စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းတွေကနေ ခြေရာခံပြီး ညဘက်လိုက်ဖမ်းနေသလား

ရန်ကုန်မှာ ညအချိန်စစ်တပ်က ဝင်ရောက်ဖမ်းဆီးနေမှု

ရက်ပေါင်း ၃၀ ကျော်လာပြီဖြစ်တဲ့ အာဏသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို မြန်မာနိုင်ငံမှာ မတ်လ ၃ ရက်နေ့ ဒီနေ့အထိ ထိန်းချုပ်နိုင်တာ မရှိသေးသလို ပစ်ခတ်မှုတွေကြောင့် လူသေဆုံးမှုတွေ လိုက်လံ ဖမ်းဆီးမှုတွေကလည်း တစ်နေ့တခြား များလာနေပါတယ်။

တစ်နိုင်ငံလုံးမှာ ဒီဆန့်ကျင်ဆန္ဒပြမှုတွေကြောင့် ညပိုင်းမှာ နေအိမ်တွေကို လိုက်လံဖမ်းဆီးမှုတွေ ရှိနေပြီး ဆန့်ကျင်ဆန္ဒပြသူတွေထဲက လူသိများ ထင်ရှားသူတွေကို အင်တာနက်က တစ်ဆင့် ခြေရာခံပြီး လိုက်လံ ဖမ်းဆီးဖို့လည်း ကြိုးစားတယ်ဆိုတဲ့ သံသယဖြစ်ဖွယ်ရာ ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက် နေ့က သရုပ်ဆောင် အကယ်ဒမီ လူမင်းကို သူပုန်းရှောင်နေတဲ့ နေအိမ်ကို လာရောက် ဖမ်းဆီးသွားခဲ့ပါတယ်။ သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဗီဒီယိုတင်လိုက်ပြီးတဲ့နောက်မှာ ဖမ်းဆီးခံရတာဖြစ်လို့ အင်တာနက်ကနေ သူရှိတဲ့နေရာကို ခြေရာခံနိုင်တယ်ဆိုတဲ့ စာတစ်စောင် ပြန့်နေတာလည်း ရှိပါတယ်။ အဲဒီစာကို ဘယ်ကထုတ်မှန်းမသိရပေမဲ့ စာထဲမှာ လူမင်း အင်တာနက်အွန်လိုင်းသုံးစွဲတဲ့ ကွန်ပြူတာရဲ့ IP address နဲ့ သူ အွန်လိုင်းတက်တဲ့အချိန်မှာ VPN လို့ခေါ်တဲ့ တစ်ဆင့်ခံနက်ဝပ်သုံးခဲ့တယ်ဆိုတဲ့ အကြောင်း၊ အဲဒီကနေ သူရှိနေမယ့် နေရာကို ဖော်ထုတ်နိုင်ခဲ့သလို ရေးထားတာတွေ့ရပါတယ်။

လွန်ခဲ့တဲ့ ရက် ၃၀ ကျော်က အာဏာသိမ်းခဲ့တဲ့ တပ်မတော်ဟာ ဒီဘက်နှစ်ပိုင်းတွေက စလို့ အစ္စရေးလုပ် စောင့်ကြည့်ရေး မောင်းသူမဲ့ လေယာဥ်တွေ၊ အိုင်ဖုန်းတွေကို ထောက်လှမ်း ဖော်ထုတ်နိုင်တဲ့ ဥရောပနိုင်ငံတွေလုပ် စက်တွေနဲ့ ကွန်ပျူတာတွေကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အမေရိကန်ဆော့ဖ်ဝဲတွေကိုသုံးပြီး ပိုမို ခေတ်မီဆန်းပြားတဲ့ နည်းတွေနဲ့ အတိုက်အခံလုပ်သူတွေကို နောက်ယောင်ခံလိုက် ဖမ်းဆီးတာတွေ လုပ်နေတယ်ဆိုပြီး နိုင်ငံတကာသတင်းတွေမှာ ရေးသားမှုတွေလည်း ရှိပါတယ်။

စစ်ကောင်စီဟာ စစ်အာဏာသိမ်းပြီးတဲ့နေ့က စပြီး ဖုန်းနဲ့ အင်တာနက်ကို ဖြတ်တောက်ခဲ့သလို နောက်ပိုင်းမှာ မမှန်သတင်းတွေနဲ့ လှုံ့ဆော်မှုတွေကို ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့် ပြုလုပ်နေတယ် ဆိုပြီး ဖေ့စ်ဘွတ်ခ်ကို မြန်မာပြည်တွင်းမှာ ဖေဖော်ဝါရီလ ၇ ရက်အထိ ပိတ်ထားခဲ့ပါသေးတယ်။

ဖေ့စ်ဘွတ်ခ် ပိတ်တာကို ကျော်လွှားနိုင်ဖို့ သုံးစွဲသူတွေက နောက်ပိုင်းမှာတော့ virtual private network လို့ခေါ်တဲ့ VPN ဆော့ဖ်ဝဲ တချို့ သုံးလာကြပါတယ်။

