စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြပွဲတွေ နေရာအနှံ့မှာ ဆက်ရှိနေ



စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးနေပေမယ့် လည်း ဆန္ဒပြမှုတွေကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ဒီနေ့အထိ ဆက်ပြီးရှိနေပါတယ်။ ဆန္ဒပြသူတွေကို ဒီနေ့မှာ လည်း ဖြိုခွဲတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ဖမ်းဆီးခံရသူတွေ ရှိနေပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေ မှာ သတင်းယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမား ခြောက်ဦးကိုလည်း အွန်လိုင်းဗီဒီယိုစနစ်နဲ့ ဒီနေ့ရုံးထုတ်ခဲ့ ပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတွေကက နေ့စဉ်အကြမ်းဖက်ဖြိုခွင်းနေပေမယ့်လည်း ဆန္ဒပြ သူတွေက မြို့နယ်အသီးသီးမှာ ဆက်ရှိနေပါတယ်။

အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက်မှာ ဒီနေ့မနက်က ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲပြီး လမ်းသွယ်တွေထဲအထိ သေနပ်တွေနဲ့လိုက် ပစ်ခတ်ခဲ့ပါတယ်။ အဲဒီမှာ ဒဏ်ရာရသူ သုံးယောက် လောက်ရှိပြီး ၁၀ ယောက်ကျော် အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို သေနတ်တွေနဲ့ အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂ အပါအဝင် အာဆီယံနဲ့ နိုင်ငံတကာက စစ်ကောင်စီကို ကန့်ကွက်တားမြစ်နေပေမယ့်လည်း စစ်ကောင်စီရဲ့  စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ပစ်ခတ်ဖြိုခွင်းနေတုန်းပါပဲ။

တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ လှိုင်၊ စမ်းချောင်း၊ ရွှေပြည်သာနဲ့ သာကေတ စတဲ့မြို့နယ်တွေမှာ ဒေသခံတွေက ဒီကနေ့မှာလည်း ဆက်လက်ဆန္ဒပြနေကြပါတယ်။

တောင်ဥက္ကလာမြို့နယ်က စစ်အာဏာဆန့်ကျင်နေတဲ့ ပဒေသာသပိတ်ကို မျက်ရည်ယိုဗုံး၊ အသံဗုံးတွေနဲ့ ဖြိုခွင်းပြီး ရဲနဲ့စစ်တပ်က CRPH ပိုစတာတွေ၊ နေကာအမိုးတွေ၊ စောင်တွေကို မီးရှို့ဖျက်ဆီးသွားပါတယ်။ လမ်းဘေးဈေးသည်တချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ကမာရွတ်မြို့နယ် ဗဟိုလမ်းမပေါ်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေကို ရဲနဲ့စစ်တပ်က အကြိမ်ကြိမ် အကြမ်းဖက်ဖြိုခွဲပေမယ့် ဒီနေ့ ဆက်ပြီးဆန္ဒပြနေကြပါတယ်။

ဒီနေ့နေ့လယ်မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းက သပိတ်ကို စစ်တပ်နဲ့ရဲတွေက အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ပြီး ဝင်ရောက်ဖြိုခွင်းခဲ့ပါတယ်။ အတားအဆီး တွေကို ဖျက်ဆီးတဲ့အပြင် လမ်းကြားထဲတွေအထိ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

မကွေးတိုင်း၊ မကွေးမြို့မှာလည်း ဒီနေ့ဆန္ဒပြသူတွေကို အတွင်းလမ်းတွေထဲအထိ စစ်တပ်နဲ့ ရဲတွေက အင်အားသုံး လိုက်လံဖမ်းခဲ့လို့ ငါးဦး ဖမ်းဆီးခံလိုက်ရပါတယ်။ ဒါကြောင့် စစ်တပ်နဲ့ ရဲတွေမရှိတဲ့ ရပ်ကွက် တွေမှာ ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

သရက်မြို့မှာလည်း ရဲတွေ တားဆီးတာတွေရှိနေတဲ့ကြားက ဒေသခံတွေဟာ စစ်ကောင်စီ ဆန့်ကျင်ဆန္ဒပြ ခဲ့ကြပါတယ်။

