ဖားကန့်မှာ ရဲတပ်ရင်း စခန်း ၂ ခုနဲ့ တပ်စခန်း ၁ ခု တိုက်ခိုက်ခံရ


ဖားကန့်၊ မတ် ၁၈၊ ၂၀၂၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းက ရဲတပ် ရင်း စခန်း၂ ခုနဲ့ တပ်စခန်း ၁ ခုကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က မနေ့ည ၁ နာရီဝန်းကျင်မှာ လက်နက်ကြီး တွေ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါ တယ်။

တိုက်ခိုက်ခံရတဲ့ ရဲတပ်ရင်း စခန်းတွေကတော့ နမ့်မှော် ကျေးရွာ နားက တပ်စခန်း၊ မော်လကင်ရွာနားက ရဲတပ်ရင်း စခန်း၊ မိုးကာ ရွာနားက စိန်လုံ ရဲတပ်ရင်း စခန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စခန်း ၃ ခုကို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နှစ်ဖက်ကျဆုံးမှုတွေကို မသိရှိရပေမယ့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ကာ မိုးလင်းခါနီးမှ သေနတ်သံတွေ တိတ်သွားခဲ့တယ်လို့ ဒေသခံရွာ သားတွေက VOM ကို ပြောပါတယ်။

“ညကတော့ သူတို့တဖက်နဲ့တဖက်ပစ်နေတာ တော်တော်ကြာ တယ်။ မနက်လင်းမှ သေနတ်သံတွေ တိတ်သွားတာ။ နှစ်ဖက် ရဲဘော်တွေ ကျတာမျိုးတော့ မတွေ့မိဘူး၊ ကျနော်တို့ရွာက ရွာသားတယောက်တော့ လက်နက်ကြီးနဲ့ ပစ်တဲ့အချိန်က အစတခု မှန်ပြီး လက်မောင်းမှာ ဒဏ်ရာတော့ ရသွားတယ်ဗျ”လို့ မော်လကင် ရွာသားတဦးက ပြောပြပါတယ်။

မော်လကင် ရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မော်လကင်ရွာက ရခိုင်အမျိုးသား ၁ ဦး လက်မောင်းမှာ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစခန်းတွေကို တိုက်ခိုက်နေတဲ့ ည ၁ နာရီကျော်အချိန်မှာပဲ ဆိပ်မူကျေးရွာက ဧရာဝတီဘဏ် အနီးမှာ ဗုံး ၁ လုံး ပေါက်ကွဲ ခဲ့တယ်လို့လည်း သိရပါတယ်။

မနေ့ညက ဖားကန့်တခုလုံး သေနတ်သံတွေ ဆူညံနေခဲ့ပြီး မိုးလင်း ခါနီးမှ သေနတ်သံတွေ တိတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ မတ်လ ဒုတိယပတ်ကစပြီး တပ်မတော် နဲ့ KIA တို့ စစ်ရေးတင်းမာလာခဲ့ကာ KIA က တပ်မတော် စခန်းနဲ့ တိုက်ခိုက်ရေး ရဲတပ်ရင်းစခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာ စခန်း ၄ ခု ရှိသွားပြီလို့ ဆိုပါတယ်။

မတ်လ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်မှာ ဆိပ်မူကျေးရွာမှ ကြိုဆို ပါ၏ ဆိုင်းဘုတ်အနီးမှာ ဗုံး ၁ လုံး ထပ်မံပေါက်ကွဲခဲ့ပြီး လူ ၁ ဦး တယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်းလည်း သိရပါ တယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ဖားကန့်မှာ ရဲတပ်ရင်း စခန်း ၂ ခုနဲ့ တပ်စခန်း ၁ ခု တိုက်ခိုက်ခံရ ဖားကန့်မှာ ရဲတပ်ရင်း စခန်း ၂ ခုနဲ့ တပ်စခန်း ၁ ခု တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 21:31 Rating: 5

No comments:

Powered by Blogger.