ရန်ကုန်မှာ စစ်တပ်နဲ့ ရဲက အတားအဆီးတွေ ဖယ်ဖို့ ကလေးတွေကိုပါ ခြိမ်းခြောက်ခိုင်းစေနေ



ရန်ကုန်မြို့နေ ပြည်သူတွေက ကိုယ့်လုံခြုံရေးအတွက်ကိုယ် နည်းလမ်းမျိုးစုံနဲ့ တည်ဆောက်ထားတဲ့ အတား အဆီးတွေကိုဖယ်ဖို့ စစ်ကောင်စီရဲ့ သြဇာခံတပ်တွေက ဒီနေ့မှာလည်း အရပ်သားတွေကိုဖမ်းပြီး အဓမ္မခိုင်း နေသလို၊ တချို့နေရာတွေမှာ စက်ယန္တယားတွေနဲ့ ဖျက်ဆီးဖယ်ရှားနေပါတယ်။

တချို့နေရာတွေမှာ သဲအိပ်တွေနဲ့ ကာပေမယ့်၊ တချို့နေရာတွေမှာ ဝါးကပ်တွေနဲ့ ကာကြပါတယ်။ တချို့လမ်း တွေမှာတော့ သံတံခါးတွေကာထားတဲ့အတွက် အဲဒီသံတံခါးတွေကိုပါဖြုတ်ပြီး ကားပေါ်တင်ယူသွားပါတယ်။

လှိုင်သာယာမြို့နယ်မှာဆိုရင် အကာအရံတွေကိုဖယ်ဖို့ အသက်မပြည့်သေးတဲ့ ကလေးတွေကိုပါ ဖမ်းဆီး ခြိမ်းခြောက် စေခိုင်းနေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“၁၂ ရပ်ကွက်မှာ ကလေးတစ်ယောက် ထွက်ကြည့်တဲ့အချိန်မှာ သူ့နောက်က ရောက်နေတာ မသိဘူး။ အသက်ကလည်း ၁၇ နှစ်ပဲရှိသေးတာဆိုတော့ သူကလည်း သူတို့ကို မြင်တာနဲ့ကြောက်ပြီးတော့ ဝင်ပြေးတာ။ ဝင်ပြေးတော့ သူတို့က ပြန်ထွက်လာ မထွက်လာရင် ဆွဲခေါ်မယ်ဆိုတော့ ကလေးတွေ ကလည်း ကြောက်ပြီးတော့ ထွက်လာတယ်။ အဲကလေးတွေကို လမ်းမှာရှိတဲ့ကလေးတွေကို ထမ်းခိုင်း တယ်။ ကလေးတွေက အဲဒီသဲအိတ်တွေကို မနိုင်ဘူး။ သူတို့က အကုန်တပ်စွဲပြီးတော့ ညဖက်တွေဆိုရင် ကင်းလှည့်နေတာ စစ်ကားတွေနဲ့။ ရပ်ကွက်တွေ အကုန် စစ်ကားတွေနဲ့ပတ်တယ်။ သူတို့ကိုမြင်ရင် လုံးဝကို စိတ်မချရတဲ့အခြေအနေကို ဖြစ်နေတာ။ သူတို့နဲ့ တူတူနေဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့ကိုမြင်တာနဲ့ကို ကျွန်မတို့ ပြည်သူတွေက တံခါးပိတ် အဲလိုဖြစ်နေတာ။ သူတို့ကို လုံးဝယုံကြည်မှု မရှိတော့ဘူး။ ယုံကြည်မှုက ပျောက်ကွယ်သွားပြီ”

မြောက်ဒဂုံမြို့နယ်မှာဆိုရင် သူတို့စီမံအုပ်ချုပ်မှုအတိုင်းနေဖို့၊ မနေဘဲ အာဏာဖီဆန်ရင် သေနတ်နဲ့ ပစ်မယ် ဆိုပြီး စစ်တပ်နဲ့ ရဲက ခြိမ်းခြောက်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က ည ၈ နာရီလောက်မှာ စစ်ကားတွေနဲ့လာပြီးတော့ ရပ်ကွက်ထိပ်မှာရှိတဲ့ ပြည်သူ့လုံခြုံရေးအတွက် ကာထားတဲ့ဝါးကပ်တွေကို ဝင်ဖျက်တယ်။ ပြီးတော့ မြောက်ဒဂုံဟာ မာရှယ်လော ဧရိယာဖြစ်တယ်။ စည်း နဲ့ကမ်းနဲ့နေဖို့ အော်တာပေါ့။ နောက် ကာထားတာမြင်မြင်သမျှ အကုန်ဖျက်ဆီးသွားတယ်။ မြောက်ဒဂုံ လမ်းမတန်းနေရာ တော်တော်များများ လမ်းသွယ်တွေမှာ ကာထားတဲ့ ဝါးကပ်တွေကို အကုန်ဖျက်ဆီး သွားတယ်။ သူတို့စည်းကမ်းအတိုင်း နေရမယ်။ သံပုံးမထုရဘူး။ ပစ်မယ်ဆိုတဲ့ အဆင့်တောင်ရှိတယ်။ သံပုံးထုရင် ပစ်မယ်။ လမ်းထွက်ရင် ပစ်မယ်။ သတ်မှတ်တဲ့ စစ်စည်းကမ်းအတိုင်း နေရမယ်ဆိုတာမျိုး လောစပီကာတွေနဲ့ ညဖက်အော်သွားတယ်”

