မြောက်ဥက္ကလာပသပိတ် ဆန္ဒပြ ၂၀၀ ထက်မနည်း ဖမ်းဆီးခံရ


မြောက်ဥက္ကလာ ကန်သာယာအနီး ဆန္ဒပြပွဲ မြင်ကွင်း။ (ဓာတ်ပုံ - Zeyar Htun - မတ် ၁၀၊ ၂၀၂၁)

အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ဒီကနေ့ဆို ရက်ပေါင်း ၃၈ ရက် ရှိလာပါပြီ။ အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးအရေးယူတာနဲ့ အကြမ်းဖက် နှိမ်နင်းတာတွေ ရှိနေတာကြောင့် ပျောက်ဆုံးသူနဲ့ သေဆုံးခဲ့ရသူတွေ များလာနေပေမဲ့ ရန်ကုန်မြို့က ဆန္ဒပြသပိတ်စစ်ကြောင်းတွေကတော့ ဆက်ရှိနေဆဲပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်ပေးပို့ထားတာကို မဆုမွန်ပြောပြပါလိမ့်မယ်။

မင်္ဂလာတောင်ညွှန့် မြို့နယ်က မလွှကုန်းမီးရထားဝန်းကို ရဲနဲ့ စစ်တပ်အင်အား ၁,၅၀၀ ဝန်းကျင်လောက် ဒီကနေ့ မနက်အစောပိုင်းမှာ ထွက်ပေါက်တွေကို ပိတ်ဆို့ထားပါတယ်။ အဲဒီနောက်မှာပဲ ဝင်းထဲက မီးရထားဝန်ထမ်း မိသားစုတွေကို ဝန်ထမ်းအိမ်ယာတွေကနေ ဆင်းခိုင်းပြီး တပ်စွဲထားတယ်လို့ သိရပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေထဲက လူအင်အားအများဆုံးနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လူအသေအပျောက်၊ ပြင်းထန်ဒဏ်ရာရသူ အများအပြားရှိခဲ့တဲ့ မြောက်ဥက္ကလာဘက်က ဆန္ဒပြသူတွေကိုလည်း လက်နက်ကိုင်တွေက အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိခဲ့ပါတယ်။ မြောက်ဥက္ကလာ၊ ကန်သာယာ သပိတ်စစ်ကြောင်းကို ဖြိုခွဲပြီး ဆန္ဒပြလူငယ် အယောက် ၂၀၀ ထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့ အဲဒီသပိတ်စစ်ကြောင်း အနီးမှာရှိနေသူတဦးက ပြောပါတယ်။ ခေါ်ဆောင်ခံရသူ လူငယ်တွေကို ပြန်လွှတ်ပေးဖို့ ပြည်သူတွေအင်အားပြန်စုနေပြီး သပိတ်ပြန်စဖို့ကိုလည်း ညနေ ၄ နာရီဝန်းကျင်မှာ ပြင်ဆင်နေကြပါတယ်။

“အခု အမတို့ရဲ့ သုဓမ္မာစစ်ကြောင်း၊ နွယ်နီသပိတ်ကို သိမ်းလိုက်ပြီ။ အခု အဲဒီကလေးတွေကို ကယ်ဖို့အတွက်ဆိုပြီးတော့ ကန်သာယာမှာ အခုလက်ရှိ ဆန္ဒပြနေတုန်းပဲ။ ဒီပြင့် မြို့နယ်တွေကလည်း ဆန္ဒပြဖို့ဆိုပြီး မြောက်ဥက္ကလာကို တက်လာတယ်။ ပါသွားတဲ့ ကလေးတွေကို ပြန်တောင်းဖို့ ဘုန်းကြီးတွေက မေတ္တာရပ်ခံဖို့ဆိုပြီးတော့ သွားတယ်။ ဒါပေမဲ့ ရတာ မရတာတော့ အမတို့လည်း ကျိန်းသေမသိဘူး။ မရဖို့တော့ များပါတယ်။ သူတို့က ဘုန်းကြီးလည်း ဂရုစိုက်မှာ မဟုတ်ဘူး။ အမတို့ပြည်သူတွေကတော့ အမတို့ကလေးတွေကို မရ ရအောင်ပြန်တောင်းမယ်၊ ဆန္ဒပြမယ်။ အောင်မင်္ဂလာအဝေးပြေးရှေ့က စသုံးလုံးဝန်းထဲကို ကလေးတွေကို အခုခေါ်သွားတယ်။”

မတ်လ ၈ ရက်နေ့ တနင်္လာနေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ဆန္ဒပြသပိတ်ကို လက်နက်ကိုင်တွေဘက်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲလို့ နီးစပ်ရာနေရာတွေမှာ ပုန်းရှောင်ခဲ့ရပါတယ်။ ညဘက်မှာတော့ လက်နက်ကိုင်တွေက ကျွန်းတောလမ်းမတန်းနဲ့ ချမ်းသာလမ်းဘက် နေအိမ်တွေကို ဝင်ဖမ်းလို့ လူငယ်အများအပြား အဖမ်းခံလိုက်ရပါတယ်။

