စစ်အုပ်ချုပ်ရေးကြောင့် စားဝတ်နေရေးထိခိုက်ပြီး ပြည်တွင်းရွွှေ့ပြောင်းမှုဖြစ်လာနိုင်

ရန်ကုန်မြို့ရှိ စျေးတခုရဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၁)

ကုန်ထုတ်လုပ်ရေးမှာ အဓိကကျတဲ့ ရန်ကုန်တိုင်းက မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်ဖြိုခွဲတာ၊ စစ်အုပ်ချုပ်ရေးဥပဒေ ကျင့်သုံးတာတွေကြောင့် နေရပ်ရွှေ့ပြောင်းမှုတွေနဲ့အတူ စားဝတ်နေရေး လုံခြုံမှုမရှိတော့တဲ့ အခြေအနေကို ဦးတည်လာကြောင်း ပညာရှင်တွေက ပြောလိုက်ပါတယ်။ အပြည်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်ကတင်ပြပေးထားပါတယ်။

စက်မှုဇုန်အခြေတည်ထားတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ ဒီနေရာတွေမှာ ဒေသခံတွေကို စစ်အုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ဒေသခံတွေရဲ့ စားဝတ်နေရေးဟာ စိုးရိမ်စရာ ရှိလာပါတယ်။ ဒီအခြေအနေက ပြည်တွင်းရွှေ့ပြောင်းမှုကို ဦးတည်လာပြီလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်က ဒေါ်ခင်မျိုးချစ်က ဗွီအိုအေကို ပြောပါတယ်။

“ပြန်တဲ့သူတွေအတွက် ကျတော့လည်း ဟိုမှာရော သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းက ပေးနိုင်မလဲပေါ့။ ရေရှည်မှာ ဒီဟာက ကြာလာတာနဲ့အမျှ အားလုံးက အဆင်မပြေတာတွေ၊ ဒုစရိုက်မှုတွေက ပိုများလာတာ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။ လူကတော့လေ ထမင်းမစားဘဲလည်း မနေနိုင်ဘူး အသက်ရှင်နေသမျှ ကာလပတ်လုံး ရှင်သန်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ စဉ်းစားရတာဆိုတော့ စက်မှုဇုန်တွေက အလုပ်မဖြစ်တော့ဘူးလို့ တွေးလာတဲ့ အခါမှာ တခြားလမ်းကြောင်း တခုကို စဉ်းစာကြမှာပေါ့နော်။ စိုက်ပျိုးရေးသော်လည်းကောင်း၊ ကျမတို့ မမြင်နိုင်တဲ့ ဘာလုပ်ငန်း ပေါ်လာဦးမလဲ မသိဘူးပေါ့နော်။ ဒါမျိုးတွေ ဖြစ်လာမှာပေါ့။”

ကိုဗစ်ကြောင့် စီးပွားရေးယုတ်လျော့နေတဲ့ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် အစားအစာ ဖူလုံမှုအတွက် စိုးရိမ်စရာဖြစ်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးအစီအစဉ် WFP က သူ့ရဲ့ မြန်မာပြည်ဌာနေ ညွှန်ကြားရေးမှူး Stephen Anderson ရဲ့ ပြောဆိုချက်ကို ကိုးထားထုတ်ပြန်လိုက်ပါတယ်။

ဒီမိုကရေစီပြန်ရဖို့ သပိတ်မှောက်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ လမ်းပေါ်ထွက် ဆန္ဒပြသူတွေကြောင့် ဘဏ်စနစ်တွေ၊ ကုန်စည်စီးဆင်းမှုတွေ၊ နိုင်ငံတကာ ထောက်ပံ့ရေး အစီအစဉ်တွေ ရပ်တန့်သွားပါတယ်။ ဒါဟာ စစ်အစိုးရကို ဦးတည်တိုက်ခိုက်တာ ဖြစ်ပေမဲ့ ထိခိုက်ရှလွယ် အခြေခံလူတန်းစားလည်း အခက်အခဲတွေ စတင်ရင်ဆိုင်နေရကြောင်း ဒီထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

“စီးပွားရေး အခြေအနေကတော့ ကျနော်ထင်တယ်... လောလောဆယ် ဖြစ်ပျက်နေတဲ့ အခြေအနေအရဆိုရင် ကောင်းဖို့တော်တော့်ကို ခဲယဉ်းမှာပါ။ စိုက်ပျိုးရေးအနေနဲ့ ကြည့်ကြည့်၊ ထုတ်လုပ်မှု အနေနဲ့ကြည့်ကြည့်၊ ဘာပဲကြည်ကြည့်ပေါ့လေ အခြေအနေက ကောင်းဖို့တော်တော့်ကို ခက်ပါတယ်။”

