နိုင်ငံအနှံ့ ညသပိတ်များနဲ့ လုံခြုံရေးတို့ရဲ့ နှိမ်နင်းမှု

မြန်မာဆန္ဒပြသူတွေက ဓာတ်ဆီဗုံးကို သုံးပြီး ရဲဖြိုခွဲမှုကို အံတုစဉ် (ဓာတ်ပုံ- AFP)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အာဏာပိုင်တွေက နေ့ရော၊ ညပါ အကြမ်းဖက် နှိမ်နင်းတာတွေ ရန်ကုန်မြို့ အပါအဝင် နေရာအနှံ့မှာ ဆက်လုပ်နေပါတယ်။ ဖမ်းဆီးမှုတွေ ပစ်ခတ်မှုတွေကြားမှာပဲ ဆန္ဒပြလှုပ်ရှားမှုတွေလည်း ရှိနေဆဲပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဝင်းမင်းက ပြောပြပေးပါမယ်။

ရန်ကုန်မှာ မနေ့ညက အခြေအနေကို အမည်မဖော်လိုတဲ့မြို့ခံတဦးက “ အခု ၈ နာရီတုန်းကတော့ သံပုံးတီးတဲ့ အသံတွေ ကြားလိုက်ရပါတယ်။ အဲဒီအသံပြီးတဲ့ ခါကျတော့ ပြန်ပြီးတော့ တိတ်သွားတာပေါ့။ ခါတိုင်း ညတွေက ကြားရသလို ညသပိတ်အသံတွေတော့ မကြားရဘူး။ အဲဒီအချိန်ထဲမှာတော့ သူတို့ရဲ့ နယ်မြေရှင်းလင်းတဲ့ပွဲတွေ၊ စစ်ကားတွေနဲ့လာပြီးတော့ လိုက်ဆွဲတာတွေ၊ အိမ်ပေါ်ကနေ ခေါ်ခေါ်ပြီးတော့။ တခါတလေ ပစ်တာခတ်တာနဲ့ဒဏ်ရာရတာတွေ ရှိတယ်ပေါ့နော်။ အခု ရန်ကုန်မြို့ရဲ့ဘယ်နေရာမဆို သိပ်ကို မစိမ်းတော့ဘူး။ သေနတ်သံဆိုတာကြားနေရတာပဲ။ ဖြိုးဖြိူးဖြောက်ဖြောက်ပေါ့နော်။ ငယ်ငယ်တုန်းက ရုပ်ရှင်ထဲမှာ ကြည့်ရတဲ့ ရွာထဲကို သူပုန်တွေဝင်လာတဲ့ ခံစားမှုမျိူးပေါ့နော်။ ကျီးလန့်စာ စားခေါ်မှာပေါ့နော်။ ညတိုင်း ညတိုင်းက အိပ်ကောင်းခြင်း မအိပ်ရဘူး။” လို့ဆိုပါတယ်။

ဒါ့ အပြင် ရန်ကုန်မြို့နေ social influencer ဖြစ်တဲ့ အင်တာနက် ဘလော်ကာ မဝင်းမင်းသန်း ကလည်း

