ရန်ကုန်ဆန္ဒပြပွဲတွေ ပစ်ခတ်ဖြိုခွဲခံရ၊ သုံးဦး ပွဲချင်းပြီးသေဆုံး



ဒီနေ့လယ်က ရန်ကုန်တိုင်း တာမွေမြို့နယ် ကျောက်မြောင်း မြို့သစ် ၂ လမ်းနဲ့ ကျောက်ရေတွင်းလမ်းထောင့် မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကျည်အစစ်နဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတစ်ဦး ဦးခေါင်းထိမှန် သေဆုံးခဲ့ ပါတယ်။

သေဆုံးသူဟာ အသက် ၂ဝ ဝန်းကျင် လူငယ်ဖြစ်တာကို Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေအရ သိရပါတယ်။

တာမွေမြို့နယ်ထဲက ရပ်ကွက်တချို့မှာလည်း ဒေသခံအရပ်သားတွေရဲ့ ကားတွေကို ဘူဒိုဇာတွေနဲ့ ထိုးပြီး ဖျက်ဆီးတာတွေလုပ်ခဲ့လို့ ကားတော်တော်များများ ပျက်စီးသွားတဲ့ ဗီဒီယိုတွေလည်း ထွက်လာခဲ့တာပါ။

ရန်ကုန်၊ သာကေတမြို့နယ် ရွှေပြည်သာလမ်းသပိတ်စခန်းကို လည်း စစ်တပ်နဲ့ ရဲတွေက ဒီကနေ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့ရာ ကနဦးသတင်းတွေအရ နှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိသလို ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။

မန္တလေးမှာတော့ အလုပ်မဆင်းဘဲ အာဏာဖီဆန်ရေး CDM လုပ်နေတဲ့ မီးရထားဝန်ထမ်းတွေဟာ ဒီကနေ့ ကစပြီး ဝန်ထမ်းအိမ်ယာတွေကနေ ပြောင်းရွှေ့ပေးနေကြပါတယ်။

အလုပ်ပြန်မဆင်းရင် ဝန်ထမ်းအိမ်ယာတွေကနေ မတ်လ ၂၂ ရက်နေ့ နောက်ဆုံးထား ဖယ်ကြဖို့နဲ့ ဝန်ထမ်း အိမ်ယာမှာ ဆက်နေပြီး CDM လုပ်နေရင် အင်အားသုံး ရှင်းလင်းမယ်လို့ ဖိအားပေး ခြိမ်းခြောက်ထားတာပါ။

မန္တလေးမြို့မှာ CDM လုပ်နေတဲ့ မီးရထားဝန်ထမ်း ၁၅ဝဝ ကျော်ရှိတယ်လို့ နေရာပြောင်းရွှေ့ရာမှာ လိုက်ပါ ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပြပါတယ်။

အလားတူ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင်းက လယ်ဦးကျေးရွာ တောင်နီကွေ့နားမှာ မတ်လ ၁၉ ရက်နေ့ ည ၁၁ နာရီလောက်မှာ ရပ်ကွက်လုံခြုံရေး ကင်းစောင့်နေသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး၊ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ အခင်းဖြစ်တဲ့နေရာမှာရှိနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်းတောင်ရိုး၊ မုံရွာ၊ ကလေး အပါအဝင် မြို့တချို့မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ ပုံစံမျိုးစုံနဲ့ ဒီကနေ့ ဆက်ပြီးရှိခဲ့ပါတယ်။ မုံရွာမှာတော့ စစ်တပ်က ရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို မီးရှို့ဆန္ဒပြပွဲလုပ်ခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပေါ်ပေါက်ရေး တောင်းဆိုခဲ့ကြပါတယ်။

မကွေးတိုင်း အောင်လံမြို့နယ်မှာတော့ ရဲတပ်ဖွဲ့တွေက ဆန္ဒပြသူတွေ လူမစုနိုင်အောင် ပိတ်ဆို့ထားတဲ့ကြားက အောင်လံမြို့အရှေ့ဘက် စန်းကလေးကျေးနဲ့ ရေပေါ်ရွာက လူအင်အား ၅ဝ လောက်ဟာ အောင်လံသမ္မုလ လမ်းပေါ် တောင်ကြီးကွေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ရေစကြိုမြို့မှာလည်း နေ့စဉ်ချီတက်ဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ စစ်တပ်နဲ့ ရဲတို့ရဲ့ ပစ်ခတ်ဖြိုခွင်းခံရပြီး အမျိုးသမီးတစ်ယောက် ဒဏ်ရာရခဲ့သလို ခြောက်ယောက် အဖမ်းခံခဲ့ရပေမယ့်လည်း နေ့လယ်မှာ ပြန်လွတ်လာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီရက်ပိုင်း လှိုင်သာယာမြို့နယ်ထဲက ရွှေ့ပြောင်းလုပ်သားတွေ သိန်းနဲ့ချီ နေရပ်ပြန်ကုန်တာကြောင့် ဆန္ဒပြဖို့ လူအင်အား အတော်လေးနည်းသွားပြီး အိမ်ပြင်ထွက်ဖို့တောင် မလွယ်တဲ့အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကတော့ ရန်ကုန် လှိုင်သာယာမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ် မတ်လ ၁၄၊ ၁၅၊ ၁၆ တုန်းက ဆန္ဒပြသူတွေ အပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုအတွင်း သေဆုံးခဲ့သူတွေထဲက ပိုင်ရှင်မဲ့ ရှစ်ဦးရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ပရဟိတအသင်းတွေက ပြောပါတယ်။

မတ်လ ၁၄ ရက်နေ့ကစပြီး တစ်ပတ်အတွင်းမှာ စစ်တပ်နဲ့ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၆ဝ ကျော် ရှိနေပြီဆိုပေမယ့် တချို့အလောင်းတွေကတော့ ဖျောက်ဖျက်ခံခဲ့ရတာမို့ စာရင်းအတိအကျပြုစုဖို့ ခက်ခဲနေ ပါတယ်။

လှိုင်သာယာမှာပဲ မတ် ၁၄ ရက်နေ့က ပျောက်ဆုံးနေတဲ့ မေတ္တာမွန်လူမှုကူညီရေးအသင်းကားနဲ့ ဝန်ထမ်း လေးယောက်ရဲ့ သတင်းအချက်အလက်လည်း မရသေးပါဘူး။

ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းခဲ့တာ ၄၈ ရက်မြောက်ကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ကျည်အစစ်နဲ့ ပစ်ခတ်မှုအပါအဝင် နည်းမျိုးစုံနဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် RFA က သီးသန့် ပြုစုထားတဲ့ စာရင်းတွေအရ မတ်လ ၁၈ ရက်နေ့အထိ သေဆုံးသူ ၂ဝဝ ကျော်သွားပြီဖြစ်ပါတယ်။

RFA Burmese



ရန်ကုန်ဆန္ဒပြပွဲတွေ ပစ်ခတ်ဖြိုခွဲခံရ၊ သုံးဦး ပွဲချင်းပြီးသေဆုံး ရန်ကုန်ဆန္ဒပြပွဲတွေ ပစ်ခတ်ဖြိုခွဲခံရ၊ သုံးဦး ပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 22:02 Rating: 5

No comments:

Powered by Blogger.