အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ် မှ လက်နက်ကြီးများ ပစ်ခတ် သဖြင့် ဒေသခံများ စိုးရိမ် ကြောက်လန့်နေကြရ





၂၀၂၁ ခုနှစ်၊ မတ်လ (၉)ရက်

သူးလေသတင်းစဉ်

၂၀၂၁ ခုနှစ်၊ မတ်လ (၃)ရက် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ် စကခ(၈) ခမရ(၄၁၀) တပ်ရင်းမှူး ထွန်းလင်းမြင့် နှင့် ခမရ (၄၃၄) တပ်ရင်းမှူး မြင့်စိုးဦး တို့ဦးဆောင်သော ပေါ်ပယ်ကျိုး တပ်စခန်း မှ လက်နက်ကြီး (၆၀ မမ) ၃ ချက် ကို ခေးထာကျေးရွာ အနီးသို့ ပစ်ခတ်ခဲ့ပြီး နေက်ထပ် (၂) ချက် တစ်ကြိမ်ထပ်မံ ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအနီး သို့ ကျရောက်ပြီး အိမ်မွေးကြက် တစ်ကောင် အား ထိမှန် သေဆုံးခဲ့ပါသည်။ အဆိုပါကျေးရွာ သည် အိမ်ထောင်မိသားစု (၃၆) စု ရှိပြီး လူဦးရေ ကျား (၁၁၁)ဦး၊ မ (၁၀၇)ဦး စုစုပေါင်း (၂၁၈)ဦး ရှိပါသည်။

ထို့ကြောင့် ကျေးရွာသူရွာသားများ ထွက်ပြေးခဲ့ရပြီး မိသားစု (၄)စု လူဦးရေ (၂၅)ဦး မှာ တခေါထာ သစ်တော ထဲသို့၎င်း၊ မိသားစု (၃၂)စု လူဦးရေ (၁၈၄) ဦး မှာ လယ်ဖာ့ဒိုကလိုး အနီးသို့ ၎င်း ရှောင်ပုန်းနေကြရပါသည်။ တခေါထာ တောထဲသို့ ပြေးလွှားပုန်းရှောင်နေရသူများ အနေဖြင့် ကျေးရွာသို့ ပြန်လာရန် ကြောက်ရွံ့နေရဆဲ ဖြစ်ကြောင်း သိရပါသည်။ လယ်ဖာ့ဒိုကလိုး သို့ ပြေးလွှားပုန်းရှောင်နေရသူများထဲမှ မိသားစု (၃)စု လူဦးရေ (၁၇) ဦး သာ ရွာသို့ ပြန်လာကြပြီး အခြားသူများမှာ ပြန်မလာသေးကြောင်း သိရပါသည်။ အချို့မှာမူ ရွာတွင်းရှိ အိမ်မွေး တိရိစ္ဆာန်များ ကို အစာပြန်လာကျွေးခြင်းသာ ရှိပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကို ကြောက်ရွံ့သဖြင့် ရှောင် ပုန်းရာ နေရာသို့ ပြန်သွား နေကြရပါသည်။

ထို့အတူ ပင် ၂၀၂၁ ခုနှစ်၊ မတ်လ (၆)ရက် တွင်လည်း အဆိုပါတပ်စခန်းမှပင် ညနေ ၆းဝဝ နာရီ မှ ၁၁းဝဝ နာရီ အထိ (၃)ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ကျေးရွာအနီးသို့ ၂ ချက် ကျရောက်ပြီး တစ်ချက်မှာ (၁၀)ကိုက် အကွာ တွင် ကျရောက်ခဲ့ပါသည်။ ထို့ကြောင့် ပြေးလွှားရာမှ ပြန်လာနေထိုင်ကြသော မိသားစု (၃) စု မှာ ထပ်မံ ထွက်ပြေး ကြပြီး ပြန်မလာကြတော့ပါ။

ထိုဖြစ်ရပ် အပေါ်တွင် ”စစ်တပ် မှ လက်နက်ကြီးများ ပစ်ခတ်ချိန် တွင် မိမိမှာ မီးဖွားပြီးစ ဖြစ်သဖြင့် ထိတ်လန့် ကြောက်ရွံ့ခဲ့ပြီး၊ မိမိတို့ နယ်မြေထဲ မှ စစ်တပ်များ အမြန်ဆုံးပြန်လည်ထွက်ခွာ သွားစေလိုပါသည်။” ဟု ခေးထာကျေးရွာ ကျောင်းဆရာမ နော်ဘဲလေဖော မှ မိမိခံစားချက် သဘောထားကို ပြောပြပါသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ မှ စ၍ အာဏာသိမ်းစစ်ကောင်စီ ၏ လက်အောက်ခံ စစ်တပ်များ သည် တပ်ရိက္ခာပို့ခြင်း နှင့်တကွ တပ်အင်အား များ ကို တိုးမြင့် ပို့ဆောင်ခြင်းများကို မူတရော်ခရိုင် နယ်မြေများတွင် လုပ်ဆောင်နေသည့် အပြင် လက်နက်ကြီးများ ပစ်ခတ်ခြင်း ကိုလည်း နေ့စဉ်နီးပါး ပစ်ချနေကြောင်း သိရပါသည်။


Thoolei News - KNU -Department Of Informationhttps://www.facebook.com/KNUDOIHQ/

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ် မှ လက်နက်ကြီးများ ပစ်ခတ် သဖြင့် ဒေသခံများ စိုးရိမ် ကြောက်လန့်နေကြရ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ် မှ လက်နက်ကြီးများ ပစ်ခတ် သဖြင့် ဒေသခံများ စိုးရိမ် ကြောက်လန့်နေကြရ Reviewed by THITHTOOLWIN on 19:37 Rating: 5

No comments:

Powered by Blogger.