်ချုပ်လမ်းမပေါ်မှာ ဆန္ဒပြသူတွေဘက်က ယာယီခံတပ်စခန်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက စက်သေနတ်တွေနဲ့ပါ သုံးပြီး ပစ်ခတ်နှမ်နင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုဖြိုခွင်းခံနေရပေမယ့်လည်း ဆက်ပြီး ခုခံသွားမယ်လို့ ဆန္ဒပြပွဲမှုာ ပါဝင်သူတစ်ဦးက ပြောပါ တယ်။

“ ဒီနေ့ မတ်လ ၃၀ နေ့မှာတော့ မနက်ပိုင်း ၉ နာရီမှာ ထိုင်သပိတ်လုပ်တယ်။ အခု ကျွန်တော်တို့ Medicial Cover အပါအဝင် ယာယီသပိတ်စခန်းအနေနဲ့ ဖွင့်လှစ်လိုက်ပြီဗျ။ ယာယီသပိတ်စခန်း အဖြစ် သတ်မှတ်လိုက်ပြီ။ အဲ့တော့ ကျွန်တော်တို့က ဒီမှာပဲ အတတ်နိုင်ဆုံး ကျွန်တော်တို့ နေမယ်။ ဒီနေရာကို အချိန်ပြည့် စောင့်ကြပ်မယ်။ လာရောက်ဖြိုခွင်းလာတာတွေရှိရင် သူတို့အကြမ်းဖက်လာတာတွေရှိရင် ကျွန်တော်တို့ရှိသမျှ အင်အားနဲ့ ခုခံမယ်။ ကာကွယ်သွားမယ်”

ချင်းလူမျိုး အများစုနေထိုင်တဲ့ ကလေးမြို့ တာဟန်းရပ်ကွက်မှာ မတ်လ ၂၇ ရက်နေ့ကတည်းက စစ်တပ်က အကြမ်းဖက်လာရင် ကာကွယ်ဖို့ ခံတပ်ကို စတင်တည်ဆောက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပင်မခံတပ်က ကျွန်တော်တို့ အိမ်ရှေ့တည့်တည့်လေ။ ကျွန်တော်တို့ တစ်ရပ်ကွက်လုံး အဲ့မှာမနေဘူး။ ၂၇ရက်နေ့ကတည်း စပြီး။ တာဟန်းမှာက ၁၇ရက်နေ့က စပြီးပစ်တာဆိုတော့ ကျွန်တော်တို့မှာ အတွေ့အကြုံက ရှိပြီးပြီ။ အရင်တုန်း ခံတပ်တောင် မဆောက်ဘဲနဲ့ အဲ့လောက်တောင် ပစ်သွားတာ ဆိုတော့ အခုက ခံတပ်ဆောက်ထားတာတော့ တော်တော်ပြင်းထန်လိမ့်မယ်။ ငါတို့တွေလည်း အထိအနာရှိလိမ့်မယ်ဆိုပြီးတော့ ဘေးနားက အိမ်တွေ ကျွန်တော်တို့ ရပ်ကွက်က အိမ်တွေက ပြောင်းရွှေ့ပေးလိုက်တာပေါ့။ ဆန္ဒပြတဲ့သူတွေ၊ ပြန်လည်တိုက်ခိုက်မယ့်သူတွေက ကိုယ့်ကိုယ်ကို ကာကွယ်တဲ့သူတွေ လွတ်လွတ်လပ်လပ် ကာကွယ်လို့ရအောင် ခုခံလို့ရအောင်ပေ့ါ။”

မတ်လ ၂၈ရက်နေ့ ညနေပိုင်းမှာတော့ တာဟန်းသပိတ်ခံတပ်ကို စစ်တပ်က လာရောက် အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး ဆန္ဒပြသူ ၅ ဦး သေနတ် ထိမှန်သေဆုံးခဲ့တယ်လို့ သပိတ်စခန်းမှာ ပါဝင်သူတစ်ဦးက RFAကို အတည်ပြုပါတယ်။

“မတ် ၂၇ရက်နေ့မှာ သူတို့လမ်းသွားလမ်းလာတွေကို ရိုက်နှက်ဖမ်းဆီးတာတွေတော့ရှိတယ်။၂၈ ရက် နေ့က နေ့လည်ထိတွေ့မှုပေါ့နော်။ကျွန်တော်တို့ရဲ့ ခံတပ်ကို လာရောက် ဖြိုခွင်းတာမှာ ကျွန်တော်တို့ဘက်က လေးယောက် ကျဆုံးခဲ့တယ်။ ညလှည့်ခင်းမှာ သူတို့က တစ်ယောက်ကို ပစ်သတ်လိုက်တဲ့ အတွက် တစ်ယောက်ကျဆုံးတယ်။ စုစုပေါင်း ငါးယောက်ပေါ့ဗျာ။”

ကလေးမြို့ သပိတ်ဖြိုခွင်းမှုမှာ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့တွေက လက်ပစ်ဗုံး၊ အသံဗုံး၊ မျက်ရည်ယိုဗုံးတွေအပြင် RPG လောင်ချာ၊ G3နဲ့ စက်သေနပ်တွေအသုံးပြုပြီး ဖြိုခွင်းနေတယ်လို့ တွေ့မြင်သူတွေက RFA ကို ပြောပါတယ်။

အပြင်းအထန်ဖြိုခွဲခံရမှုတွေရှိနေပြီး ဆန္ဒပြပြည်သူဆယ်ဦးသေဆုံးခဲ့တဲ့ ကလေးမြို့ တာဟန်းရပ်ကွက်မှာ မတ်လ ၃၀ ရက် မနက်ပိုင်းကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ထိုင်သပိတ်ကို ပြုလုပ်ခဲ့ပါသေးတယ်။

RFA Burmese



ကလေးမြို့သပိတ်စခန်း ရန်သူစခန်းသိမ်းပိုက်သလို တိုက်ခိုက်ခံရ ကလေးမြို့သပိတ်စခန်း ရန်သူစခန်းသိမ်းပိုက်သလို တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 05:39 Rating: 5

No comments:

Powered by Blogger.