ပြည်တွင်းက အင်တာနက် ဝန်ဆောင်မှုလုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခုက နည်းပညာကျွမ်းကျင်သူတစ်ဦး ကတော့ မြန်မာနိုင်ငံမှာ ဖုန်းအင်တာနက်ကနေ တစ်ဆင့် ခြေရာခံပြီးတော့ ဖမ်းနိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ယူဆကြောင်း ဘီဘီစီကို ပြောပါတယ်။

သရုပ်ဆောင် လူမင်း အခုလိုအဖမ်းခံခဲ့ရတာကို အင်တာနက်က ခြေရာခံနိုင်ခဲ့တယ်လို့ ရေးထားတဲ့စာ ထွက်လာတာဟာလည်း ဖေ့စ်ဘွတ်ခ်နဲ့ လူမှုကွန်ရက်တွေကနေ စုစည်းပြီး ဆန္ဒပြနေမှုတွေ၊ စစ်အာဏာသိမ်းတာကိုဆန့်ကျင်ရေးသားတာတွေကို မလုပ်ရဲအောင် ခြောက်လှန့်တာဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန်မှာ မြို့နယ်အလိုက် ဆန္ဒပြမှုတွေက ဆက်လက်အားကောင်းနေ

မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေဟာ အွန်လိုင်းကနေပဲ စတင် ချိန်းဆိုစုဝေးကြတာဖြစ်ပြီး ရန်ကုန်မှာ မြို့နယ်အလိုက် ဆန္ဒပြမှုတွေက ဆက်လက်အားကောင်းနေဆဲဖြစ်ပါတယ်။

မတ်လ ၃ ရက် ဖြိုခွင်းမှုကြောင့် မြန်မာတစ်နိုင်ငံလုံး အနည်းဆုံး လူ၂၀ ဦး သေဆုံးခဲ့ပြီး လူရာပေါင်းများစွာ ဖမ်းဆီးခံထားရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပုဒ်မ နှစ်ခု ထပ်တိုးပြီး တရားစွဲထားခဲ့ပါတယ်။

‌အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ နိုင်ငံတစ်ဝန်း ပေါ်ပေါက်နေသလို အင်တာနက် စာမျက်နှာတွေပေါ်မှာလည်း အာဏာသိမ်းမှုအကြောင်း ဝေဖန်ရှုတ်ချမှုတွေ အကျယ်တဝင့် ရေးသားဖော်ပြလာချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆိုင်ဘာလုံခြုံရေး ဥပဒေကို ဖေဖဝါရီလ ဒုတိယပတ်အတွင်းကစပြီး ပြဋ္ဌာန်းဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး သဘောထားမှတ်ချက်ပေးပို့ဖို့ တောင်းခံထားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဥပဒေပြဋ္ဌာန်းဖို့ လုပ်ခဲ့တာဟာ ဆိုင်ဘာလုံခြုံရေးသာမကဘဲ စစ်ကောင်စီ အာဏာတည်မြဲရေးအတွက် အတိုက်အခံလုပ်သူတွေကို ဖိနှိပ်ဖို့ လုပ်တာဖြစ်တယ်လို့လည်း ဒီဥပဒေကို ကန့်ကွက်ကြတဲ့ အရပ်ဘက် အဖွဲ့စည်းတွေက ပြောပါတယ်။

ဆိုရှယ် လူမှုမီဒီယာပိုစ့်တွေနဲ့ သူတို့အင်တာနက် ချိတ်ဆက်တဲ့လိပ်စာတွေကို စောင့်ကြည့်တဲ့စနစ်နဲ့ဖမ်းနေသလား

မြန်မာနိုင်ငံ အတွင်းစစ်အာဏာသိမ်းမှုမှာ ဆန့်ကျင်သူတွေကို ဖမ်းဆီးရာမှာ သရုပ်ဆောင် လူမင်းကို ဖမ်းခဲ့သလိုပဲ အခြားသူတွေကို ဖမ်းဆီရာမှာလည်း သူတို့ရဲ့ ဆိုရှယ် လူမှုမီဒီယာပိုစ့်တွေနဲ့ သူတို့ အင်တာနက် ချိတ်ဆက်တဲ့လိပ်စာတွေကို စောင့်ကြည့်တဲ့စနစ်နဲ့ဖမ်းတာလို့လည်း ယူဆမှုတွေ ရှိပါတယ်။

ဒါ့အပြင် သတင်းထောက် အချို့ကိုလည်း ညအချိန် နေအိမ်မှာ လာရောက် အင်အားသုံးဖမ်းဆီးတာ တွေရှိခဲ့ပါတယ်။

