မြန်မာ့အရေး ဂျပန်နဲ့ အင်ဒိုနီးရှားအကြား အနီးကပ်တိုင်ပင်ဆွေးနွေးနေ

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ဝဲ) နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi (ယာ) တို့ ဂျပန်နိုင်ငံ Tokyo မြို့မှာ တွေ့ဆုံတဲ့ မြင်ကွင်း။ (မတ် ၂၉၊ ၂၀၂၁)

မြန်မာနိုင်ငံတွင်းက အခြေအနေနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံကြား အနီးကပ်ဆွေးနွေးနေတယ်လို့ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောပါတယ်။

မြန်မာနိုင်ငံတွင်းက လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံကြားအနည်းဆုံး တပတ်ကို ၂ ကြိမ်ဆွေးနွေးနေကြပါတယ်လို့ ဝန်ကြီး Marsudi ကပြောဆိုပါတယ်။ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ နှစ်နိုင်ငံအကျိုးစီးပွါးအတွက် သာမဟုတ်ဘဲ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ သာယာဝပြောရေးအတွက်ကိုပါ ပူးပေါင်းလုပ်ကိုင်နေကြတာဖြစ်တယ်လို့လည်းပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကြပ်အတည်း အခြေအနေတွေနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံတွေထဲက အင်ဒိုနီးရှားနဲ့ စင်ကာပူဟာ အတော်လေး တက်တက်ကြွကြွရှိနေပြီး၊ အခြားမိတ်ဖက်နိုင်ငံတွေနဲ့ မြန်မာ့အရေးဆွေးနွေးတိုင်ပင်မှုတွေ ဆက်တိုက်လုပ်နေတဲ့သဘောပါ။ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကလည်း မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်ပြီး သတ္တိနည်းတဲ့လုပ်ရပ်ကြောင့် ကလေးငယ်တွေအပါအဝင် လူ ၁၀၀ ကျော်သေဆုံးခဲ့ရတဲ့ စနေနေ့က လုပ်ရပ်ကိုကြည့်ရင် မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေ ထိရောက်စွာထိန်းနိုင်ဖို့ နိုင်ငံတကာက ရှေ့ဆက်တိုးဆောင်ရွက်ဖို့ လိုနေပြီဆိုတာ မီးမှောင်းထိုးပြလိုက်တာဖြစ်တယ်လို့ ဒီကနေ့ပဲ ကြေငြာချက်ထုတ်ပြန်ပါတယ်။ သူ့အဆို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေတဲ့ကြားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တာ၊ အိမ်ထဲက ကလေးငယ်တွေကို သတ်ဖြတ်နေတဲ့အပြင် ကြမ်းကြုတ်ရက်စက်တဲ့လုပ်ရပ်တွေ ၂ လကြာ တိုးလုပ်လာနေတဲ့ အတွက် ဒီလူနဲ့ တွေ့ဆုံဆွေးနွေးနိုင်စရာ အကြောင်းမရှိဘူးလို့လည်း APHR ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားလွှတ်တော်အမတ် Charles Santiago က ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေ ရပ်တန့်သွားစေမယ့် တခုတည်းသောနည်းလမ်းဖြစ်တဲ့ လက်နက်နဲ့ ဘဏ္ဍာငွေတွေကို လက်လှမ်းမီလို့ မရအောင် ကမ္ဘာတဝှမ်းလုံး ပိတ်ဆို့ထားဖို့ကိုလည်းကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/japan-indo-myanmar-military-coup/5832250.html 

မြန်မာ့အရေး ဂျပန်နဲ့ အင်ဒိုနီးရှားအကြား အနီးကပ်တိုင်ပင်ဆွေးနွေးနေ မြန်မာ့အရေး ဂျပန်နဲ့ အင်ဒိုနီးရှားအကြား အနီးကပ်တိုင်ပင်ဆွေးနွေးနေ Reviewed by THITHTOOLWIN on 21:18 Rating: 5

No comments:

Powered by Blogger.