ရန်ကုန်၊ မန္တလေးနဲ့ ပြည်မြို့တို့မှာ ဆန္ဒပြရင်း သေနတ်ကျည် ထိမှန်လို့ သေဆုံးသူတွေရှိ



မြန်မာနိုင်ငံက မြို့ကြီးတချို့မှာ ဒီကနေ့လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဖြစ်ပွား ခဲ့ပြီး၊ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ရာက သေဆုံးသူတွေလည်းရှိခဲ့ပါတယ်။ မနေ့ညပိုင်းကလည်း ရန်ကုန်မှာ ဖမ်ဆီးခံထားရတဲ့ ဆန္ဒပြသူတချို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသူတွေ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ရတာပါ။

မန္တလေးမြို့ စိန်ပန်းရပ်၊ ၄၁ လမ်းမှာ မတ်လ ၁၃ ရက် ဒီကနေ့ ထိုင်သပိတ် ဆန္ဒပြအပြီး စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းရာက သေဆုံးသူ ငါးယောက်ရှိနေပြီလို့ ကနဦးသိထားရပြီး ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်းရှိတယ်လို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲက အမျိုးသား သုံးယောက်ရဲ့ အလောင်းတွေကို လက်ခံရရှိထားတယ်လို့လည်း လူမှု ကူညီရေးအသင်းတွေက ပြောပါတယ်။ သေဆုံးသူ အမျိုးသမီး ၁ ယောက်ရဲ့ အလောင်းကိုတော့ ဆန္ဒပြ သူတွေက သူ့အိမ်ကို ပြန်ပို့ပေးခဲ့ပါတယ်။

ဒဏ်ရာရသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတယ်လို့လည်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။

သေဆုံးဒဏ်ရာရသူတွေရဲ့ စာရင်းတွေကို RFA က ထပ်မံအတည်ပြုနေဆဲဖြစ်ပါတယ်။

စစ်တပ်နဲ့ရဲတို့က ပစ်ခတ်ဖြိုခွင်းမှုတွေ ရှိနေပေမဲ့လည်း မန္တလေးမြို့မှာ ထောင်နဲ့ချီ ဆန္ဒပြနေကြပါတယ်။

မတ်လ ၁၂ ရက်မနေ့ညပိုင်းကလည်း သာကေတမြို့နယ်မှာ ညသပိတ် ဆန္ဒပြတဲ့သူတွေကို ရဲတပ်ဖွဲ့ဝင်တွေ လူစုခွဲရာ သုံးဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့ ရပ်ကွက်နေပြည်သူတွေက သာကေတမြို့နယ်ရဲစခန်းကို သွားရောက် တောင်းဆိုခဲ့ကြတာကို ပစ်ခတ်ဖြိုခွင်းခံခဲ့ရတာကြောင့် မာန်ပြေ ၃ လမ်းအနောက် ၂/ တောင်ရပ်ကွက်က အသက် (၄၁) နှစ်အရွယ် ကိုအောင်ဇော် သေဆုံးခဲ့ပါတယ်။ သေဆုံးသွားသူရဲ့ အလောင်းကို ရဲနဲ့စစ်သားတွေက ဒီနေ့ နေ့လယ်မှာ အတင်းအကျပ်လာယူဖို့ ကြိုးစားခဲ့တာကြောင့် မိသားဝင်တွေက စိုးရိမ်ထိတ်လန့်နေကြပြီး နေ့လယ်ပိုင်းအထိ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းကာကွယ်ဖို့ ကြိုးစားနေတယ်လို့လည်း မိသားစုဝင် တစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်း ပြည်မြို့ ရွှေတချောင်းလမ်းမှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတို့က သေနတ်တွေနဲ့ ပစ်ခတ် ဖြိုခွင်းခဲ့လို့  နှစ်ယောက် သေဆုံးခဲ့တယ်လို့ ဆန္ဒပြရာမှာပါဝင်ခဲ့သူ မျက်မြင်တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဝင်းစိန်တောရ လျောင်းတော်မူဘုရားဝင်းနဲ့ နဂါးမောက်တောင်ပေါ်မှာလည်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့မနက်ပိုင်းက လူငယ်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့လည်း စစ်တပ်နဲ့ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားတဲ့အတွက် လမ်းပေါ်ထွက်ဆန္ဒပြဖို့ အခက် အခဲရှိလာတယ်လို့ မုဒုံမြို့လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

ပေါင်မြို့နယ်မှာလည်း ကရင်တိုင်းရင်းသားလူငယ်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက ကျည်အစစ်တွေပါသုံးပြီး နှိမ်နင်းနေတာတွေကို ရပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သတိပေးနေတဲ့ကြားမှာပဲ ထိခိုက်သေဆုံးတဲ့အထိ ဖြိုခွင်းမှုတွေ ဆက်လက်ပေါ်ပေါက်နေတာလည်း ဖြစ်ပါတယ်။

RFA Burmese




ရန်ကုန်၊ မန္တလေးနဲ့ ပြည်မြို့တို့မှာ ဆန္ဒပြရင်း သေနတ်ကျည် ထိမှန်လို့ သေဆုံးသူတွေရှိ ရန်ကုန်၊ မန္တလေးနဲ့ ပြည်မြို့တို့မှာ ဆန္ဒပြရင်း သေနတ်ကျည် ထိမှန်လို့ သေဆုံးသူတွေရှိ Reviewed by THITHTOOLWIN on 08:57 Rating: 5

No comments:

Powered by Blogger.