ပြည်တွင်းက အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုကတော့ ဆိုရှယ်လူမှုမီဒီယာပိုစ့်တွေနဲ့ သူတို့အင်တာနက် ချိတ်ဆက်တဲ့လိပ်စာတွေကို လိုက်ပြီးဖမ်းတယ်ဆိုတာဟာ static public IP လို့ခေါ်တဲ့ တစ်နေရာထဲက သုံးတဲ့ ပုံသေ အင်တာနက်လိပ်စာကို သုံးမှ ဖမ်းလို့ရနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူအများစုက ဒီလိုသုံးတာမဟုတ်တဲ့ အတွက် ခြေရာခံရတာ မလွယ်နိုင်ကြောင်း သူက ရှင်းပြပါတယ်။

ဒီလို အသုံးပြုတယ်ဆိုရင် သူတို့အင်တာနက်လိပ်စာ ဂဏန်း ၉ ခုရှိပြီးတော့ အဲဒါကို ထောက်ကြည့်လိုက်ရင် ဘယ်သူက ဘယ်မှာသုံးနေတယ်ဆိုတာကို သိနိုင်တယ်လို့လည်း ဆိုပါတယ်။

ပြည်တွင်း ကဖုန်းတွေမှာ VPN ထည့်ထားကြ

သာမန်လူတွေကတော့ အခုလို static IP သုံးတာမဟုတ်ဘဲ သူ့ကိုစောင့်ကြည့်ချင်တယ်ဆိုရင်တော့ သူသုံးတဲ့ အော်ပရေတာကို ပြောပြီး ဘယ်အချိန်မှာစောင့်ကြည့်ပါလို့ ပြောထားရင်တော့ ဘယ်မှာရှိတယ်ဆိုတာကို လိုက်လို့ ရနိုင်ခြေရှိတယ်လို့လည်း အဲဒီနည်းပညာကျွမ်းကျင်သူက ပြောပါတယ်။

ဒါပေမဲ့ ဘယ်ဖုန်းနဲ့ သူသုံးမလဲ၊ ဘယ်နံပါတ်နဲ့လည်းဆိုတာ ကြိုတင်သိမထားရင်တော့ ခြေရာခံလိုက်လို့ ရနိုင်ခြေက အင်မတန်နည်းတယ်လို့ ဆိုပါတယ်။

ပြည်တွင်းက အိုင်တီ ကျွမ်းကျင်သူတွေကတော့ ဖုန်းကွန်ရက်နဲ့ အင်တာနက်လိပ်စာကို ခြေရာခံတဲ့ စနစ်ကို စစ်ကောင်စီ ဘယ်လိုသုံးနေတယ်ဆိုတာကို တိတိကျကျ မခန့်မှန်းနိုင်တာကြောင့် VPN လို့ခေါ်တဲ့ စနစ်ကို သုံးဖို့လည်း ပြောပါတယ်၊

အင်တာနက်ကို ပုံသေထားပြီး သုံးတဲ့နေရာတွေဆိုရင် ဘယ်သူတွေ သုံးတယ်ဆိုတာကို သိနိုင်သလို အဆောက်အအုံကိုပါ ခြေရာခံနိုင်တာကြောင့် သတိထားကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။

ဖုန်းဆက်တာနဲ့ အသံကိုကြားထဲက ဖမ်းနားထောင်တာကလည်း လိုင်းဖုန်းတွေက ပိုမိုလွယ်ကူပြီး မိုဘိုင်းတွေကို ကြားဖြတ်နားထောင်တဲ့ ဆော့ဖ်ဝဲတွေဟာလည်း ဒေါ်လာ သန်းချီကုန်တဲ့အကြောင်းနဲ့ မိုဘိုင်းတွေအားလုံးကို နားထောင်ဖို့က အကုန်အကျများတဲ့အတွက် အားလုံးကို လုပ်နိုင်ခြင်းမရှိကြောင်းလည်း အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေအနေနဲ့လည်း မိမိရဲ့တည်နေရာကို ဖော်ပြတဲ့ အပလီကေးရှင်းမျိုးတွေ၊ စျေးဝယ်ရင် မိမိရှိနေတဲ့နေရာကို သိနိုင်တဲ့ အပလီကေးရှင်းမျိုးတွေကို သတိထားကြဖို့ အိုင်တီကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဟာ ညအချိန် အင်တာနက်ကို ပိတ်တာဟာ သတင်းအချက်အလက်စီးဆင်းမှုကို နှေးသွားအောင် ထိန်းချုပ်တာသာ ဖြစ်ပြီး နိုင်ငံတကာက အော်ပရေတာတွေနဲ့ အလုပ်လုပ်နေတာဖြစ်လို့ စစ်တပ်ဟာ ဖုန်းနဲ့ အင်တာနက်တွေကို အားလုံးကို သူလိုသလို ထိန်းချုပ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56271798

စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းတွေကနေ ခြေရာခံပြီး ညဘက်လိုက်ဖမ်းနေသလား  စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းတွေကနေ ခြေရာခံပြီး ညဘက်လိုက်ဖမ်းနေသလား Reviewed by THITHTOOLWIN on 08:11 Rating: 5

No comments:

Powered by Blogger.