စမ်းချောင်းမြို့နယ် ဗားကရာလမ်းတလျှောက်၊ ကျွန်းတောလမ်း ဗဟိုလမ်းတွေမှာ လက်ကိုင်တပ်ဖွဲ့တွေ စောင့်ဆိုင်းနေတာရှိပေမဲ့ ဒီကနေ့ ဗဟိုလမ်းမှာ ဆန္ဒပြပွဲကိုတော့ ဖြိုခွဲတာမရှိပါဘူးလို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ဆန္ဒပြလူစုကွဲပြီးနောက် ညနေ ၃ နာရီလောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေက အင်အားအပြည့်နဲ့ ဝင်လာပြီး ဗဟိုလမ်းပေါ် အကာအရံတွေကို ရှင်းလင်းဖယ်ရှားပြီး လှည့်လည်နေပါတယ်။ ညနေ ၄ နာရီလောက်မှာတော့ ကျွန်းတောလမ်းမဘက် ပြည့်သူ့ကွက်သစ် (၁) လမ်းနဲ့ မိုးမခလမ်းနားမှာ လက်နက်ကိုင်တွေဘက်က အသံဗုံး မျက်ရည်ယိုဗုံးသုံးပြီး ပစ်ဖောက်ဖြိုခွဲလိုက်ပါတယ်။ ဗဟိုလမ်းမှာလည်း တိုက်ခန်းပေါ်ကနေ ကြွေးကြော်အော်ဟစ်လို့ အသံဗုံးပစ်ဖောက်ခြိမ်းခြောက်နေပါတယ်။

တောင်ဒဂုံမြို့နယ်၊ မောင်းမကန်လမ်းမပေါ်က စစ်အာဏာရှင်ဆန့်ကျင် ကန့်ကွက်တဲ့ သပိတ်စစ်ကြောင်းကို လက်နက်ကိုင်တွေဘက်က ရာဘာကျည်၊ မျက်ရည်ယိုဗုံးသုံးပြီး အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းလိုက်ပါတယ်။ အကြမ်းဖက်ဖြိုခွင်းလို့ ရှေ့ဆုံးက ဒိုင်းခံကာကွယ်ပေးတဲ့ လူငယ် ၁၈ ဦးလောက် အဖမ်းခံရပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ အင်အားသုံးဖြိုခွင်းတဲ့အချိန် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့ဘက်က ဖြိုခွင်းမှုကကျတော့ ကျနော်တို့ ဒီတောင်ဒဂုံရဲ့ ပင်မသပိတ်စစ်ကြောင်းပေါ့နော်။ စည်ပင်လမ်းပေါ်မှာ ပင်မသပိတ်အားလုံးလူစုခွဲပြီးတဲ့ အချိန်မှာ သူတို့က ဒီမောင်းမကန်လမ်းဘက်ကနေ စစ်ကားပေါင်း ၁၀စီးလောက်ရှိတယ်၊ အချုပ်ကားက ၅ စီးပါတယ်။ ရဲကားတွေ ပြီးတော့ အပြင်ပေါ့နော်။ crown ကားတွေ ဘာတွေ အဲ့ဒီလိုအပြင်ကားတွေနဲ့ အများကြီးလာတယ်ဗျ။ စုစုပေါင်းဆိုရင် ရဲတပ်ဖွဲ့နဲ့ စစ်သားအင်အားဆိုရင် ၈၀ နီးပါးရှိတယ်ခင်ဗျ။ မျက်ရည်ယိုဗုံးဆိုရင် ၁၀ လုံးနီးပါးထိ ပစ်ခွဲခဲ့တယ်။ ၁၀ လုံးနီးပါးပစ်ခွဲပြီးတော့ ရာဘာကျည်သုံးတာလည်း ရှိခဲ့တယ်ဗျ။ အဲ့ဒီလိုမျိုးရှိတယ်၊ အဖမ်းခံလိုက်ရတဲ့ လူငယ်ဒိုင်းကိုင်အဖွဲ့တွေလည်း စုစုပေါင်း ၁၀ ယောက်၊ ၁၈ ယောက်နီးပါးထိ ပါသွားတယ်။ တချို့ ကလေးတွေ ရိုက်နှက်ခံရပြီးတော့ မြောင်းထဲထိ ကန်ချခံရတာရှိတယ်။ အဲ့ဒီကလေးကိုလည်း ကျနော်တို့ ဆေးရုံးတင်ထားတယ်၊ အခုလုပ်ပေးထားတယ်။”

သင်္ယန်းကျွန်းဘုရားလမ်းဘက်က ဆန္ဒပြသူတွေ လမ်းပေါ်မှာ ကာရံထားတဲ့ အတားအဆီးတွေကို စစ်တပ်နဲ့ ရဲက မနေ့ညက မီးရှို့ဖျက်ခဲ့တာရှိသလို ဒီနေ့ မနက်ပိုင်းမှာ ထပ်မံ မီးရှို့ဖျက်လိုက်တာလို့ ရပ်ကွက်နေပြည်သူက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာညက ညဥ့်သန်းခေါင်အချိန်မှာ မတရားဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ လမ်းမတော် ၃ လမ်းမှာနေထိုင်တဲ့ အမျိုးသား အယောက် ၃၀ ကျော် ဘယ်ရောက်နေသလဲ မသိရသေးပေမဲ့ လမ်းမတော်မှာလည်း ဆန္ဒပြသပိတ်က ဆက်ရှိနေဆဲပါ။

ရန်ကုန်မြို့က ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာ၊ ဝန်ထမ်းအိမ်ယာမှာ နေထိုင်သူတွေကို မတရား ဖယ်ရှားခဲ့တာတွေနဲ့ အင်အားသုံးအနိုင်ကျင့်တာတွေ ရှိနေပေမဲ့ မြို့နယ်အသီးသီးမှာရှိတဲ့ ဆန္ဒပြပြည်သူတွေဘက်ကလည်း သူတို့လိုလားတဲ့ ဒီမိုကရေစီရရှိရေးနဲ့ အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ 


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/north-okkalapa-myanmar-military-coup-protest/5808837.html

မြောက်ဥက္ကလာပသပိတ် ဆန္ဒပြ ၂၀၀ ထက်မနည်း ဖမ်းဆီးခံရ မြောက်ဥက္ကလာပသပိတ် ဆန္ဒပြ ၂၀၀ ထက်မနည်း ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 00:43 Rating: 5

No comments:

Powered by Blogger.