မြန်မာအခြေအနေ လုံးဝထိန်းချုပ်မရတဲ့ အနေအထားရောက်တော့မယ် (ကုလ ယာယီဌာနေကိုယ်စားလှယ် -မြန်မာ)

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ယာယီ ဌာနေကိုယ်စားလှယ် Andrew Kirkwood

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေအလွန်ဆိုးရွားနေပြီး လုံးဝထိန်းချုပ် လို့ မရတော့မယ့် အနေအထားရောက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယာယီ ကုလဌာနကိုယ်စားလှယ်က သောကြာနေ့က သတိပေးပြောကြားလိုက်ပါတယ်။

နယူးရောက်ကုလသမဂ္ဂဌာနချုပ်မှာ မနေ့က ပြုလုပ်တဲ့ ဗွီဒီယိုကွန်ဖရင့် သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ယာယီ ဌာနေကိုယ်စားလှယ် Andrew Kirkwood က ရန်ကုန်ရုံးကနေ မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေကို တင်ပြခဲ့တာပါ။

”ကုလသမဂ္ဂရှုထောင့်က ကြည့်ရင်မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာပြီး လုံးဝထိန်းချုပ်လို့မရပဲ အဆုံးသတ်သွား နိုင်တယ် ဆိုတာကို သေသေ ချာချာ ထောက်ပြဖို့ သိပ်အ ရေးကြီးနေပါပြီ။လူဦးရေနှစ်သန်းလောက်နေထိုင်တဲ့ ရန်ကုန်စက်မှုဇုံ ဆင်ခြေဖုန်းမြို့နယ်တွေဟာ အခုဆိုရင် စစ်အုပ်ချုပ်ရေးအောက်မှာရှိနေပြီး စစ်တပ်မှူးတွေရဲ့တရားစီရင်ရေးအောက်မှာ လုံးဝကျရောက်နေပါတယ်။”

အဲဒီ စစ်အုပ်ချုပ်ရေးအောက်ရောက်နေတဲ့ မြို့နယ်တွေကနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လူတွေသောင်းနဲ့ ချီပြီး မိသားစုတွေ၊ ကလေးတွေ အစုလိုက်အပြုံလိုက်ထွက်ခွာနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့ဘဝတွေ ပိုမိုကောင်းမွန်ဖို့ ရန်ကုန်တက်ပြီး အလုပ်လုပ်နေသူတွေဟာ အခုတော့ သူတို့ အရင်နေခဲ့တဲ့ ကျေးရွာဒေသတွေဆီပြန်နေကြတာဖြစ်တယ်လို့ Andrew Kirkwood ကပြောသွားပါတယ်။

ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့သူပေါင်း ၂၁၁ ဦးမက ရှိနေပြီး အဲဒီထဲမှာ ၁၅ ဦးဟာ ကလေးအရွယ်၊ တချို့ဆိုရင် အသက် (၁၄)နှစ်အောက်တွေဖြစ်တယ်လို့ Andrew Kirkwood က ပြောပါတယ်။ လက်ရှိ မြန်မာစစ်တပ် ပစ်ခတ်နှိမ်နင်းမှုတွေကို ကုလသမဂ္ဂ ရန်ကုန်ရုံးအနေနဲ့ စောင့်ကြည့်မှတ်တမ်းတင်ပြုစုထားတယ်လို့လည်း သူကဆိုပါတယ်။

"လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေ လာတော့မယ့်အခြေအနေ ကိုလည်း အလွန်စိုးရိမ်ပူပန်မိပါတယ်။ ပြည်သူ့ကျန်းမာရေး စနစ်ဆိုရင်လုံးဝ ပျက်စီးနေပါတယ်။ ဒါအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတဝှမ်းမှာရှိနေတဲ့ ဆေးရုံပေါင်း ၃၆ ခုကို စီးနင်းသိမ်းပိုက်ထားသလို တချို့နေရာတွေမှာဆိုရင် လူနာတွေကို ဆေးရုံကနေ စစ်တပ်က နှင်ထုတ်ခဲ့တယ်လို့လည်း ပြောသွားပါတယ်။"

အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ အိမ်တွေထဲ စီးနင်းဝင်ရောက် ဖမ်းဆီး၊ ရိုက်နှက်မှု စတာတွေအပါအဝင် အကျိူးဆက်အဖြစ် လူသားချင်းစာနာမှု အကျပ်အတည်း၊ စားနပ်ရိက္ခာ အကျပ်အတည်းတွေကို ရင်ဆိုင်ရဖို့ရှိနေတယ်လို့လည်းကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ယာယီ ဌာနေကိုယ်စားလှယ် Andrew Kirkwood က ဗွီဒီယိုကွန်ဖရင့် သတင်းစာရှင်းလင်းပွဲမှာ သတိပေးပြောဆိုသွားပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-un-comment-on-current-situation-is-un-controable-/5821575.html

မြန်မာအခြေအနေ လုံးဝထိန်းချုပ်မရတဲ့ အနေအထားရောက်တော့မယ် (ကုလ ယာယီဌာနေကိုယ်စားလှယ် -မြန်မာ) မြန်မာအခြေအနေ လုံးဝထိန်းချုပ်မရတဲ့ အနေအထားရောက်တော့မယ် (ကုလ ယာယီဌာနေကိုယ်စားလှယ် -မြန်မာ) Reviewed by THITHTOOLWIN on 08:00 Rating: 5

No comments:

Powered by Blogger.