![]() |
သင်္ဃန်းကျွန်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာရသူများကို တွေ့ရစဉ်။ |
သင်္ဃန်းကျွန်း၊ မတ် ၁၄၊ ၂၀၂၁
ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ် ဘုရားလမ်း-ဘီအိုစီ အထိုင် သပိတ် ဆန္ဒပြသူများကို ဒီနေ့ညနေပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင် များက ပစ်ခတ်မှုကြောင့် ၂ ဦး သေဆုံးပြီး ၂၅ ဦးခန့် ထိခိုက် ဒဏ်ရာရကြောင်း သိရပါတယ်။
ဒေသခံ သတင်းသမား တဦးက“ညနေ ၄ နာရီခွဲလောက် ဆန္ဒပြသူ တွေအပြန် ဦးစံဖေ ရပ်ကွက်နားမှာ အပစ်ခံရတာ။ ရာဘာကျည် ထိတာ ၂၅ ယောက်လောက် ရှိတယ်။ ကျည်အစစ်နဲ့ ပစ်တာလည်း ပါတယ်လို့ ပြောပါတယ်။ ၂ ဦးကတော့ သေသွားပါတယ်။ ဒဏ်ရာ ရတဲ့သူရော သေဆုံးသူ ရုပ်အလောင်းတွေပါ စံပြဆေးရုံကို ပို့ပါ တယ်”လို့ ပြောပါတယ်။
လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို အပြန်လမ်းမှာ တမင်စောင့်ပြီး ပစ်ခတ်ခြင်း ဖြစ်ပြီး အထပ်မြင့် တိုက်ပေါ်တွေ က ပစ်ခတ်တာ ဖြစ်ကြောင်း၊ အိမ်အတွင်း နေထိုင်နေသူ တချို့ကိုပါ ကျည်ဆန် ထိမှန်မှုရှိကြောင်း ဆန္ဒပြသူများက ပြောပြတယ်လို့ လည်း သူက ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ တာမွေ တို့မှာ ဒီနေ့ တရက်တည်း လုံခြုံရေး တပ်ဖွဲ့ဝင်များရဲ့ အကြမ်းဖက် ပစ်ခတ် ဖြိုခွဲမှုကြောင့် ထိခိုက် ဒဏ်ရာရသူ ရာဂဏန်းခန့် ရှိပြီး သေဆုံးသူ ၂၀ ခန့် ရှိကြောင်း သတင်းဖော်ပြချက်များ အရ သိရပါတယ်။
သတင်း/ဓာတ်ပုံ - ကိုလေးမောင် (ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

No comments:
Post a Comment