မြင်းခြံဆန္ဒပြပွဲပစ်ခတ်ခံရမှု ၅ ဦးသေဆုံး

ဖေဖော်ဝါရီ ၈ ရက်နေ့က မြင်းခြံမြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၈၊ ၂၀၂၁)

နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ် ဖြိုခွင်းမှုတွေ ပြင်းထန်လာနေသလိုပဲ ဆန္ဒပြ လှုပ်ရှားသူတွေကလည်း ဆက်ပြီး အရှိန်မြင့် လုပ်လာနေပါတယ်။ ဒီကနေ့မှာလည်း ဆန္ဒသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ရှိခဲ့တာကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မစုမွန်က တင်ပြပေးပါမယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဒီကနေ့ မနက်ပိုင်းက ကျည်အစစ်နဲ့ ပစ်ခတ် ဖြိုခွင်းခဲ့တာကြောင့် သေဆုံးသူ ၅ ဦးရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိသူတွေလည်း အများအပြား ရှိနေတယ်လို့ မြင်းခြံမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ကိုပစ်တာ၊ တန်းပစ်ပြီးတော့ ကျနော်ကိုယ်တိုင်ပွေ့လာရတာ ဘေးမှာ ၁၆ နှစ်လောက် ကလေးတစ်ယောက်ကို ကျနော် ပွေ့လာရတာ။ သေဆုံးကတော့ အခု အတည်ပြုထားတာကတော့ ၅ ယောက်ဗျ။ (ထိခိုက်ဒဏ်ရာရ) အဲ့ဒါကတော့ ၃၀ ကျော်လောက်ရှိမယ်၊ ၃၀ ဝန်းကျင်ပေါ့။ ၃၀ ထဲမှာ စိုးရိမ်ရတဲ့လူကတော့ ဟိုလိုမျိုး ၁၅ ယောက်လောက်တော့ ရှိမယ်ဗျ။ အဲ့ဒီလောက်ကြီး စိုးရိမ်ရတဲ့လူတော့ မပါဘူး။ တကယ်သေသွားတဲ့လူကတော့ ၅ ယောက်ဗျ။ ကျနော်တို့ကို ဖြိုခွဲပြီးတော့ သူတို့က မြို့ပေါ်မှာလည်း တဒိုင်းဒိုင်းနဲ့ ပစ်နေတာဗျ။ ကျနော်တို့ ပွေ့လာတဲ့ ၁၆ နှစ် ကောင်းလေးကိုဆို ကုတာ အိမ်ပေါ်တင်ပြီးကုတာ၊ ကျနော်တို့ ပြည်သူတွေအိမ်ထဲတင်ပြီး ကုတာ။ ကျနော်တို့ကို ပြည်သူအိမ်ထဲအထိ ဝင်ပြီးကိုထုတာ။”

မြင်းခြံမှာ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် သေဆုံးသူနဲ့ စိုးရိမ်ရတဲ့ အခြေအနေရှိသူတွေ ရှိသလို လက်နက်ကိုင်တွေက ဖမ်းဆီးသွားသူ နှစ် ဦးလောက် ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ အောင်လံမြို့မှာလည်း ဒီကနေ့ ပစ်ခတ် ဖြိုခွဲမှုတွေကြောင့် သေဆုံးသူ နှစ် ဦး ရှိခဲ့ပါတယ်။ မနေ့ညက သပိတ်ပြုလုပ်ချိန်မှာ ပစ်ခတ် ဖြိုခွဲမှုတချို့ လုပ်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ သပိတ်စစ်ကြောင်း မစတင်ခင်ကတည်းက လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ် ဖြိုခွင်းခဲ့တာဖြစ်တယ်လို့လည်း အောင်လံမြို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီမနက်ပိုင်းမှာတော့ အခါတိုင်းအတိုင်းပဲ ကျောင်းသားတွေဦးဆောင်တဲ့ သပိတ်အဖွဲ့က ဆန္ဒပြဖို့ လူစုနေတဲ့အချိန်မှာပဲ ရဲတပ်ဖွဲ့က တန်းခွဲတာပေါ့နော်။ လူစုခွဲပြီးတော့ တချို့လည်း အဖမ်းခံရတယ်လို့ ကြားတယ်။ ဒါပေမဲ့ လူအတိအကျတော့ ကျနော်တို့လည်း စာရင်း မရသေးဘူးပေါ့။ အဖမ်းခံရတယ်။ ဆိုင်ကယ်တွေလည်း အသိမ်းခံရတယ်။ အဲဒီမှာ ကျနော်တို့ လူပြန်စုပြီးဝိုင်းတဲ့အခါမှာ ရဲတပ်ဖွဲ့က ဖြိုခွဲတာပဲပေါ့။ ရာဘာကျည်တွေနဲ့လည်း ပစ်တယ်။ နောက်ပြီးတော့ အသံဗုံးခွဲတယ်။ ကျည်အစစ်တွေနဲ့လည်း ပစ်တယ်ပေါ့။ ကျည်အစစ်နဲ့ ပစ်တဲ့အခါကျတော့ လောလောဆယ်တယောက်တော့ လည်ပင်းကို ထိပြီးတော့ဆုံးတယ်။ နောက်တယောက်ကတော့ ဗိုက်ကို ထုတ်ချင်းပေါက်ပြီးတော့ ဆုံးတယ်။ နောက် ၄ ယောက်မှာ ဗိုက်ပေါက်သွားတဲ့တယောက်ကတော့ စိုးရိမ်ရတယ်။ နောက် ၃ ယောက်ရယ်၊ အဲဒီ ၄ ယောက်ကတော့ ပြည်ဆေးရုံကြီးကို ပို့ပြီး ကုသနေပါတယ်ခင်ဗျ။”

မန္တလေးမှာလည်း ဒီကနေ့ ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် နှစ် ဦး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလည်း ဒီကနေ့ ဆန္ဒပြဖို့လာတဲ့ ကားတစ်စီးကို လက်နက်ကိုင်တွေက ပစ်ခတ်ခဲ့ပါတယ်။ အဲဒီ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေနတ်ထိမှန်ခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေ ရှိနေတဲ့ အဲဒီလူကို လက်နက်ကိုင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံတဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေက နေ့စဉ် ရှိနေသလို ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေကလည်း နေ့စဉ် ရှိနေပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက လက်နက်မဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် နိုင်ငံတဝန်း နေ့စဉ်နဲ့အမျှ မြင့်တက်နေပြီး မနေ့ကဆိုရင် ဆန္ဒပြကာလတလျှောက် တရက်တည်း သေဆုံးမှုအများဆုံးရှိခဲ့ပေမဲ့ နိုင်ငံတဝန်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကတော့ ဆက်လက် အရှိန်ကောင်းနေဆဲဖြစ်ပါတယ်။


မဆုမွန်/ VOA Burme

https://burmese.voanews.com/a/myin-chan-myanmar-military-coup/5814702.html

မြင်းခြံဆန္ဒပြပွဲပစ်ခတ်ခံရမှု ၅ ဦးသေဆုံး မြင်းခြံဆန္ဒပြပွဲပစ်ခတ်ခံရမှု ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 18:52 Rating: 5

No comments:

Powered by Blogger.