တောင်ကိုရီးယားကိုယ်စားလှယ်တွေကို မြန်မာစစ်ကောင်စီ ပြည်ဝင်ခွင့်မပေး



တောင်ကိုရီးယားလွှတ်တော် နိုင်ငံတကာရေးရာကော်မတီဝင်တဦးဖြစ်တဲ့ အာဏာရဒီမိုကရက်တစ်ပါတီက အမျိုးသမီးလွှတ်တော်အမတ် Lee Jae Jung ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို အာဏာသိမ်း စစ်ကောင်စီက လက်ရှိအခြေအနေတွေအရ မြန်မာပြည် လာရောက်ခွင့်မပြုနိုင်ဘူးလို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက တဆင့် မတ်လ ၂၂ ရက်နေ့မှာ အကြောင်းကြားခဲ့ပါတယ်။ အဲဒီလို ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် လီဂျေဂျောင်းနဲ့ အဖွဲ့က မတ်လ ၂၃ ရက်နေ့က သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိုးလ်မြို့ရှိ မြန်မာ့အရေးလှုပ်ရှားသူ မခိုင်ခိုင်မိုးထက် က-

“ပြီးခဲ့တဲ့ အပတ်က သမီးတို့နဲ့အတူ သူတို့ မြန်မာသံရုံးရှေ့ကိုသွားတယ်၊အဲဒီမတိုင်ခင်ထဲက မြန်မာကို ဝင်ဖို့ ကြိုးစားခဲ့တာဆိုပြီး သူပြောတယ်။သူတို့ကို ဝင်ခွင့်ပိတ်ထားတယ်ဆိုပြီး အဲဒီနေ့က ပြောတယ်။ ဝင်ခွင့်ရဖို့ ထပ်ပြီး ကြိုးစားကြည့်ဦးမယ်ဆိုပြီး အဲဒီနေ့မှာ သံအမတ်ဦးသန့်ဇင်နဲ့ ဝင်တွေ့တယ်။ ဝင်တွေ့တော့လဲ သံအမတ်ဦးသန့်ဇင်က သူတို့ကို ဘာရယ်လို့ တိတိကျကျ မပြောဘူး။ ဒါပေမဲ့ ဒီနေ့မှာ အဲဒီအကြောင်းကြားစာကို တရားဝင်လက်ခံရရှိတယ်ပေါ့ အဲဒါကို သတင်းစာရှင်းလင်းပွဲမှာ ပြန်ရှင်းပြတာ”

အဲဒီသတင်းစာရှင်းပွဲမှာ လွှတ်တော်အမတ် လီဂျေဂျောင်းပြောကြားခဲ့တဲ့စကားတွေထဲက အချက်တချို့ကို မြန်မာ့အရေး လှုပ်ရှားသူ ဦးရန်နိုင်ထွန်းက RFA ကို အခုလို ဘာသာပြန် ပြောကြားခဲ့ပါတယ်။

“မြန်မာပြည်သူတွေနဲ့ သူတို့သွားတွေ့ကြမယ်၊မြန်မာပြည်ရဲ့ အခြေအနေတွေကိုလေ့လာမယ်။ ပြီးရင် ပြန်လာပြီး မြန်မာပြည်အတွက် သူတို့အင်တိုက်အားတိုက် ကြိုးစားပြီး ကူညီဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာသံရုံးကို သွားပြီး ဗီဇာလျှောက်ထားခဲ့တာဖြစ်တယ်။ အခု ငြင်းပယ်ခံရလို့ စိတ်မကောင်းဖြစ်ရတယ်။ ကိုရီးယားမှာ ရှိတဲ့ မြန်မာသံရုံးဟာ ပြည်သူ့ရဲ့မျက်နှာကိုမထောက်ဘဲနဲ့ မတရား အာဏာသိမ်းစစ်အုပ်စုရဲ့ လက်ပါးစေဖြစ်တယ်လို့ မျက်ဝါးထင်ထင် တွေ့ရှိရတယ်။ မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် သူတို့ အစွမ်းကုန်ကြိုးစားမယ်လို့ ကတိပေးသွားပါတယ်”

ဒါ့အပြင် တောင်ကိုရီးယားအမတ် လီဂျေဂျောင်းက အခုလိုငြိမ်းချမ်းစွာ သွားရောက်မယ့် သူတို့ကို မြန်မာပြည်လာခွင့် မပေးတာဟာမြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ ဒီမိုကရေစီနဲ့ အမှန်တရားကို ယုံကြည်မှု မရှိဘူးဆိုတာ ပြသလိုက်တာ ဖြစ်ကြောင်း၊ မြန်မာပြည်မှာ စစ်တပ်ကပြည်သူတွေကို စက်သေနတ်တွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ကြားသိရကြောင်း၊ စစ်တပ်ရဲ့ဖိနှိပ်မှုကို ခံစားဖူးပြီး အသက်စတေးတွေ များပြားစွာပေးခဲ့ရဖူးတဲ့ တောင်ကိုရီးယား နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အခုလိုအာဏာသိမ်းမှုကို ဥပက္ခာပြုထားမှာ မဟုတ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာလည်း မြန်မာပြည်အရေး ဖြေရှင်းဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုသွားမှာဖြစ်ကြောင်း စသဖြင့် ပြောဆိုသွားခဲ့ပါတယ်။

တောင်ကိုရီးယား ရှေ့နေအသင်းရဲ့ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်ဖူးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံအတွက် တကယ်စစ်မှန်တဲ့ မိတ်ဆွေကောင်းပဲလို့ ပြောပါတယ်။

“သူတို့က ကျနော်တို့ကို အရမ်းအကောင်းမြင်တယ်။ ကျနော်တို့ကိုလည်း ကြီးပွားစေချင်တယ်၊ အောင်မြင် စေချင်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိတာ သွားတွေ့ရတယ်။ ပြီးတော့လည်း ကမ္ဘာကျော် ဂွမ်ဂျုး အရေးတော်ပုံကြီးမှာ သူတို့ကလည်း ချွန်ဒူးဝမ်ရဲ့ ရက်ရက်စက်စက် ချေမှုန်းခံထားရတဲ့ အလျောက် စစ်တပ်ဆိုရင် အရမ်းစိတ်နာနေတဲ့ တကယ့်ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်တယ်။ မြန်မာပြည်ကို ကိုယ်ချင်းစာနေပြီး လိုအပ်တဲ့အကူအညီတွေအားလုံး ပေးမယ်၊ ပေးလည်း ပေးနေတယ်လို့ ကျနော်သိရတဲ့အတွက် များစွာ အားရှိပါတယ်။”

လတ်တလောကာလအတွင်း တောင်ကိုရီးယားအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စစ်အာဏာရှင်တွေ လက်အောက်က လွတ်မြောက်ရေးအတွက် မြန်မာပြည်သူတွေကို အတက်ကြွဆုံး ထောက်ခံအားပေးနေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

RFA Burmese



တောင်ကိုရီးယားကိုယ်စားလှယ်တွေကို မြန်မာစစ်ကောင်စီ ပြည်ဝင်ခွင့်မပေး တောင်ကိုရီးယားကိုယ်စားလှယ်တွေကို မြန်မာစစ်ကောင်စီ ပြည်ဝင်ခွင့်မပေး Reviewed by THITHTOOLWIN on 07:42 Rating: 5

No comments:

Powered by Blogger.