ရန်ကုန်အပါအဝင် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေနဲ့ ဖြိုခွဲတာတွေ ဆက်ဖြစ်နေဆဲ

ရန်ကုန် လှိုင်မြို့နယ် ဆန္ဒပြပွဲအတွင်း ဖြိုခွင်းခံရတဲ့ မြင်ကွင်း။ (မတ် ၁၇၊ ၂၀၂၁)


မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေ ရှိနေတဲ့ကြားမှာပဲ ရန်ကုန်မြို့အပါအဝင် မန္တလေး၊ မုံရွာ၊ ရွှေဘို၊ နက်မောက်၊ တောင်ငူ၊ ညောင်ဦး၊ မိတ္တိလာ၊ ဖားကန့်၊ လွိုင်ကော်၊ ထားဝယ်၊ ကလေး စတဲ့နိုင်ငံတဝန်းက မြို့တွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေဟာ လမ်းလေ ျှာက်ချီတက်တာတွေ၊ ထိုင်သပိတ်လုပ်တာတွေ၊ ဆိုင်ကယ်တွေ တန်းစီမောင်းနှင်ဆန္ဒပြတာတွေ လုပ်ခဲ့ကြပါတယ်။ မွန်ပြည်နယ်ထဲမှာလည်း ဖွဲ့စည်းပုံကို မီးရှို့ဖျက်စီး ဆန္ဒပြခဲ့ကြပါတယ်။ ပျဉ်းမနား၊ လားရှိုး၊ စစ်ကိုင်းနဲ့ မိုးကုတ် မြို့တွေမှာ တောင်းဆိုချက် စာသားတွေ ဆိုင်းဘုတ်တွေသာ ချထားတဲ့ လူမဲ့သပိတ်၊ ဗန်းမော်မှာ အသံတိတ်သပိတ်၊ သီပေါနဲ့ ပုသိမ်မြို့တွေမှာ မိုးမလင်းခင်ကတည်းကပြုလုပ်တဲ့ အာရုံဦးသပိတ် စတဲ့ ပုံစံအမျိုးမျိုးသော စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်ရှိနေပါတယ်။

လှည်းတန်း ညသပိတ် မြင်ကွင်း။

ရန်ကုန်မြို့မှာဆိုရင် သာကေတ၊ အင်းစိန်၊ စမ်းချောင်း၊ လှိုင်၊ တာမွေစတဲ့မြို့နယ်တွေမှာ ပြည်သူရာနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ရဲနဲ့စစ်တပ်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေလည်းရှိပါတယ်။

လှိုင်မြို့နယ်ဘက်က ပစ်ခတ်တဲ့အသံတွေပါ။ ဆန္ဒပြပြည်သူတွေဘက်ကလည်း အိမ်လုပ်လောင်စာဗုံးတွေနဲ့ ပြန်ပြီး တုံ့ပြန် ပစ်တာတွေရှိပါတယ်။

ဒါကတော့ အလုံမြို့နယ်ဘက်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဆန္ဒပြသူတွေဘက်က မီးရှူးမီးပန်းတွေနဲ့ ပြန်ပြီး ပစ်ဖေါက်သံတွေဖြစ်ပါတယ်။

မြောက်ဥက္ကလာနဲ့ တာမွေမြို့နယ်တွေမှာလည်း စစ်တပ်က ပစ်ခတ်ဖြိုခွင်းလို့ ဒဏ်ရာရသူတွေရှိပေမယ့် အသေအပျောက်တော့ မရှိခဲ့ပါဘူး။

ရန်ကုန်မြို့ လမ်းတော်တော်များများမှာ လုံခြုံရေးတပ်တွေ အလွယ်တကူ ဝင်မလာနိုင်အောင် အတားအဆီးတွေချထားသလို တချို့နေရာတွေမှာ ချထားတဲ့အတားအဆီးတွေကို မီးရှို့ပြီး ရဲတွေ၊ စစ်သားတွေ ချင်းချင်းသွားလာလို့ မရအောင်လုပ်ခဲ့ကြပါတယ်။ တချို့လမ်းတွေမှာတော့ လက်နက်ကိုင်လုံခြံုရေးတွေက လမ်းထဲကရှိသူတွေကို အင်အားသုံးပြီး ဖယ်ရှားခိုင်းတာတွေလည်း ရှိပါတယ်။ တချို့နေရာတွေမှာဆို အမျိုးသမီးတွေကိုပါ ဖယ်ရှားခိုင်းခဲ့တာတွေရှိပါတယ်။ တောင်ဥက္ကလာပမြို့နယ်ထဲမှာ ဖြစ်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်လို့ ဒေသခံတယောက်က ခုလိုပြောပြပါတယ်။