ပြည်ထောင်စု စာရင်းစစ်ချုပ်လုပ်ခဲ့သူ ဦးမော်သန်း ပြောပြသွားတာပါ။

နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF အချက်အလက်အရဆိုရင် ဖေဖော်ဝါရီလအတွင်း ပြည်တွင်းမှာ လုပ်ငန်းသစ် ၁၈၀ ကျော်ပဲမှတ်ပုံကြပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ၂၀၂၀ ဖေဖော်ဝါရီမှာ မှတ်ပုံတင်တဲ့ လုပ်ငန်းသစ်ပေါင်း ၁,၄၀၀ ဝန်းကျင်ရှိခဲ့တာပါ။ ဒါဟာနိုင်ငံရေး မတည်ငြိမ်တဲ့ အခြေအနေမှာ လုပ်ငန်စတင်းဖို့ ဆန္ဒမရှိဘူးဆိုတာ ပြသနေတာဖြစ်ကြောင်း ပြည်ပသတင်းဌာနတွေက ရေးသားကြပါတယ်။

ကိုဗစ်က ရုန်းထဖို့ ကြိုးစားနေချိန်မှာ စစ်အာဏာသိမ်းမှုကြောင့် အကျိုးဆက်အနေနဲ့ ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ ပြန်ထွက်စ ပြုလာပါတယ်။ ကပ်ရောဂါကာလ အဖြစ်လည်ပတ်နေတဲ့ စက်မှုလုပ်ငန်းတွေဟာ စစ်အုပ်ချုပ်ရေးကြောင့် ရပ်တန့်သွားကြောင်း ပြည်ထောင်စုလွှတ်တော် စီးပွားရေးအကြံပေးလုပ်ခဲ့သူ ဦးဇော်ဖေဝင်းက ပြောပါတယ်။

“နယ်တွေကလာပြီး အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေပေါ့နော်... သူတို့ ပြန်ကုန်တယ်ဆိုတော့ စီးပွားရေး လုပ်ငန်းတွေကတော့ လည်ပတ်ရတာ တော်တော် ခက်သွားတဲ့အတွက်ကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ အထူးသဖြင့် စက်မှုကဏ္ဍနဲ့ ကုန်သွယ်ရေးကဏ္ဍ အဲဒီလိုဟာမျိုး တွေမှာတော့ တော်တော် ထိခိုက်စရာ အကြောင်းရှိတယ်လို့ မြင်ပါတယ်။”

ဒီရက်ပိုင်းအတွင်း စားအုန်းဆီစျေးဟာ ၂၀ ရာခိုင်နှုန်း၊ ဆန်စျေးက မြို့ကြီးတွေမှာ ၄ ရာခိုင်နှုန်း၊ ဗန်းမော်နဲ့ ပူတာအိုမှာတော့ ၃၅ ရာခိုင်နှုန်းအထိ တက်သွားကြောင်း WFP က ဖော်ပြပါတယ်။ လောင်စာဆီစျေးကလည်း ၁၅ ကနေ ၃၃ ရာခိုင်နှုန်း တက်သွားပါတယ်။ ကိုဗစ်ကပ်ရောဂါကာလကတည်းက ဝင်ငွေ၊ ထွက်ဝက်လောက် လျော့သွားတဲ့ မြန်မာပြည်သူတွေဟာ အာဏာသိမ်း နောက်ဆက်တွဲ စီးပွားရေးပြဿနာကြောင့် တကယ့်ကို စိုးရိမ်စရာရှိလာကြောင်း WFP ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

အာဏာသိမ်းမှုအောက်မှာ တတိုင်းပြည်လုံးရဲ့ စီးပွားရေးအခြေအနေကို ရေရှည်မျှော်ကြည့်မယ်ဆိုရင် အဆိုးဘက်ကို ဦးတည်နေပြီး စစ်တပ်ကတော့ အရင်အတိုင်း သူ့တို့ရဲ့ အကျိုးစီးပွားတွေ ရှင်သန်နိုင်မယ့်နည်းလမ်းကိုပဲ ပြန်သွားဖို့ ရွေးချယ်လိမ့်မယ်လို့ စီးပွားရေး ပညာရှင်တချို့က ပြောပါတယ်။


ကိုဇော်ဝင်းလှိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-and-business/5818073.html

စစ်အုပ်ချုပ်ရေးကြောင့် စားဝတ်နေရေးထိခိုက်ပြီး ပြည်တွင်းရွွှေ့ပြောင်းမှုဖြစ်လာနိုင် စစ်အုပ်ချုပ်ရေးကြောင့် စားဝတ်နေရေးထိခိုက်ပြီး ပြည်တွင်းရွွှေ့ပြောင်းမှုဖြစ်လာနိုင် Reviewed by THITHTOOLWIN on 23:50 Rating: 5

No comments:

Powered by Blogger.