ဘီဘီစီသတင်းထောက်နဲ့ မဇ္စျိမသတင်းဌာန အယ်ဒီတာဟောင်း ဖမ်းဆီးခံရ

ဘီဘီစီသတင်းထောက် ကိုအောင်သူရ (ဓါတ်ပုံ ၊ ဒေါ်ခင်စိုးဝင်း ဗွီအိုအေ မြန်မာပိုင်း)

နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးရှေ့မှာသတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်နဲ့ မဇ္စျိမ သတင်းဌာနအယ်ဒီတာဟောင်းတဦးတို့ ဒီကနေ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အခုချိန်မှာတော့ သူတို့ကို ဘယ်လို စွဲချက်နဲ့ ဖမ်းဆီးတယ်ဆိုတာနဲ့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးပါဘူး။ ဒီအကြောင်း ရန်ကုန်ကရတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ဒီကနေ့ နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးရှေ့မှာ NLD ပါတီ နာယက ဦးဝင်းထိန် ရုံးချိန်းနဲ့ပတ်သတ်လို့ သတင်းယူနေဖို့ ရောက်ရှိနေစဉ် ဒီသတင်းထောက် ၂ ဦး အဖမ်းခံရတာဖြစ်ပါတယ်။ ဖမ်းခံရသူတွေဟာ BBC နေပြည်တော်သတင်းထောက် ဦးအောင်သူရနဲ့ Mizzima သတင်းဌာန နေပြည်တော်အယ်ဒီတာဟောင်း ဦးသန်းထိုက်အောင်တို့ဖြစ်ပါတယ်။

အခုလိုဖမ်းခံရတာနဲ့ပတ်သတ်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သတင်းစာ ဆရာ ဦးစည်သူအောင်မြင့်ကတော့ လတ်တလောသတင်း မီဒီယာသမားတွေ သတင်းရယူခွင့် အနိမ့်ဆုံးအခြေအနေဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။

"ဒီတရားရုံးဆိုတာက ဆန္ဒပြပွဲလဲမဟုတ်ဘူ။ းဒီလိုနေရာမျိုးဖမ်းတယ်ဆိုတော့ ကျန်တဲ့ဆန္ဒပြနေရာတွေ တခြားနေရာတွေမှာဆို သတင်းထောက်ဆိုရင် ဖမ်းမှာဘဲဆိုပြီး အရင်ဖမ်းလိုက်တယ်။ ဖမ်းပြီးမှ စစ်မယ်။ သတင်းထောက်ဟုတ်မဟုတ် သတင်းထောက်ဟုတ်ပြီဆို ဒါကဘယ်သူတွက် အလုပ်လုပ်ပေးနေလဲ။ အဲတော့တရားဝင်မှတ်ပုံတင်ဟုတ်ဘူး သူတို့ပိတ်ပင်ထားတာဖြစ်ရင်တော့ အဲချက်ကိုကိုင်အရေးယူမှာပေါ့ ။ သတင်းထောက်တွေ ဘယ်မှာမှ သတင်းယူဖို့ မလွယ်ဘူးဆိုတဲ့ အခြေအနေပြလိုက်တာဘဲလေ"။

တရားရုံးသတင်းရယူအပြီး ပြန်ဖို့လုပ်နေချိန်ထိန်းသိမ်းခံရတာပါ။ ဒီနေ့ဦးဝင်းထိန် တရားရုံးရုံးချိန်းသတင်းကို တခြားဌာန သတင်းထောက်တွေလည်း သွားရောက် သတင်းရယူခဲ့ကြပြီး တခြားသတင်းထောက်တွေ ပြန်ချိန် သူတို့နှစ်ဦးသာကျန်တော့ချိန်မှ အခုလို ဖမ်းဆီးခေါ်ခဲ့တာဖြစ်တယ်လို့ နေပြည်တော် သတင်းသမားတဦးကပြောပါတယ်။

၂ ယောက်စလုံးကို စစ်မေးစရာ ရှိလို့ လိုက်ခဲ့ပါဆိုပြီးကားပေါ်ကို အတင်းဆွဲခေါ်သွားတာ ခေါ်သွားတဲ့ကားဟာ အိမ်စီးကားတစီးဖြစ်တယ်ဆိုတာကို ဖမ်းဆီးချိန်တရားရုံးမှာရှိနေတဲ့ မျက်မြင်တွေ့ ရှိသူကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ BBC သတင်းထောက် မိသားစုဝင်ပြောပြချက်အရ ဘယ်နေရာကိုခေါ်ဆောင်သွားလဲ၊ ဘာအတွက် ခေါ်လည်းဆိုတာမသိရသေးဘူးလို့ အတည်ပြုပြောပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်း ဦးဇေယျာလှိုင်ကတော့ လက်ရှိအချိန်ဟာ သတင်းမီဒီယာလောကတွက်အမှောင်ဆုံးချိန်တခုလို့ သူက ခိုင်းနှိုင်းပြောဆိုလိုက်ပါတယ်။