“ အိမ်နားမှာ လူတွေတားထားတာတွေကတော့ ဖယ်နေတာတော့ မြင်ရတယ်။ သူတို့တွေက ရှိတဲ့နေရာဆိုလို့ရှိရင် သူတို့က ဒီရပ်ကွက်ကို မြေလှန်မယ် ဘာညာဆိုပြီးတော့ ပြောတယ်။ ကျောက်ကုန်းမှာဆိုလို့ရှိရင် သံပုံးတီးရဲတီးကြည့်ပေါ့။ ပစ်မယ်ဆိုပြီးတော့ ပြောတယ်။ ဒီလိုမျိူးအချိန်မှာ ဒီလို သေနတ်သံမျိူးတွေ ကြားရလိမ့်မယ်လို့ ကျနော်တို့တွေ မထင်ထားဘူး။ မနေ့ကဆိုလို့ရှိရင် တောင်ဥက္ကလာမှာ ဝင်သွားတယ်။ ပစ်သွားတယ်။ တကယ့်ကို ကျနော်နဲ့အရမ်းကိုခင်တဲ့ သူငယ်ချင်းအိမ်မှာ မှန်တယ်ပေါ့။ မှန်တွေကွဲတယ်။ ကျနော့်ရဲ့ Assistant တွေဆိုလည်း လှိုင်မြို့မှာနေတယ်။ သူတို့အိမ်တွေကိုလည်း ဝင်ပြီးတော့ ဖျက်ဆီးသွားတယ်။ နောက်ထပ် ဘယ်သူတွေများ အသက်တွေဆုံးရှုံးသွားပြီလဲဆိုတဲ့ ဒီပူပန်မှုဟာ မြန်မာပြည်သူတယောက်အနေနဲ့၊ လူသားတယောက်အနေနဲ့၊ ညဘက် ညဘက် ကျနော် အိပ်မပျော်ဘူး”

ဒါ့အပြင် ရန်ကုန်က ဆိုးလာနေတဲ့ ညဘက် အခြေအနေကို မော်ဒယ်သရုပ်ဆောင် နွယ်ဒါလီထွန်းကလည်း

“ အရမ်းမိုးချုပ်တဲ့ အချိန်လည်းမဟုတ်ပဲနဲ့ရ နာရီကျော် ဝန်းကျင်လောက်ပဲရှိသေးတယ်။ လှမ်းပစ်တာမြင်တယ်။ ကိုယ်တိုင်ကလည်း ကြုံတယ်ပေါ့နော်။ သင်္ကန်းကျွန်း၊ မြောက်တဂုံ ခံတပ်တွေ တော်တော်များများတော့ ဖြိုထားတာတော့ တွေ့တယ်။ လမ်းတွေတော့ နည်းနည်းရှင်းနေတယ်ပေါ့နော်။ တောင်ဒဂုံတို့ဘာတို့ဆိုလို့ရှိရင်လည်း တအားကို ဝင်ပစ်နေတယ်။ ဒါ ကိုယ့်အသိတွေထဲမှာ မြင်တဲ့သူတွေက facebook မှာ လှမ်း တင်တဲ့အခါမှာကျတော့ တွေ့ရတယ်။”

ရန်ကုန်မှာဖြစ်နေတာနဲ့ယှဉ်ပြီး မန္တလေးဘက်က မနေ့ညဘက်အခြေအနေကို တက်ကြွလှုပ်ရှားသူ ကို သန်းမြတ်စိုးက

“ မန္တလေးက ညသပိတ်တွေကတော့ ရန်ကုန်က ညသပိတ်တွေကတော့ ရန်ကုန်လောက်တော့ ပြင်းပြင်းထန်ထန် ဖြိုခွဲခံရတာမျိူးတော့ နည်းတယ်ပေါ့နော်။ ဒါပေမယ့်လည်း ဆက်ပြီးတော့တော့ ရှိနေပါသေးတယ်။ ဆက်ပြီးတော့ပေါ့နော်။ နောက်ထပ် အရုဏ်ဦးသပိတ်တွေရော ထပ်ပြီးတော့ ပြင်းပြင်းထန်ထန် ဆန္ဒပြဖို့ရှိနေပါသေးတယ်။”

ဒါ့အပြင် မြစ်ကြီးနားက ညအခြေအနေကိုလည်း မြို့ခံတဦးက

“ ဒီမှာတော့ ငြိမ်သက်တဲ့ သဘောမျိူးတော့ဖြစ်နေတယ်။ ဒါပေမယ့် ပြည်သူတွေအနေနဲ့တော့ သံပုံးတီးတာတွေတော့ ရှိပါတယ်။ ပုံစံအမျိူးမျိူးတော့ ဝိုင်းမော်မှာတွေကတော့ ပြနိုင်တာတွေလည်း ရှိပါတယ်။ ရန်ကုန်ပြည်သူတွေအနေနဲ့လည်း တအားစိုးရိမ်တဲ့ အခြေအနေမျိူးတွေကျနော်လည်း ကြားနေရတော့ ကျနော်လည်း စိတ်မကောင်းဘူး”လို့ဆိုပါတယ်။

