အိန္ဒိယ နိုင်ငံဖက် ထွက်ပြေးလာတဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်အထိ ရှိလာ




(၁၂-၃-၂၀၂၁)

အာဏာသိမ်းစစ်ကောင်စီ စစ်တပ်က ဆန္ဒပြ ပြည်သူတွေကို ပစ်သတ်ဖို့အမိန့်ပေးတာကို လက်မခံနိုင်တဲ့အတွက် အိန္ဒိယ နိုင်ငံဖက် ထွက်ပြေးလာတဲ့ ရဲအရာရှိတွေနဲ့ မိသားစုဦးရေဟာ ၂၀၀ ကျော်အထိ ရှိလာနေပြီလို့ အိန္ဒိယ အာဏာပိုင်တွေက ဒီနေ့ပြောဆိုပါတယ်။

“သောကြာနေ့အထိ ရထားတဲ့စာရင်းတွေအရ ရဲအရာရှိ ၁၉၈ ဦး အပါဝင် မိသားစုတွေပါ ပေါင်းရင် အားလုံး ၂၆၄ ဦး ရှိနေပြီ” လို့ အိန္ဒိယ နယ်စပ်လုံခြုံရေးအရာရှိတဦးကပြောပါတယ်။

"အိန္ဒိယဖက်ကို ထွက်ပြေးလာရတဲ့အဓိကအကြောင်းရင်းကတော့ အာဏာသိမ်းစစ်တပ် အောက်မှာ တာဝန်မထမ်းချင်လို့ပါ” လို့ အမည်မဖေါ်လိုတဲ့ မြန်မာရဲ အရာရှိတဦးကပြော ပါတယ်။

"ဒုတိယအချက်ကတော့ အာဏာသိမ်းစစ်တပ်အောက်ကနေ ကျနော်နုတ်ထွက်လိုက်ရင် ဆန္ဒပြနေတဲ့ ပြည်သူတွေနဲ့အတူ ပူးပေါင်းနိုင်မယ်။ စစ်အာဏာရှင်ကို အနိုင်ရအောင် တိုက်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်လို့ပါ” လို့ အဲဒီအရာရှိကပြောပါတယ်။

သူ့လို ထွက်မပြေးနိုင်တဲ့ ရဲတွေဟာ စစ်သားတွေက အမိန့်ပေးထားတဲ့အတိုင်း လူတွေကို ဖမ်းဆီး ရိုက်နှက်နေရတယ်။ အချို့လူတွေဆိုရင် ဆန္ဒပြပွဲထဲပါတာ မဟုတ်ဘူး။ လမ်းဘေးမှာ ရပ်ကြည့်သူ၊ တယ်လီဖုန်းနဲ့ဓာတ်ပုံရိုက်သူတွေပါ။ အဲဒီလိုလူတွေကိုလည်း စစ်တပ်အလိုကျ ရဲတွေကဖမ်းဆီး ရိုက်နှက်ပေးနေရတာကို သူ့ကိုယ်တိုင် မြင်ခဲ့ရတယ်လို့ အဲဒီ ရဲ အရာရှိက ပြောပြပါတယ်။

ဒီလိုထွက်ပြေးသွားတဲ့ ရဲတွေထဲက ၈ ဦးကို ပြန်ပို့ပေးဖို့ မြန်မာဖက်က တောင်းဆိုထားပေမယ့် အိန္ဒိယဖက်က ဘယ်လိုတုန့်ပြန်သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။  ဒေသခံ နယ်စပ်ရွာသူကြီးတဦးရဲ့ပြောဆိုချက်အရတော့ နောက်ထပ် ထွက်ပြေးလာတဲ့ ရဲတွေ၊ အရပ်သားတွေ ဒါဇင်နဲ့ချီပြီး အိန္ဒိယထဲ ဝင်ခွင့်ရဖို့ နယ်စပ်မှာ စောင့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။      ။


Burma News Network

https://www.facebook.com/burmanewsnetwork

အိန္ဒိယ နိုင်ငံဖက် ထွက်ပြေးလာတဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်အထိ ရှိလာ အိန္ဒိယ နိုင်ငံဖက် ထွက်ပြေးလာတဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်အထိ ရှိလာ Reviewed by THITHTOOLWIN on 08:26 Rating: 5

No comments:

Powered by Blogger.