ဆန္ဒပြသူကို သတ်ဖြတ်ဖမ်းဆီးနေတာတွေရပ်ဖို့ ကုလသမဂ္ဂတောင်းဆို

ဆန္ဒပြသူကို သတ်ဖြတ်ဖမ်းဆီးနေတာတွေရပ်ဖို့ ကုလသမဂ္ဂတောင်းဆို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံး ပြောခွင့်ရသူ Ravina Shamdasani။ Photo: Reuters

မြန်မာနိုင်ငံမှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် နှိမ်နင်းမှုတွေ အရှိန်မြှင့်လုပ်လာတဲ့အပေါ် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ရကြောင်းနဲ့ သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေကို ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံးက ဒီကနေ့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်သူတွေအပေါ် အာဏာပိုင်တွေကိုယ်တိုင် အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ သြဇာအရှိန်အဝါရှိသူတွေအနေနဲ့ ဝိုင်းဝန်းကြိုးပမ်းဖို့ တာဝန်ရှိတယ်လို့လည်း ကော်မရှင်နာမင်းကြီးက ပြောကြားခဲ့တယ်ဆိုပြီး ပြောခွင့်ရသူ Ravina Shamdasani က ဂျနီဗာသတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် “ဆန္ဒပြသူတွေကို သတ်ဖြတ် ဖမ်းဆီးနေတာတွေရပ်ဖို့ မြန်မာစစ်တပ်ကို ကျမတို့ တောင်းဆိုပါတယ်” - လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံးရဲ့ ပြောခွင့်ရသူ Ravina Shamdasani က ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့သီတင်းတပတ်အတွင်း နိုင်ငံအနှံ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် သေဆုံးသူတွေ တိုးလာသလို၊ ဥပဒေမဲ့ ဖမ်းဆီးခံရသူတွေလည်း များလာနေပြီး၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိတယ်ဆိုတဲ့ စိတ်ပျက်စရာ ကောင်းလောက်တဲ့ သတင်းတွေကိုလည်း ကြားသိနေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အနီးနားရပ်ကြည့်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျည်အစစ်တွေသုံးပြီး ပစ်ခတ်နှိမ်နင်းနေတာကြောင့် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့နေ့ကစလို့ အခုထိ သေဆုံးသူအဖြစ် ကုလသမဂ္ဂက သီးခြားအတည်ပြုနိုင်သူ အနည်းဆုံး ၁၄၉ ယောက် ရှိသွားပြီလို့ ဆိုပါတယ်။

ဒီအထဲမှာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာရှိတဲ့ တရုတ်နိုင်ငံကလည်ပတ်နေတဲ့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတချို့ကို ဘယ်သူဘယ်ဝါမှန်း မသိတဲ့သူတွေက မီးရှို့ခဲ့တာကြောင့် အာဏာပိုင်တွေက ဝင်ရောက်နှိမ်နင်းခဲ့တဲ့အတွက် သေဆုံးသူတွေလည်း ပါဝင်ခဲ့ပါတယ်။

RFA က သီးခြားပြုစုထားတဲ့ စာရင်းအရ - အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မတ်လ ၁၆ ရက်နေ့အထိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၇၀ ကျော် ရှိသွားပါပြီ။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းထောက်က ၃၉ ယောက် ရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/un-high-commisioner-for-human-rights-03162021102103.html

ဆန္ဒပြသူကို သတ်ဖြတ်ဖမ်းဆီးနေတာတွေရပ်ဖို့ ကုလသမဂ္ဂတောင်းဆို  ဆန္ဒပြသူကို သတ်ဖြတ်ဖမ်းဆီးနေတာတွေရပ်ဖို့ ကုလသမဂ္ဂတောင်းဆို Reviewed by THITHTOOLWIN on 23:56 Rating: 5

No comments:

Powered by Blogger.