ထိုင်းနယ်စပ်မှာ ယာယီလက်ခံရေးစခန်းတွေ ပြင်ဆင်ထား



မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်၊ ဖမ်းဆီးနှိမ်နင်း တာတွေကြောင့် အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာမယ့်သူတွေကို လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ နယ်စပ်မှာ ယာယီလက်ခံရေးစခန်းတွေ ပြင်ဆင်ပေးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တဲ့အတွက် သေဆုံးသူ ၇၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူတွေလည်း ထောင်ဂဏန်းထိ ရှိနေပါပြီ။

ကရင်ပြည်နယ် မြဝတီမြို့တဖက်ကမ်း တာခ့်ခရိုင်ထဲမှာ ယာယီလက်ခံရေးစခန်း ၇ ခုကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ပြင်ဆင်ပေးထားတယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများ ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ထိုင်းဘက်ကတော့ ဘာကို ရည်ရွယ်တာလည်းဆိုတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ စီစီအမ် လှုပ်ရှားမှုတွေ၊ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေအတွင်းမှာ နယ်စပ်ဒေသကို လုံခြုံရေးအရ တိမ်းရှောင်ထွက်ပြေးလာတဲ့အခါမှာ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေဖြစ်တဲ့ မဲဆောက်၊ ဖုတ်ဖရ၊ အုန်းဖန်၊ မဲ့ရမတ်၊ ထဆောင်ရန် အဲဒီ ငါးမြို့နယ်ထဲမှာ ယာယီကြိုဆိုရေး စခန်းတွေ ပြင်ဆင်ထားပြီးတော့ ထိုင်းဘက်က လက်ခံဖို့ အသင့်ပြင်ထားတဲ့သဘောပါ။ မဲဆောက်မှာဆိုရင် မယ့်ပ ဆိုတဲ့ တိုက်နယ်ထဲမှာ ယာယီရွက်ဖျင်တဲတွေပေါ့နော်။ ထိုင်းနိုင်ငံရဲ့ နယ်စပ်ဒေသမှာ ရှိတဲ့ နယ်ခြားစောင့်တပ်ဝင်းတွေထဲမှာ ရှိတဲ့ ယာယီကြိုဆိုရေး ရွက်ဖျင်တဲတွေ ဆောက်တာပေါ့”

ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ဥပဒေအရ တရားမဝင် ဝင်လာသူကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ်ချမှတ်တဲ့ ဥပဒေ တည်ဆဲဖြစ်လို့ အဲဒီဥပဒေအရ အရေးယူမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်နေတဲ့အတွက် အခုလို ကြိုတင်ပြင်ဆင်ထားပေး တာကို ဝမ်းသာပြီး အိမ်နီးချင်းကောင်းပီသတယ်လို့ ဦးမိုးကြိုးက ဆက်ပြောပါတယ်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာကနေ ၂၀၀၉ ခုနှစ် ဇန်နဝါရီလအတွင်းက မြန်မာစစ်တပ်နဲ့ ဒီမိုရေစီအကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA ) တို့ စစ်ပွဲဖြစ်တဲ့အချိန်မှာလည်း ထိုင်းနယ်စပ် မဲဆောက်မြို့ဘက်ကို သောင်ရင်းမြစ်ကိုဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသား ၂ သောင်းလောက် ခေတ္တနေထိုင်ဖို့ ယာယီစခန်းကို ဆောက်လုပ်ပေးခဲ့ပြီး တိုက်ပွဲငြိမ်သွားတဲ့အခါ နေရပ်ကို ပြန်ပို့ပေးခဲ့တယ်လို့ လည်းဆိုပါတယ်။

လတ်တလော မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး ပြည်သူထူထုကို အကာကွယ်ပေးနိုင်မယ့် အခင်းအကျင်းမျိုး ကူညီစေလိုတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေ ဖာပွန်ခရိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောပါတယ်။

“ထိုင်းအစိုးရအနေနဲ့က humanlatarian ground ကနေ ကြည့်ပြီးတော့ ပြင်ဆင်ထားတယ်။ ..........”

လွန်ခဲ့တဲ့ ၂ လ ၃ လကတည်းက KNU နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေဘက်က ထိုင်းမြန်မာနယ်စပ်က တာ့ခ်ခရိုင်နဲ့ မဲဟောင်ဆောင်ခရိုင်ဘက်မှာ ယာယီစခန်းတွေ ပြင်ဆင်ထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ CRPH အပေါ် တရားဝင်ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပုံဖော်ဖို့ လိုတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

ထိုင်းအစိုးရက ထိုင်းနယ်စပ်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို ဒုက္ခသည်စခန်းဖွင့်ပြီး လက်ခံထားပြီး တချို့ကို မြန်မာပြည် ပြန်လိုသူတွေကို ပြန်ပို့ပေးခဲ့သလို၊ တချို့ကို ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ အကူအညီနဲ့ တတိယနိုင်ငံတွေကို သွားရောက်နေထိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ လတ်တလော ထိုင်းမြန်မာ နယ်စပ်မှာ ကရင်၊ မွန်နဲ့ ကရင်နီ ဒုက္ခသည်စခန်း ၉ ခုရှိနေပြီး ဒုက္ခသည် တသိန်းနီးပါး ခိုလှုံနေရပါသေးတယ်။

ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့မှုတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်အကိုင်မရှိလို့ နေရပ်ပြန်သူ ၁ သိန်းကျော် ပြန်သွားခဲ့ ပြီးဖြစ်ပေမဲ့ အခုအချိန်မှာ စစ်ကောင်စီဘက်က ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ထိုင်းနိုင်ငံ ဘက်ကို ဝင်ရောက်လာသူတွေအတွက် ထိုင်းဘက်က ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ နေ့စဉ်ဆိုသလို မြန်မာ နိုင်ငံသားတွေ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာနေတာတွေ ရှိနေပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလနဲ့ ၂၀၀၇ ခုနှစ် မြန်မာနိုင်ငံမှာ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာလည်း မြန်မာနိုင်ငံသားအများအပြား ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာခဲ့ပါတယ်။

RFA Burmese




ထိုင်းနယ်စပ်မှာ ယာယီလက်ခံရေးစခန်းတွေ ပြင်ဆင်ထား ထိုင်းနယ်စပ်မှာ ယာယီလက်ခံရေးစခန်းတွေ ပြင်ဆင်ထား Reviewed by THITHTOOLWIN on 10:06 Rating: 5

No comments:

Powered by Blogger.