၂၀၂၁ မြန်မာ စစ်အာဏာသိမ်း - ဘီဘီစီ သတင်းထောက် နဲ့ မဇ္စျိမ သတင်းထောက်ဟောင်း နေပြည်တော်မှာ ဖမ်းဆီးခေါ်ဆောင်ခံရ

ဘီဘီစီ မြန်မာဌာန နေပြည်တော် အခြေစိုက် သတင်းထောက် ကိုအောင်သူရ နဲ့ စစ်ကောင်စီက လုပ်ကိုင်ခွင့် ရပ်ဆိုင်းထားခံရတဲ့ မဇ္စျိမ မီဒီယာရဲ့ သတင်းထောက်ဟောင်း ကိုသန်းထိုက်အောင်တို့ ဒီကနေ့ နေပြည်တော်မှာ ဖမ်းဆီးခေါ်ဆောင်ခံရပါတယ်။

နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နာယက ဦးဝင်းထိန်ရဲ့ တတိယအကြိမ် ရုံးထုတ်မှာ အခုလို ခေါ်ဆောင်သွားခံရတာ ဖြစ်ပါတယ်။

သူတို့ကို အရပ်ဝတ် ဝတ်ထားသူတွေက ခေါ်ဆောင်သွားတာ ဖြစ်ပြီး ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတင်းသမား ၄၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး တချို့ကိုပြန်လွှတ်ပေးခဲ့ပေမယ့် အများစုကိုဆက်လက်ထိန်းသိမ်းထားပါတယ်။ အဲဒီထဲက ၈ ဦးထက်မနည်းတဲ့ သတင်းသမားတွေကိုတော့ မီဒီယာဥပဒေ မဟုတ်တဲ့ ပုဒ်မ ၅၀၅ ကနဲ့ အမှုဖွင့်စွဲဆိုထားပါတယ်။

တပ်မတော်ကအာဏာရယူပြီး ၃၆ ရက်အကြာ မတ် ၈ ရက်မှာ ပြည်တွင်းသတင်း ဌာနတွေဖြစ်တဲ့ 7day ၊ ရုပ်သံလိုင်းတွေဖြစ်တဲ့ DVB၊ Mizzima နဲ့ အွန်လိုင်းမီဒီယာ တွေဖြစ်တဲ့ မြန်မာနောင်း၊ ခေတ်သစ် စတဲ့ မီဒီယာ ၅ခုကို စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ကနေ ထုတ်ဝေခွင့်လိုင်စင်တွေ ရုပ်သိမ်းခဲ့ပါတယ်။

"ဘီဘီစီသတင်းထောက်ကိုအောင်သူရကို ဒီကနေ့ နေပြည်တော်မှာ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ သူတွေက ခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကျွန်မတို့ အထူးပဲ စိုးရိမ်မိပါတယ်။ ကိုအောင်သူရ ဘယ်မှာရှိနေတယ်ဆိုတာ ကူညီရှာဖွေပေးပြီး သူအန္တရာယ်ကင်းကင်းနဲ့ရှိပါတယ်ဆိုတာ အသေအချာပြောကြားဖို့ မြန်မာအာဏာပိုင်တွေကို ကျွန်မ မေတ္တာရပ်ခံပါတယ်။

ကိုအောင်သူရဟာ ဘီဘီစီသတင်းထောက်အဖြစ်နဲ့ နေပြည်တော်မှာ နှစ်ပေါင်းများစွာ တရားဝင်အလုပ်လုပ်နေသူပါ။ ဒီအတွက် သူအခုလို ဖြစ်သွားတဲ့အပေါ် ကျွန်မတို့ အထူးစိုးရိမ်ပါတယ် စိတ်ပူပါတယ်။ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပြီးကတည်းက သတင်းသမား အတော်များများအဖမ်းခံရတယ်၊ တချို့အခုအထိ ဆက်ဖမ်းခံထားဆဲပဲဆိုတာ ကျွန်မတို့ သိရတယ်။

သတင်းဌာနတွေအတွက် အခုအချိန်ဟာ အင်မတန်ခက်ခဲတဲ့ အချိန်ပါ။ ကျွန်မတို့ကတော့ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို တိကျမှန်ကန်စွာ မျှတစွာ ဆက်ပြီး သတင်းတင်ပြနေမှာပါ။ ကျွန်မတို့သတင်းထောက်အခုလို ပုံစံမျိုးနဲ့ ခေါ်သွားခံရတာကို အရမ်းစိုးရိမ်ပါတယ်။ သူဘယ်မှာ ရှိနေသလဲဆိုတာလည်း သိရဖို့လိုပါတယ်၊ သိချင်ပါတယ်၊ သူအန္တရာယ်ကင်းကင်းရှိနေရဲ့လားဆိုတာလဲ အာဏာပိုင်တွေက ပြောပြဖို့လိုပါတယ်" လို့ ဘီဘီစီ ကမ္ဘာတစ်လွှား ဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မေရီ ဟော့ကဒေးက ပြောပါတယ်။

အဲဒီလို မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တိုးလာနေတဲ့အပေါ် နိုင်ငံတကာမီဒီယာအဖွဲ့အစည်းတွေဖြစ်တဲ့ ပန်အမေရိက (PEN America)၊ ပန်နိုင်ငံတကာအဖွဲ့အစည်း၊ Freedom House ၊ Article19 နဲ့ နိုင်ငံတကာအမျိုးသမီးများ မီဒီယာဖောင်ဒေးရှင်းအဖွဲ့တွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56456382

၂၀၂၁ မြန်မာ စစ်အာဏာသိမ်း - ဘီဘီစီ သတင်းထောက် နဲ့ မဇ္စျိမ သတင်းထောက်ဟောင်း နေပြည်တော်မှာ ဖမ်းဆီးခေါ်ဆောင်ခံရ  ၂၀၂၁ မြန်မာ စစ်အာဏာသိမ်း - ဘီဘီစီ သတင်းထောက် နဲ့ မဇ္စျိမ သတင်းထောက်ဟောင်း နေပြည်တော်မှာ ဖမ်းဆီးခေါ်ဆောင်ခံရ Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.