မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထား ကုလစုံစမ်းသူတွေ စတင်စုဆောင်း



Share/Bookmark
မှတ်တမ်းဓါတ်ပုံ- ၂၀၁၉ စက်တင်ဘာတုန်းက ၄၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံတင်ပြနေတဲ့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌ Nicholas Koumjian

မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထား၊ မှတ်တမ်းတွေကို နိုင်ငံထဲ သွားခွင့် မရသေးပေမဲ့လည်း စတင်စုဆောင်းနေပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲက ပြောလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်လှုပ်ရှားသူတွေအပေါ် သေကျေထိခိုက်တဲ့အထိ နှိမ်နင်းနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့လည်း အမိန့်ပေးလို့ လုပ်ရပါတယ်ဆိုပြီး ဆင်ခြေပေးလို့ မရနိုင်ကြောင်း IIMM အကြီးအကဲက ဗွီအိုအေနဲ့ သီးသန့်မေးမြန်းရာမှာ သတိပေးလိုက်ပါတယ်။ IIMM အကြီးအကဲ Nicholas Koumjian ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

ကြီးမားတဲ့လူ့အခွင့်အရေးချိုးဖောက်မူတွေ ကောက်ယူစုဆောင်းဖို့၊ ကုလသမဂ္ဂကနေ ၂၀၁၈ ခုနှစ်မှာဖွဲ့ပေးခဲ့တဲ့ ဒီ IIMM အဖွဲ့အနေနဲ့၊ အခု ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းအပြီးမှာလည်း၊ နောက်ထပ်ဖြစ်လာတဲ့ အလားတူအမူတွေကို စကောက်ယူစုဆောင်းနေပါပြီ။ ဒါတွေက တချိန် ပြည်ပ (သို့မဟုတ်) ပြည်တွင်းခုံခုံးတွေမှာ တရားစွဲနိုင်ချိန် ထိရောက်အောင် အထောက်အကူပြုနိုင်စေဖို့ အခုထဲက စုဆောင်း သုံးသပ်နေတာလို့ အကြီးအကဲ Koumjian က ဆိုပါတယ်။

“မြန်မာနိုင်ငံထဲကိုသွားခွင့်မရတာက အခက်အခဲပိုဖြစ်စေတာ ရှင်းပါတယ်။ ဖြစ်နေတဲ့နယ်မြေတွေ၊ အချိုးဖောက်ခံရသူတွေနဲ့တိုက်ရိုက် မရတဲ့အခါကြတော့လေ။ ဒါပေမဲ့ အခုလိုဖြစ်တာက နိုင်ငံတကာ ရာဇဝတ်မူ ဥပဒေကြောင်းမှာ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ အစိုးရတွေက ပူးပေါင်းဆောင်ရွက်မူ မရှိတဲ့အခါ၊ နိုင်ငံတကာ တရားမျှတမူရရေးကြိုးပမ်းမူတွေ အခက်ကြုံရ တတ်ပါတယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့ မဟာဗျူဟာနည်းသစ်တွေနဲ့ ကြိုးစားနေပါတယ်။ အခု မြန်မာနိုင်ငံက လူတွေနဲ့အဖွဲ့အစည်းတွေပေါင်း ထောင်ဂဏန်းတွေနဲ့ချီပြီး အထောက်အထားတွေ ပို့ပေးလာနေပြီး၊ ဒါတွေကို သိမ်းဆည်း၊ သုံးသပ်တာတွေလုပ်နေပါတယ်။”

အခုလို မြန်မာနိုင်ငံထဲ မသွားနိုင်သေးချိန်မှာ၊ အင်တာနက်ပေါ်မှာ ရှိထားပြီးသား အထောက်အထားတွေကလွဲပြီး၊ ကျန်တာတွေကို ပို့ပေးဖို့ သူကမှာလိုက်ပါတယ်။

“ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဆီ ပို့ပေးလာတဲ့သူ အားလုံးကို ကျေးဇူးတင်စကား ပြောပြချင်ပါတယ်။ မိတ်ဆွေတို့အားလုံး သတ္တိရှိရှိ အခုလိုလုပ်ဆောင်ပေးတာကို အများကြီးလေးစားမိပါတယ်။ ဆက်သွယ်လာသူအားလုံးအနေနဲ့ အထူးသတိထားပြီး ကိုယ့်လုံခြုံရေးကို ပထမဦးစားပေးစေချင်ပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်း အလုံခြံုဆုံးဖြစ်ဖို့၊ ကျွန်တော်တို့ဖက်လည်း အစွမ်းကုန်ကြိုးစားမှာပါ။ ဒါကြောင်မို့ Signal ဖုန်းနံ့ပတ်နဲ့၊ ProntonMail ကနေ ဆက်သွယ်ပို့ပေးဖို့ လုပ်ပေးထားတာပါ။ ဒါတွေက မူရင်းပို့တာကို Code အသွင်ပြောင်း ပို့ပေးတာမို့ လုံခြံုပါတယ်။”

