မိုးကုတ်မြို့က ရေပူကျောင်းဆရာတော် လူဝတ်လဲ ဖမ်းဆီးခံရ


မတ် - ၁၂-၂၀၂၁

မိုးကုတ်မြို့က ရေပူကျောင်းဆရာတော် ဦးဣန္ဒကဟာ မနေ့ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက လူဝတ်လဲ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဆရာတော်ဦးဣန္ဒကကို မိုးကုတ်က ဆန္ဒပြမှုတွေ ဦးဆောင်တယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ၅၀၅(ခ) နဲ့ အမှုဖွင့်ထားတာ ဖြစ်ပေမယ့် မနေ့ကမှ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဦးဣန္ဒကရဲ့ တပည့်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးရေဝတ က "ဆရာတော်နဲ့ ၈၈ မျိုးဆက်က ကိုစိုးဌေးကို မိုးကုတ်သပိတ်တွေစထွက်တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ပြီး သိပ်မကြာခင်မှာပဲ သပိတ်ဦးဆောင်တယ်ဆိုပြီး ၅၀၅(ခ)နဲ့ စွဲထားတာ။ မနေ့က ညနေ ၅နာရီလောက်မှာတော့ ကျောင်းကို လာဖမ်းတာ။ ဆရာတော်နဲ့အတူ ဦးဇင်းကိုယ်တိုင် အပါအဝင် ကိုရင်တွေရော ၅ ပါး အဖမ်းခံရတာ။ ဦးဇင်းနဲ့ ကိုရင်တွေကို ပြန်လွှတ်လိုက်ပေမယ့် ဆရာတော့်ကိုတော့ အမှုဖွင့်ထားတယ်ဆိုပြီး ပြန်လွှတ်မပေးတော့တာ။ ဦးစိုးဌေး ကတော့ အဖမ်းမခံလိုက်ရဘူး" လို့ VOM ကို မိန့်ပါတယ်။

မနေ့က မိုးကုတ်ဆန္ဒပြပွဲကို မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲပြီးနောက် ရေပူဆရာတော်အပါအဝင် လူ ၄၀ နီးပါး ဖမ်းခံခဲ့ရပြီး လတ်တလော မိုးကုတ်မြို့ တောင်ကချင်အချုပ်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဆရာတော် ဦးဣန္ဒကကို သံဃနာယက မပါဘဲ လူဝတ်လဲ ဖမ်းဆီးခဲ့တာလို့ ဆရာတော်ရဲ့ တပည့်ဆရာတော် ဦးရေဝတက မိန့်ပါတယ်။

ဆရာတော် ဦးဣန္ဒကဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း ရေပူကျောင်းကို တိုးချဲ့ဆောက်လုပ်စဉ်မှာ တရားမဝင် ကျောက်မျက်တူးဖော်မှု ပုဒ်မ ၄၁ (က) နဲ့ (ခ)၊ သစ်တောဥပဒေ ၄၂ (ခ)၊ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ တွေနဲ့ ဇွန်လ ၉ရက်နေ့မှာ လူဝတ်လဲဖမ်းဆီးခံရပြီး အိုးဘိုထောင်ထဲကနေ တနှစ်နီးပါး အမှုရင်ဆိုင်ခဲ့ရပါသေးတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မိုးကုတ်မြို့က ရေပူကျောင်းဆရာတော် လူဝတ်လဲ ဖမ်းဆီးခံရ မိုးကုတ်မြို့က ရေပူကျောင်းဆရာတော် လူဝတ်လဲ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:06 Rating: 5

No comments:

Powered by Blogger.