"ရသဝတီ ၁၂၊ ၁၃ လမ်းတွေမှာ တောင်ဥက္ကလာဘက်မှာ လမ်းတွေကို အတားအဆီး လူတွေက စစ်ကားတွေ ဝင်မှာစိုးလို့ အတားအဆီးတွေ ပိတ်ရော၊ ပိတ်တဲ့အချိန်မှာ ဘာဖြစ်လဲဆိုတော့ စစ်ကား ၆ စီးလောက်ရောက်လာပြီးတော့ အဲဒီလမ်းတွေမှာ ရှိတဲ့လူတွေ၊ အိမ်တွေအကုန်လုံးကို တံခါးခေါက်ပြီးတော့ လူ ၃၀ လောက်ဖမ်းသွားတယ် ည။ မနက်ပြန်လာမယ်လို့ ကျိမ်းသွားတယ်။ ည ၂ နာရီခွဲ၊ ၃ နာရီလောက်မှ ပြီးသွားတယ်။ ဒီနေ့မနက်ကျတော့ ၉ နာရီခွဲလောက် ပြန်ရောက်လာတယ်။ အခုလမ်းတွေကို တလမ်းဝင်၊ တလမ်းထွက် အိမ်တွေ တံခါးခေါက်တယ်။ တွေ့တဲ့လူအကုန်ဖမ်း။ အဲဒီမှာ ရှိတဲ့ မိသားစုတွေအကုန်လုံးက နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ပုန်းနေရတဲ့ အခြေအနေတွေ ဖြစ်သွားတယ်။ တလမ်းဝင်တလမ်းထွက် တံခါးခေါက်ပြီးတော့ အိမ်ရှိသမျှလူတွေ အကုန်ထွက်ခိုင်းပြီး ဆွဲနေတာ။ ရသဝတီ ၁၂၊ ၁၃၊ ၁၄ လမ်းတွေမှာ ညတုန်းက ထိပ်တိုက်တွေ့တာမှာ လူသေတယ်၊ ကျန်တဲ့ဟာ ဒဏ်ရာရသွားတယ် သေ၊ မသေ confirm လုပ်လို့မရဘူး။ တယောက် သေတာတော့ confirm တယ်။ မိသားစုက confirm ထားတယ်။ ညသပိတ်စခန်းကို လှမ်းပစ်လိုက်တာမှာ သူ့ကို မှန်သွားတယ်။"

ဒါက တောင်ဥက္ကလာပမြို့နယ်ဘက်က အခြေအနေပါ။ တချို့မြို့နယ်တွေမှာဆိုလည်း လမ်းတွေပေါ်မှာ တားထားတဲ့ အတားအဆီးတွေကို ဖယ်မပေးရင်း ရပ်တကွက်တခုလုံးကို ပစ်ခတ်မယ်၊ မြေလှန်မယ်ဆိုပြီး လက်နက်ကိုင်တပ်တွေဘက်က သတိပေးခြိမ်းခြောက်ခဲ့ပါတယ်။

ရဲတွေ စစ်သားတွေဟာ ပြည်သူတွေတွေရဲ့ မော်တော်ကားတွေ အဆောက်အဦးတွေ ဖျက်စီးတာ၊ လမ်းသွား၊ လမ်းလာတချို့ကို ရိုက်နှက် ခေါ်ယူစစ်ဆေးတာတွေ၊ စျေးသည်တွေတွေဆီက အစားအသောက်တွေကို အတင်းလုယူတာတွေ လုပ်တဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ယက်တွေပေါ်မှာ ပြည်သူတွေ မ ျှဝေနေကြပါတယ်။

လက်ကိုင်ဖုန်းတွေပေါ်ကနေ အင်တာနက် မသုံးနိုင်အောင် အာဏာပိုင်တွေဘက်က ပိတ်ပင်ထားတဲ့အတွက် အဆက်အသွယ်ပြတ်တောက်ပြီး သတင်းတွေ မသိရမှာကို ပြည်သူတော်တော်များများကလည်း စိုးရိမ်နေကြပါတယ်။ ဆက်သွယ်ရေး အခက်အခဲကြောင့် ဆန္ဒပြသူတွေ တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက်ဖို့၊ ထိခိုက်ဒဏ်ရရသူတွေကို ကယ်ဆယ်ဖို့၊ ဖမ်းဆီးခံရသူတွေသတင်းသိရဖို့နဲ့၊ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ ရန်ကုန်ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာမြို့မှာ ယခင်ရက်တွေကလို ဆန္ဒပြပွဲတွေမတွေ့ရတော့ပဲ နေရပ်စွန့်ခွာနေကြသူတွေ တိုးလာနေပါတယ်။ စက်ရုံတစ်ချို့ မီးလောင်ပျက်စီးတာကြောင့် အလုပ်အကိုင်မရှိတော့တာ၊ သောက်သုံးရေရှားပါးတာကြောင့်နဲ့ စစ်တပ်က နေရာအနှံ့ တပ်စွဲထားတာကြောင့် စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကဖြိုခွင်းလို့ နိုင်ငံတစ်ဝှမ်း လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး ၂,၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-mlitary-coup-protest/5819318.html

ရန်ကုန်အပါအဝင် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေနဲ့ ဖြိုခွဲတာတွေ ဆက်ဖြစ်နေဆဲ ရန်ကုန်အပါအဝင် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေနဲ့ ဖြိုခွဲတာတွေ ဆက်ဖြစ်နေဆဲ Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.