မြန်မာ့အရေး ကုလ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ အတည်ပြု

အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင်နိုင်ငံတွေကြား ခြွင်းချက်မရှိ အတည်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံတဝန်း လူ့အခွင့်အရေးချိုးဖောက်နေမှုတွေ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်နေသူတွေကိုလည်း တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ အရေးတကြီး လိုအပ်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

စာမျက်နှာ ၁၁ မျက်နှာပါတဲ့ အဲဒီဆုံးဖြတ်ချက်မူကြမ်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် တရားဥပဒေမဲ့ ဖမ်းဆီးတရားစွဲဆိုထားသူတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွတ်ပေးဖို့၊ ဒီမိုကရေစီစနစ် ပြန်လည် အသက်သွင်းဖို့အပါအဝင်အချက် ၅၆ ချက်ကို ထည့်သွင်းထားပါတယ်။

မြန်မာ အာဏာသိမ်းစစ်တပ်အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားလိုက်နာဖို့၊ အရေးပေါ် အခြေအနေကြေညာထားတာ၊ စစ်အုပ်ချုပ်ရေးစနစ် ပြဋ္ဌာန်းထားတာတွေကို အဆုံးသတ်ပြီး အရပ်သား အစိုးရထံ အာဏာပြန်လည်အပ်နှင်းဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဆန္ဒပြပွဲတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဘက်က အင်အားအလုံးအရင်းသုံးတာ၊ပြည်သူတွေအပေါ် အင်အားသုံး ပစ်ခတ်ဖြိုခွင်းမှုတွေကိုလည်း ကန့်ကွက်ရှုတ်ချထားပါတယ်။

လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီကျင့်ထုံးတွေကို အာဏာသိမ်းစစ်ကောင်စီဘက်က လေးစားလိုက်နာကြဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို စောင့်ကြည့်စစ်ဆေးဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၊ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်၊ IIMM လို့ သိကြတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့နဲ့ ကုလသမဂ္ဂဘက်ကတာဝန်ပေးထားတဲ့သူ အားလုံးကို မြန်မာနိုင်ငံတွင်း ဝင်ခွင့်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။

မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေမှာ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်းနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထောက်ခံသွားမယ်လို့ ဆိုပါတယ်။

သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်တာ၊ အင်တာနက် ဖြတ်တောက်တာတွေ၊ စစ်အုပ်ချုပ်ရေးစနစ် သတ်မှတ်ခဲ့တာတွေအပေါ်မှာလည်း စိုးရိမ်မှုရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြောပါတယ်။


၄၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွေကိုတော့ လာမယ့်ဇွန် ၂၁ ရက်မှာ ပြန်လည်စတင်ဖို့ စီစဉ်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မြန်မာ့အရေး ကုလ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ အတည်ပြု  မြန်မာ့အရေး ကုလ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ အတည်ပြု Reviewed by THITHTOOLWIN on 22:22 Rating: 5

No comments:

Powered by Blogger.