မန္တလေးမြို့ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းတာကြောင့် သိပ္ပံလမ်း ၆၁ လမ်းမှာ လူတစ်ဦးရဲ့ လက်မောင်းကို ကျည်ထိမှန်ပြီး လူငယ် သုံးယောက် ဖမ်းခံလိုက်ရပါတယ်။

ဆန္ဒပြသူတွေက ငါ့ချိုင်းထောက်သံတွေ ညီအကိုတို့ကြားပါစေ၊ အရာရှိတွေက တိုက်နဲ့ကားနဲ့ မင်းတို့တွေက လိုင်းခန်းစုတ်နဲ့ စာသားပါ စာရွက်တွေ ကပ်ထားတာကို တွေ့ရပါတယ်။ မန္တလေးက ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းနေတဲ့အပြင် ညဘက်တွေမှာ ကင်းစောင့်နေသူတွေကို လိုက်လံဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

၃၆ လမ်း၊ ၃၈ လမ်းကြား၊ ၈၆ လမ်း ၈၇ ကြားနဲ့ ရှမ်းဝိုင်းရပ်ကွက်ကို မနေ့ည ၁၂ နာရီကျော်လောက်မှာ စစ်တပ်နဲ့ ရဲတွေ ဝင်လာပြီး နေအိမ်တွေကို သေနတ်တွေပစ်ဖောက်၊ လေးဂွတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ပြီး ဖျက်စီးသွားပါတယ်။

သံပုံးတီး၊ သီချင်းဆိုရင်လည်း နောက်ထပ်လာအုံးမှာဖြစ်ကြောင်းနဲ့ မီးရှို့ဦးမှာဖြစ်ကြောင်း ပြောဆိုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ လူငယ်တွေက ဒီကနေ့ ဆိုင်ကယ်တွေနဲ့ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ပေါင်မြို့နယ်ထဲက ကရင်တိုင်းရင်းသားတွေရဲ့ ဆန္ဒပြမှုတွေလည်း ဒီကနေ့ရှိခဲ့ပါတယ်။

စစ်တပ်နဲ့ ရဲတွေ အင်အားအများအပြားချထားတဲ့ ရေးမြို့နယ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူသပိတ်စစ်ကြောင်း ဒီနေ့ ဆက်ထွက်ခဲ့ပါတယ်။

ရန်ကုန်မြို့ လှည်းတန်းနဲ့ မြေနီကုန် ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ခြောက်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ စမ်းချောင်းမြို့နယ်နဲ့ ကမာရွတ်မြို့နယ် တရားရုံးတွေမှာ ဒီနေ့ မတ် ၁၂ ရက်နေ့မှာ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ရုံးချိန်းထုတ်ခဲ့ပြီး စွဲချက်တင်ခဲ့ပါတယ်။

Myanmar Now သတင်းဌာနက မကေဇွန်နွေး၊ MPA သတင်းဌာနက ဓာတ်ပုံ သတင်းထောက် ကိုရဲမျိုးခန့်၊ AP သတင်းဌာနက ကိုသိန်းဇော်၊ 7 Day သတင်းစာက ကိုအောင်ရဲကို၊ အလွတ်သတင်းထောက် ကိုဗညားဦး၊ ဇီးကွက်သတင်းဌာနက ကိုဟိန်းပြည်ဇော်တို့ကို သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေမှာ ရုံးထုတ်ခဲ့တာပါ။

ဒီနေ့ရုံးထုတ်မှာ ရှေ့နေပါဝါတင်တာတွေအပြင် ကာယကံရှင်နဲ့ မိသားစုဝင်တစ်ဦးကိုလည်း အွန်လိုင်း ဗီဒီယိုစနစ်နဲ့ စကားပြောခွင့်ပြုခဲ့တယ်လို့ မကေဇွန်နွေးနဲ့ ကိုအောင်ရဲကိုတို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက် ပေးနေတဲ့ ပြည်သူ့ပါတီဗဟိုဥပဒေရေးရာ အထောက်အကူပေးအဖွဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

7 Day သတင်းစာက ကိုအောင်ရဲကို ကို မတ် ၂၄ ရက်နေ့ ရုံးပြန်ချိန်းလိုက်ပြီး Myanmar Now သတင်းဌာနက မကေဇွန်နွေးကိုတော့ မတ် ၂၅ ရက်နေ့ ရုံးပြန်ချိန်းလိုက်တယ်လို့ ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