Koumjian ကပဲ ကိုယ်တိုင်ကျူးလွန်ခံခဲ့ရတာ (သို့မဟုတ်) ကိုယ်တိုင် သက်သေ အဖြစ်ကြုံခဲ့ရတာတွေကို ထွက်ဆိုထားချက်တွေလို ခိုင်လုံတာမျိုးကို ဓာတ်ပုံ၊ ဗွီဒီယို စတာတွေနဲ့ မှတ်တမ်းတင်ပြီး ပို့ပေးတာတွေထဲမှာ အရေးကြီးဆုံးအချက်ကို ခုလိုရှင်းပြပါတယ်။

“ဒါတွေအားလုံးထဲကမှ တန်ဖိုးအရှိဆုံး အထောက်အထားမျိုးကတော့ ဒီရာဇဝတ်မူအတွက် ဘယ်လိုပြင်ဆင်ခဲ့တာတွေပါလာတာမျိုးပါ။ ရာဇဝတ်မူမြောက်စေ၊ လက်တွေ့ ကျုးလွန်စေတဲ့အမိန့်မျိုး၊ ဒါမှမဟုတ် အထောက်အထားတွေကို ဖျက်ဆီးပစ်ဖို့ အမိန့်မျိုးပေါ့။ ကျွန်တော်တို့အခု အထူးစိုးရိမ်နေတာက၊ လူသေအလောင်းတွေကိုဖျောက်ဖျက်ဖို့ မကြာခင်က ကြိုးစားခဲ့တာမျိုးတွေပါ။ မိသားစုတွေအနေနဲ့ ဆေးစစ်ခွင့်မရ၊ တကယ့်ဒဏ်ရာတွေကို မှတ်တမ်းတင်ခွင့်မရစေအောင်၊ မီး သင်္ဂြိုဟ်လိုက်တာတွေကြားခဲ့ရပါတယ်။ အခုလိုဖျောက်ဖျက်ပစ်ဖို့ အမိန့်ပေးနေသူတွေကို သတိပေးချင်ပါတယ်၊ အခုလို လုပ်တာသက်သက်ကိုက၊ အပြစ်ရှိတာသိတဲ့ စိတ်ဓာတ် သက်သေဖြစ်ပြီး၊ တာဝန်ရှိကြောင်း သက်သေအဖြစ်သုံးနိုင်ပါတယ်။”

အဲ့ဒီတော့ လက်ရှိရထားပြီးသားအထောက်အထားတွေအပေါ် အရေးပါနိုင်တဲ့ ကနဦး တွေ့ရှိသုံးသပ်ချက်ကိုမေးရာမှာတော့၊ အတိအကျပြောဖို့စောသေးတယ်၊ အချိန်ယူ စီစစ် သုံးသပ်နေရဆဲမို့ပါလို့ဆိုပြီ၊ လက်ရှိထူးခြားတာကို သူက အခုလိုရှင်းပြပါတယ်။

“ကျွန်တော်တို့အနေနဲ့ အခုတွေ့ထားရတာတွေအရ အထူးစိုးရိမ်စရာတွေ ရှိနေပါတယ်။ လူထောင်ဂဏန်းတွေနဲ့ချီပြီး မတရားဖမ်းဆီးနေတဲ့ သဘောပါ။ လုံခြုံရေးတပ်ဖွဲ့တွေက ဒီလူတွေကို လာခေါ်ပြီးသွားရင်၊ သူတို့မိသားစုတွေ ရင်းနှီးသူတွေအနေနဲ့၊ သတင်းအချက်အလက် မရကြတော့ဘူး။ ဒါက လူမသိသူမသိပျောက်ဆုံးမူဆိုင်ရာ နိုင်ငံတကာရာဇဝတ်မူကြီးပါ။ နောက် အကြောင်းပြချက်မပေးဘဲ ဖမ်းသွားတာလည်းပါတော့ လူသားမျိုးနွယ်အပေါ်ကြီးမားတဲ့ ရာဇဝတ်မူ Crime Against Humanity မြောက်နိုင်ပါတယ်။ နောက်မိမိအသက်အန္တရာယ်မရှိဘဲ၊ သတ်ဖြတ်မူတွေကလည်း အလားတူ ရာဇဝတ်မူမျိုးပါ။”