" ဖေဖော်ဝါရီ ၁ အာဏာသိမ်းကတည်းက တရားဝင် သွားလာလုပ်ကိုင်နေတဲ့ Mizzima နဲ့ DVB စပိတ်ခံရတယ်။ နောက်ဆန္ဒပြတာ သတင်းလိုက်ယူနေတဲ့ သတင်းထောက်၊ သတင်းထောက်မှန်းသိအောင် ထင်ရှားအောင်နေတာလဲ ဖမ်းခံရတယ်။ အဲထဲက သတင်းလွတ်လက်ခွင့်မရှိတော့ဘူ။း ဥပဒေမဲ့ပြုကျင့်တာ အများကြီးဘဲလေ။ ရိုက်တယ်ဖမ်းတယ်။ ကမာရွတ်ဆိုလဲ ရုံးထဲဝင်ရိုက်ခွဲတယ်။ သတင်းထောက် ၂ယောက်ဖမ်းတယ်။ ဒါတွေကတရားမဲ့ကျင့်တာ။ သတင်းစာလွတ်လပ်ခွင့်က ကျနော်တို့ လက်ရှိနေထားက ရှိကို မရှိတော့တာ ။သတင်းစာဆရာ တွေကိုယ်တိုင် အန္တရာယ်ကြားနေရတယ်။ ဒါကလည်းအများနဲ့ တူတူပေါ့။ ဒါပေမယ့် လမ်းပေါ်ကပြည်သူတယောက်ကို အသားလွတ်ရိုက်ဖမ်းတာဆိုတော့ သတင်းထောက်က ပိုဆိုးတာပေါ့။ အထူးသတိထားရမယ်။ လွတ်လပ်ခွင့်လုံးဝမရှိတာ ပြောရပါမယ် "။

BBC သတင်းထောက်နဲ့အတူ အာဏာသိမ်းစစ်အုပ်ချုပ်ရေးကောင်စီက ထုတ်ဝေခွင့်ရပ်ဆိုင်းထားတဲ့ Mizzima သတင်းဌာန အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်လဲ ပါဝင်နေတာမို့ ထုတ်ဝေခွင့်ရပ်ဆိုင်းထားတဲ့ Mizzima သတင်းဌာန နဲ့ပတ်သတ်လို့ အယ်ဒီတာဟောင်းကို ခေါ်ယူစစ်ဆေးတာဖြစ်နိုင်တယ်လို့ သတင်းတွေထွက်နေသလို မကြာသေးခင်ရက်ပိုင်းက တပ်မတော်ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ BBC သတင်းထောက် မေးမြန်းမှု အပေါ်တပ်မတော်ဘက်က ပြင်းပြင်းထန်ထန်သတိပေးခဲ့တဲ့အထိ ဖြစ်ခဲ့တာမို့ အဲဒီဖြစ်ရပ်အတွက် အခုလိုဖမ်းခေါ်တာဖြစ်နိုင်တယ်လို့ အမျိုးမျိုးသုံးသပ်မှုတွေ ရှိပေမယ့် ဗီအိုအေက အတည်မပြုနိုင်ပါဘူး။

အခုလို ဖမ်းဆီး ထိန်းသိမ်းမှုနဲ့ပတ်သက်လို့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးပေမယ့် ဖုန်းကိုင်ဖြေဆိုတာ မရှိခဲ့ပါဘူး။

ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ ဒီနေ့ထိသတင်းထောက် အယောက် ၅၀နီးပါးဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက အယောက် ၂၀ကျော်ပြန်လွတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ သတင်းထောက် ၂၀ထက်မနည်း ထိန်းသိမ်းခံရဆဲဖြစ်ပြီး အဲဒီထဲက ၁၀ဦးထက်မနည်းဟာ နှစ်ရှည်ထောင်ကျခံရနိုင်တဲ့ပုဒ်မတပ် တရားစွဲဆိုခံထားရပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/bbc-and-mizzima-reporters-arrested-by-military-council/5820880.html

ဘီဘီစီသတင်းထောက်နဲ့ မဇ္စျိမသတင်းဌာန အယ်ဒီတာဟောင်း ဖမ်းဆီးခံရ ဘီဘီစီသတင်းထောက်နဲ့ မဇ္စျိမသတင်းဌာန အယ်ဒီတာဟောင်း ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 22:07 Rating: 5

No comments:

Powered by Blogger.