ဆူပူမှုဖြစ်အောင် လှုံ့ဆော်တယ်ဆိုပြီး သတင်းထောက်တွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲတာဖြစ်ပါတယ်။ ဒီပုဒ်မဟာ အာမခံရနိုင်တဲ့ ပုဒ်မမျိုးမဟုတ်ပေမယ့် တရားသူကြီးရဲ့  ဆင်ခြင်တုံတရားနဲ့ အာမခံပေးနိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးထုတ်မှာ ဇီးကွက်သတင်းဌာနက ကိုဟိန်းပြည့်ဇော် အပါအဝင် AP သတင်းဌာနက ကိုသိန်းဇော်နဲ့ နောက်သတင်းထောက်တစ်ဦးကိုလည်း ရုံးထုတ်လာတာ တွေ့ရတယ်လို့ ကိုဟိန်းပြည့်ဇော်ရဲ့ ရှေ့နေ ဒေါ်ချိုချိုလင်းက ပြောပါတယ်။

ကိုဟိန်းပြည်ဇော် အပါအဝင် ဒီနေ့ ရုံးထုတ်လာသူတွေကို မတ် ၂၄ ရက်နေ့ ရုံးပြန်ချိန်းလိုက်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက စွပ်စွဲသလို လှုံ့ဆော်တာမဟုတ်ဘဲ ဖြစ်ပျက်နေတဲ့အခြေအနေကို ရိုက်ကူးတင်ဆက်တာ သာဖြစ်တာကြောင့် ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ကိုဟိန်းပြည့်ဇော်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ ကမာရွတ်မြို့နယ် ရုံးချိန်းမှာ ထူးခြားချက်တစ်ခုကတော့ အမေရိကန်သံရုံးက သံအရာရှိတစ်ဦးကို တရားခွင်ထဲ ဝင်ရောက်နားထောင်ခွင့်ပြုခဲ့တာပါပဲ။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး မတ် ၁၀ ရက်နေ့အထိ RFA က ရရှိထားတဲ့သတင်းတွေအရ မြန်မာတစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံရတဲ့ သတင်းသမား ၃၇ ယောက်ရှိခဲ့ပါတယ်။ အဲဒီထဲက ၂၂ ယောက်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲဒီလူတွေထဲက စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် သတင်းထောက်နှစ်ယောက်ကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပြီး၊ အာမခံနဲ့ လွှတ်ပေးထားပါတယ်။

ဒီပုဒ်မနဲ့ အပြစ်ရှိတယ်လို့ တရားရုံးကအမိန့်ချရင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချခံရနိုင်ပါတယ်။

ပုသိမ်မြို့အခြေစိုက် သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်း၊ ရန်ကုန် အခြေစိုက် ချွန်းဂျာနယ်က ကိုကျော်နေမင်း၊ မြိတ်မြို့နယ်က DVB သတင်းထောက် ကိုအောင်ကျော်၊ ပြည်မြို့က DVB သတင်း ထောက် ကိုမင်းညို၊ ရန်ကုန်က အလွတ်ဓာတ်ပုံသတင်းထောက် ကိုပြည့်ဖြိုး၊ အလွတ်သတင်းထောက် ကိုသစ်မြတ်ဇော် တို့အပြင် မတ်လ ၉ ရက်နေ့ကသတင်းစာတိုက်ကို ဝင်စီးပြီး ဖမ်းထားတဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်၊ တွဲဖက်တည်ထောင်သူ ကိုဟန်သာငြိမ်း တို့ကိုလည်း ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာ မသိရသေးပါဘူး။ အဲဒီသတင်းသမား ရှစ်ယောက်ကို ဘယ်ပုဒ်မတွေနဲ့ အမှုဖွင့်ထားလည်းဆိုတာလည်း မသိရသေးပါဘူး။

RFA Burmese



စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြပွဲတွေ နေရာအနှံ့မှာ ဆက်ရှိနေ စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြပွဲတွေ နေရာအနှံ့မှာ ဆက်ရှိနေ Reviewed by THITHTOOLWIN on 20:41 Rating: 5

No comments:

Powered by Blogger.