ဖုန်းအင်တာနက် ဖြတ်ထားတာကြောင့် အောက်ခြေပြည်သူတွေ ထိခိုက်မှုတွေရှိလာ



မြန်မာနိုင်ငံမှာ ပြည်သူလူထု အများစုသုံးနေတဲ့ မိုဘိုင်းဖုန်းရဲ့ အင်တာနက် ဆက်သွယ်ရေးကို အာဏာသိမ်း စစ်ကောင်စီက အရင်ရက်တွေမှာ ညပိုင်းတွေပဲဖြတ်နေပြီး၊ ဒီနေ့ကစလို့ နေ့ရော ညပါ ဖြတ်တောက်လိုက်တဲ့ အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍပေါင်းစုံမှာ အခက်အခဲ ဖြစ်သွားပါတယ်။

အရင်ရက်တွေက နေ့စဉ် မနက် ၁ နာရီကနေ ၉ နာရီအထိ အချိန်ပိုင်း ဖြတ်တောက်ထားတာပါ။ အိမ်တွေ၊ ရုံးတွေမှာ လစဉ်ကြေးပေးပြီးသုံးနေတဲ့ Fiber အင်တာနက်လိုင်းတွေကိုတော့ ဒီနေ့ မနက်မှာ ပြန်ဖွင့်ပေး ထားပါတယ်။ ဒါပေမဲ့ အော်ဒီဒူးနဲ့ တယ်လီနော ကုမ္ပဏီကပေးထားတဲ့ ဝိုင်ဖိုင် စက်တွေလည်း အင်တာနက် ဖြတ်ခံထားရပါတယ်။

အင်တာနက် ဖြတ်ထားတာနဲ့ ပတ်သက်ပြီးအော်ရီဒူး ကုမ္ပဏီရဲ့ဝန်ဆောင်မှုဌာနကို တယ်လီဖုန်းနဲ့ ဆက်ပြီး မေးတဲ့အခါမှာ ဘယ်ချိန်မှာ အင်တာနက်ပြန်ပြီး အသုံးပြုခွင့်ပေးမယ်ဆိုတာ သေချာမသိရသေးဘူးလို့ ပြောပါတယ်။

မြန်မာ့ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ အင်တာနက် အသုံးပြုခွင့် ယာယီ ပိတ်ထားတာ ဖြစ်တဲ့အကြောင်း အော်ရီဒူးကုမ္ပဏီရဲ့ အလိုအလျောက်ပြန်ဖြေဆိုချက်မှာ ထည့်သွင်း ပြောထားပါတယ်။

ဆန္ဒပြသူတွေ သတင်းစီးဆင်းမှု ပြတ်သွားအောင် ရည်ရွယ်ပြီး မိုဘိုင်းဖုန်း အင်တာနက်သီးသန့် ဖြတ်တောက်လိုက်တာလို့ ယူဆရကြောင်း ရန်ကုန်မြို့၊ အင်းစိန်မြို့ဒေသခံ တစ်ဦးက ပြောပါတယ်။

ဆန္ဒပြပွဲတွေမှာ စစ်တပ်နဲ့ရဲက အကြမ်းဖက် တိုက်ခိုက်တာတွေကို ပြည်သူတွေက တိုက်ရိုက်ထုတ်လွှင့် နိုင်ခဲ့တဲ့အတွက် ထိန်းချုပ်တာ ဖြစ်နိုင်တယ်လို့လဲ ပြည်သူတချို့က သုံးသပ်ကြပါတယ်။

အခုလို ဖုန်းအင်တာနက်လိုင်းတွေ ပိတ်ထားတာကြောင့် လုပ်ငန်းတွေလည်း ထိခိုက်တာတွေ ရှိလာပါတယ်။

ကျေးရွာတွေမှာ မိုဘိုင်းဖုန်း အင်တာနက်ကိုသာ အဓိကထား သုံးစွဲနေရတာဖြစ်ပြီး တစ်နေရာနဲ့ တစ်နေရာ ငွေပို့ငွေလွှဲကိစ္စတွေနဲ့ အွန်လိုင်းဈေးဝယ်တဲ့ကိစ္စတွေမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရပါတယ်။

အခုချိန်မှာ ဘဏ်တွေ ပိတ်ထားတာကြောင့် ပြည်တွင်းနဲ့ ပြည်ပ ရွှေ့ပြောင်းအလုပ်သမား အားလုံး နည်းပါးဟာ မိသားစုကို ငွေပြန်ပို့တာမှာ Wave Money၊ True Money၊ K Payတွေကို အဓိက ထားသုံးနေရပါတယ်။ ဒီနေ့မှာ ဖုန်းအင်တာနက် ပိတ်လိုက်တာကြောင့် နေရာအများစုမှာ ငွေထုတ် ငွေလွှဲလုပ်လို့မရပဲ ဖြစ်နေပါတယ်။

ကျေးရွာတွေမှာ အခက်အခဲတွေ အများကြီးဖြစ်နေရတယ်လို့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ငွေပို့ငွေလဲ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက RFA ကိုပြောပါတယ်။

ဖုန်းအင်တာနက်တွေ ဖြတ်တောက်တာကြောင့် ပြည်သူတွေ အခက်အခဲဖြစ်နေတာနဲ့ ပတ်သက်ပြီး ဘယ်လို တာဝန်ယူနိုင်မလဲဆိုတာသိဖို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFAက တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ် အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ အကုန် ဖြတ်တောက် ခံလိုက်ရပြီးနောက် နောက်နေ့မှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဖေဖော်ဝါရီ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ (စနေ၊ တနင်္ဂနွေ) တွေမှာ အင်တာနက်လိုင်းကို လုံးဝဖြတ်တောက်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး မနက် ၁ နာရီကနေ ၉ နာရီအထိ နေ့စဉ် အချိန်ပိုင်း အင်တာနက် ဖြတ်ထားရာကနေ ဒီနေ့မှာတော့ မိုဘိုင်းဖုန်းအင်တာနက်ကို နေ့ရောညပါ ဖြတ်လိုက်တာဖြစ်ပါတယ်။

RFA Burmese

ဖုန်းအင်တာနက် ဖြတ်ထားတာကြောင့် အောက်ခြေပြည်သူတွေ ထိခိုက်မှုတွေရှိလာ မိုဘိုင်းသုံးဆွဲနေသူ တစ်ဦး မိုဘိုင်းအင်တာနက်လိုင်း ပြတ်တောက်မှုကို ၂၀၂၁ ဖေဖော်ဝါရီ ၄ရက်နေ့က ကြုံရစဉ်
Photo: AFP


ဖုန်းအင်တာနက် ဖြတ်ထားတာကြောင့် အောက်ခြေပြည်သူတွေ ထိခိုက်မှုတွေရှိလာ ဖုန်းအင်တာနက် ဖြတ်ထားတာကြောင့် အောက်ခြေပြည်သူတွေ ထိခိုက်မှုတွေရှိလာ Reviewed by THITHTOOLWIN on 18:46 Rating: 5

No comments:

Powered by Blogger.