မြန်မာနိုင်ငံတွင်း တင်းမာမှုလျှော့ချပြီး ဖမ်းထားသူတွေပြန်လွှတ်ဖို့ ထိုင်းနိုင်ငံတောင်းဆို

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Tanee Sangrat။ (မတ် ၁၁၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး အကြမ်းဖက်မှုတွေ ပြင်းထန်လာတာကို အထူးစိုးရိမ်တကြီးနဲ့ အနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဆိုလိုက်ပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံတွင်းက တင်းမာနေတဲ့အခြေအနေတွေကို လျှော့ချနိုင်အာင်ကြိုးပမ်းဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Tanee Sangrat က ဒီနေ့ ပြောလိုက်ပါတယ်။

သူက ဆက်ပြီး မြန်မာနိုင်ငံနဲ့ နယ်စပ် အရှည်ကြီးကပ်တည်ရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပြီး ထိုင်းပြည်သူတွေအနေနဲ့လည်း မြန်မာနဲ့ အတော်များများ နီးနီးကပ်ကပ်ဆက်ဆံရေးရှိတာကြောင့် မြန်မာနိုင်ငံထဲဖြစ်ပျက်နေတာတွေအပေါ် အခုလိုစိုးရိမ်ကြီးစွာ စောင့်ကြည့်နေရတာပါလို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုငံထဲမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် လူ့အသက်တွေ ဆုံးရှုံးနေရတာနဲ့ ဒုက္ခခံစားနေရတာအတွက်လည်း အခြားနိုင်ငံတွေနဲအတူ အထူးစိတ်မကောင်းဖြစ်နေရတယ်လို့ ထိုင်းနိုင်ငံခြားရေးပြောခွင့်ရ Tanee က ဆက်ပြောပါတယ်။

ပြောခွင့်ရ Tanee ကပဲ မြန်မာနိုင်ငံထဲ သက်ဆိုင်ရာဘက်အားလုံးက အတတ်နိုင်ဆုံး ပျော့ပျော့ပြောင်းပြောင်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြပြီး အပြုသဘောဆောင် ဆွေးနွေးနိုင်မယ့်လမ်းကြောင်းအားလုံးကို သုံးပြီး ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာစစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေထဲ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ် နှိမ်နင်းနေတာတွေကို တွေ့ခဲ့ရတဲ့အပေါ်လည်း အင်မတန် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာ ပြောခွင့်ရက ပြောခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/thailand-foreign-ministry-following-mm-turmoil-with-concern/5810342.html

မြန်မာနိုင်ငံတွင်း တင်းမာမှုလျှော့ချပြီး ဖမ်းထားသူတွေပြန်လွှတ်ဖို့ ထိုင်းနိုင်ငံတောင်းဆို မြန်မာနိုင်ငံတွင်း တင်းမာမှုလျှော့ချပြီး ဖမ်းထားသူတွေပြန်လွှတ်ဖို့ ထိုင်းနိုင်ငံတောင်းဆို Reviewed by THITHTOOLWIN on 01:18 Rating: 5

No comments:

Powered by Blogger.