ဒီနေရာမှာ မော်လမြိုင်ရဲ့ ညအခြေအနေကိုလည်း တက်ကြွလှုပ်ရှားသူ ကိုသံလွင်အေးက

“ ရဲတပ်ဖွဲ့နဲ့စစ်ကားတွေက မြို့ပတ်လှည့်တယ်။ ရပ်ကွက် သုံးလေးခုကိုတော့ ဝင်ရောက်ရှာဖွေတာတွေ ရှိနေတယ်ပေါ့နော်။ ထားဝယ်စုရပ်ကွက်မှာရှိတဲ့ အကာအရံတွေကို ဖျက်ဆီးသွားတာတွေ ရှိတယ်။ နောက်တခုက မေးမြန်းပြီးတော့ လူတချို့ကိုလည်း ခေါ်ဆောင်သွားတယ်။ Public ကတော့ ည ၈ နာရီထိုးရင် သံပုံးတီးတာတွေ ရှိတယ်။ အရှိန်အဟုတ်မပြတ်သွားနေတုန်းပဲ။ ဆိုးဆိုးဝါးဝါးကြီး အကြမ်းဖက်ခံရတာ မရှိသေးပေမယ့် ရန်ကုန်ရဲ့ အခြေအနေတွေအကုန်လုံးကိုလည်း ကျနော်တို့ဒီဘက်မှာ စိုးရိမ်မှုတွေ ရှိနေတယ်ပေါ့နော်။ ကျနော်တို့အတူတကွရပ်တည်ပေးနေတယ်ဆိုတဲ့ ဟာလေးကိုတော့ ကျနော်တို့သတင်းစကားပါးချင်ပါတယ်။”

စစ်ကိုင်းတိုင်း ကလေးမြို့က ည အခြေအနေကိုတော့ လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကိုနေမင်းဦးကလည်း “ အခု ဒီညတော့ သံပုံးတီးတာတွေ၊ ဖယောင်းတိုင်ထွန်းတာတွေတော့ မရှိဘူးခင်ဗျ။ အရင်ညတွေတုန်းကတော့ စစ်တပ်နဲ့ရဲတွေက တချို့ရပ်ကွက်တွေကို သေနတ်တွေနဲ့ဝင်ပစ်တာတွေ ရှိတယ်ဗျ။ မနေ့က ကလေးမှာ ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းကို ဖြိုခွဲတဲ့ ကိစ္စနဲ့ပက်သက်ပြီးတော့ တော်တော်လေး မြို့ထဲမှာ ဆူဆူပူပူ ဖြစ်သွားတယ်ခင်ဗျ။ သူတို့က အင်အားဖြည့်တဲ့ အနေနဲ့ ကန့်ဂေါဘက်က စစ်တပ်တွေ လှမ်းခေါ်တာမှာ ဒီနယ်က ရွာတွေက လမ်းမှာတားတယ်ခင်ဗျ။ ထိပ်တိုက်တွေ့တယ်ခင်ဗျ။”

တကယ်တော့ ရန်ကုန်မှာ အခုလို ပြင်းပြင်းထန်ထန်ဖိနှိပ်လာမှုကြောင့် နိုင်ငံတဝှမ်းမှာ စိုးရိမ်မှုတွေ ကြီးမားလာနေပါတယ်။ 


၀င်းမင်း/ VOA Burmese

https://burmese.voanews.com/a/military-coup-anti-coup-protestors-all-nights-around-Myanmar-/5820616.html

နိုင်ငံအနှံ့ ညသပိတ်များနဲ့ လုံခြုံရေးတို့ရဲ့ နှိမ်နင်းမှု  နိုင်ငံအနှံ့ ညသပိတ်များနဲ့ လုံခြုံရေးတို့ရဲ့ နှိမ်နင်းမှု Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.