ဒါ့အပြင် အခု မြန်မာနိုင်ငံကကျူးလွန်မူမှာ အရေးပါတာကိုလည်း IIMM အကြီးအကဲက ခုလိုဆက်ရှင်းပြပါတယ်။

“မြန်မာနိုင်ငံကိစ္စမကိုင်တွယ်ခင်တုန်းက ကမ္ဘောဒီးယားက ခမာနီခုံရုံးတွေမှာ တာဝန်ယူခဲ့ပါတယ်၊ ၂၀၁၉ ခုနှစ်ကမှ အဲ့ဒီအလုပ်ကိုနားခဲ့တာပါ။ အဲ့ဒီမှာက ဟိုး ၁၉၇၀ နှစ်တွေတုန်းက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မူတွေကို ပြန်ကိုင်ရတာဗျ။ အဲ့ဒီတော့ နိုင်ငံတကာ ရာဇဝတ်မူကျူးလွန်အောင် အမိန့်ပေးထားသူ ဘယ်သူမဆို၊ ဘယ်တော့မှ ကောင်းကောင်း အိပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီတရားမျှတမူရရေးက၊ နောက်ဆုံးတချိန်ချိန်မှာ ကိုယ့်အိမ်တံခါးအရောက် လာခေါက်မှာမို့ပါ။ တရားမျှတမူရရေးဆိုတာက အကြာကြီးကို ဆက်ရှင်သန်နိုင်တာမျိုးပါ။”

အဲဒီတော့ အဓိကတာဝန်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အဓိက ဘာပြောချင်ပါလဲလို့မေးရာမှာ KoumJian က

“လုံခြုံရေးအဖွဲ့တွေကို ကျွန်တော်အကြံပေးချင်တာ၊ ပြန်သတိပြုစေချင်တာကတော့၊ နိုင်ငံတကာ ဥပဒေအခြေခံအချက်တွေပါ။ အထက်ကအမိန့်ကြောင့် ဒီနိုင်ငံတကာဥပဒေကို ကျူးလွန်ခဲ့ရတာပါလို့၊ ဆင်ခြေပေးလို့ မရပါဘူး။ တကယ်တာဝန်ရှိခဲ့တာက၊ ဒီနိုင်ငံတကာရာဇဝတ်မူမြောက်တဲ့အမိန့်ကို လိုက်နာဖို့ ငြင်းခဲ့ရမှာပါ။ နောက်အမိန့်ပေးနေသူတွေကိုလည်း ပြောချင်ပါတယ်၊ နိုင်ငံတကာဥပဒေတွေအောက်မှာ သူတို့တကယ်တာဝန်ရှိတာက၊ ဒီရာဇဝတ်မူတွေမဖြစ်အောင်နဲ့ အခုလို ရာဇဝတ်မူမှာတာဝန်ရှိသူလာတွေကိုအပြစ်ပေးနိုင်အောင် လိုအပ်တာ၊ သင့်တော်တာ အားလုံးလုပ်ပေးဖို့ပါ။ လုပ်ပေးဖို့ ပျက်ကွက်ခဲ့ရင်တော့၊ နိုင်ငံတကာ ဥပဒေအောက်မှာ တာဝန်ယူတာဝန်ခံရမူရှိလာပါလိမ့်မယ်။ အရင်ပြောခဲ့သလိုပဲ၊ နိုင်ငံတကာ တရားမျှတမူ ရှာဖွေရေးက သက်တမ်းရှည်ကြာတတ်ပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံထဲ စစ်အာဏာသိမ်းအပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်း ဆက်လက်ဖြစ်ပေါ်နေရာမှာ၊ စစ်တပ်ဖက်ကလည်း ပစ်ခတ်နှိမ်နင်းမူတွေ ဆက်တိုက်လုပ်ဆောင်လာနေတာမို့ ဒီ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မူတွေ ပိုကြီးမားလာမှာကို နိုင်ငံတကာမှာ အထူးစိုးရိမ်နေပါတယ်။ 


၀င်းမင်း/ VOA Burmese

https://burmese.voanews.com/a/iimm-myanmar-collecting-data-of-human-right-violation-/5830153.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