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ရွှေပြည်သာ၊ လှိုင်သာယာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာဆိုရင်လည်း လမ်းသွယ်တွေက အတားအဆီးတွေကို ဖယ်ရှားဖို့ လူတွေဖမ်းဆီး အဓမ္မစေခိုင်းတာတွေ ရှိနေပါတယ်။

ရွှေပြည်သာမြို့နယ်မှာ လမ်းသွယ်တွေထဲ ကာရံထားတဲ့ အတားအဆီးတွေမှန်သမျှ အကုန်ဖြုတ်သိမ်းသွားပြီး လက်ရှိမှာ ကာရံထားတာ ဘာမှမရှိတော့ဘူးလို့ မြို့နယ်နေ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။

စစ်တပ်နဲ့ ရဲတွေက အတားအဆီးတွေ ထပ်မလုပ်ဖို့ဆိုပြီး ခြိမ်းခြောက်နေလို့ အကာအရံ အတားအဆီးတွေကို ဖယ်ဖို့လုပ်နေရတယ်လို့ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့ ၂ ရက်က လမ်းထဲဝင်ပြီး CCTV ၃ လုံးကိုလည်း ဖျက်ဆီးသွားတယ်။ ကာထားတာတွေ မဖယ်ရင် ပစ်မယ်ဆိုတာမျိုးလည်း ပြောသွားတယ်။ အခုလည်း ဝါးကပ်တွေကို ဖယ်ဖို့လုပ်နေတယ်။ ကာထားတဲ့ အတားအဆီးတွေကို ဖယ်ဖို့လုပ်နေတယ်”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တံခါးတွေကိုတပ်ဆင်ထားတာကို ဖျက်ဆီးရာမှာ ရပ်ကွက်တွေထဲကို အသံဗုံး တွေ ပစ်ဖောက်ခြောက်လှန့်တာတွေရှိတာကြောင့် တချို့လမ်းသွယ်တွေက တံခါးတွေကို ကိုယ်တိုင်ဖျက် လိုက်ကြရတာတွေပါ ရှိနေပါတယ်။

လမ်းသွယ်တွေထဲကို သူတို့စိတ်တိုင်းကျ ဝင်ထွက်ရာမှာ လွယ်ကူဖို့အတွက် တံခါးတွေကို ဖျက်ဆီးပစ်နေ တာဖြစ်ပြီး ညဖက်ရပ်ကွက်ထဲ လူဝင်ဖမ်းတဲ့အခါ သေနတ်တွေပစ်ခတ် ခြောက်လှန့်တာတွေလည်း ရှိနေတယ်လို့ တောင်ဥက္ကလာနေ ပြည်သူတစ်ဦးက ဆိုပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ စစ်သားနဲ့ ရဲတွေက လမ်းတွေ၊ အိမ်တွေထဲထိ ဆဲဆိုခြိမ်းခြောက်တာ၊ ပစ်ခတ်တာ၊ လမ်းမှာတွေ့သမျှလူတွေကို ဖမ်းဆီးစစ်ဆေးနေတာကြောင့် မြို့နယ်တော်တော် များများမှာ အရင်လို လူစုလူဝေးနဲ့ ညသပိတ်တွေလုပ်ဖို့ ခက်ခဲလာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါပေမဲ့ လူငယ်တွေ၊ ပြည်သူတွေဟာ ကြောက်စိတ်မဝင်ဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေးကို အသွင်မျိုးစုံနဲ့ ဆက်လက်ဖော်ဆောင်နေတာ အခုဆို ရက်ပေါင်း ၅၀ ရှိပြီဖြစ်ပါတယ်။

RFA Burmese



ရန်ကုန်မှာ စစ်တပ်နဲ့ ရဲက အတားအဆီးတွေ ဖယ်ဖို့ ကလေးတွေကိုပါ ခြိမ်းခြောက်ခိုင်းစေနေ ရန်ကုန်မှာ စစ်တပ်နဲ့ ရဲက အတားအဆီးတွေ ဖယ်ဖို့ ကလေးတွေကိုပါ ခြိမ်းခြောက်ခိုင်းစေနေ Reviewed by THITHTOOLWIN on 22:14 Rating: 5

No comments:

Powered by Blogger.