ဒီပဲယင်းတွင် ရဲနှစ်ဦးသေ၊တည်တောရွာသို့ ရဲနှင့်စစ်တပ်ဝိုင်း၍ ဒေသခံ ခြောက်ဦးဖမ်းခေါ်သွား


မုံရွာ၊မတ်-၁၈

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ဖုတ္ထန်းတောရွာအနီးတွင် ယနေ့ နံနက်ပိုင်းက ရဲနှင့်​ ဒေသခံအချို့တွေ့ဆုံရာ ရဲနှစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။

သေဆုံးသော ရဲနှစ်ဦးအလောင်းမှာ ဆည်မြောင်းမူးဆုံလမ်းမပေါ်တွင်ရှိနေရာ ညနေပိုင်းတွင် ရဲနှင့်စစ်တပ်မှ အခင်းဖြစ်ရာအနီး တည်တောရွာသို့ ဝိုင်းကာ ပစ်ခတ်ဖမ်းဆီးမှုများလုပ်ကြောင်း ဒေသခံများက ပြောသည်။

"ဒီပဲယင်းကိုဆန္ဒပြပြီး ကားတွေက အပြန်မှာဖြစ်တာ။သေတဲ့ရဲတွေက လမ်းပေါ်မှာရှိတယ်။ရွာကို စစ်ကားတွေလာပြီး  သေနတ်တွေဖောက်တယ်။ခြောက်ယောက်ဖမ်းသွားတယ်။အိမ်နှစ်လုံးကိုဖျက်ပြီး ဆန်နဲ့ပစ္စည်းတွေယူသွားတယ်"ဟု တည်တောရွာခံ ကပြောသည်။

ဖြစ်စဉ်ကို မြန်မာ့အသံမှယနေ့ည ၈နာရီသတင်းထုတ်ပြန်ကြေညာရာတွင် ယနေ့ ၁၁ နာရီခန့်က မူးကမ်းရွာ ရဲစခန်းတာဝန်ခံနှင့်တပ်ဖွဲ့ဝင် နှစ်ဦးသည် ရဲအမှုတွဲများ ဒီပဲယင်းမြို့တရားရုံးသို့ ဥပဒေအကြံတောင်းရန်နှင့်စခန်းဖြုတ်သိမ်းခွင့်တောင်းရန်သွားစဉ် ဖုတ္ထန်းတောရွာအနီး လူ၁၀၀ခန့်နှင့်တွေ့ဆုံကြောင်း ထုတ်ပြန်သည်။

၎င်းလူထုမှာ ရဲများကို ကားပေါ်မှ ဆွဲချရိုက်နှက်ထိုးခုတ်ရာ ရဲနှစ်ဦးသေဆုံးပြီး စခန်းတာဝန်ခံမှာ ဓားဒဏ်ရာ ၇ချက်ဖြင့် နယ်မြေခံတပ်ဆေးရုံ၌ ကုသမှုခံနေသည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိတွင် အခင်းဖြစ်ရာ မူးဆုံလမ်း ကျေးရွာများဖြစ်သော ဖုတ္ထန်းတော၊သရက်ကန်၊ညောင်လှ၊တည်တော ကျေးရွာများပတ်လည် ရဲနှင့်စစ်တပ်တို့ ချထားကြောင်း ဒေသခံများကပြောသည်။


Monywa Gazette

https://www.facebook.com/monywagazette

ဒီပဲယင်းတွင် ရဲနှစ်ဦးသေ၊တည်တောရွာသို့ ရဲနှင့်စစ်တပ်ဝိုင်း၍ ဒေသခံ ခြောက်ဦးဖမ်းခေါ်သွား ဒီပဲယင်းတွင် ရဲနှစ်ဦးသေ၊တည်တောရွာသို့ ရဲနှင့်စစ်တပ်ဝိုင်း၍ ဒေသခံ ခြောက်ဦးဖမ်းခေါ်သွား Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.