အရပ်ဘက်အဖွဲ့အစည်းတချို့ ပစ်မှတ်ထားအရေးယူခံနေရ

ရန်ကုန်မြို့ရှိ လမ်းတနေရာမှာ တွေ့ရတဲ့ အချုပ်ကားနဲ့ ရဲကားများ။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေကို အာဏာပိုင်တွေက ဖြိုခွဲနှိမ်နင်းနေချိန်မှာပဲ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတချို့ကို ပစ်မှတ်ထားအရေးယူတာတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်သတင်းထောက်ပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က ပြောပြပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာပိုင်တွေက အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ဝင်ရောက်ဖမ်းဆီးတာတွေ၊ ပစ္စည်းတွေ သိမ်းယုူတာတွေ လုပ်လာနေတာပါ။

လက်ရှိ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်ဘက်အဖွဲ့အစည်းတွေကို အာဏာပိုင်တွေဘက်က အဓိကထားလုပ်တာတွေ ရှိတယ်လို့ အလုပ်အသမားအရေး ကူညီနေတဲ့ အနာဂတ် အလင်းတန်းဆုံမှတ်အဖွဲ့ရဲ့ ဒါရိုက်တာ မသက်သက်အောင်က ပြောပါတယ်။

“ကျမတို့ဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေပေါ့နော်... အလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဖြစ်တယ်။ ဒီအရပ်ဘက်အဖွဲ့အစည်းတွေကို ဆိုလို့ရှိရင်လည်း ကျမတို့ နိစ္စဓူဝ သတင်းကနေ ကြေငြာနေတယ်။ တရားမဝင်အသင်းဆိုပြီးတော့ပေါ့နော်။ ဒါမျိုးတွေကို ကျမတို့အဖွဲ့အစည်း တစ်ခုတည်း မဟုတ်ဘဲ တခြားသော အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း သတင်းမီဒီယာတွေကို ပိတ်သိမ်းတဲ့ အခြေအနေတွေ ဒါတွေကိုလည်း ကျမတို့ ရင်ဆိုင်နေကြရတယ်။ သေချာတာက အရပ်ဘက်အဖွဲ့အစည်းတွေပေါ်မှာ အာဏာရှင်ကနေပြီးတော့ ခြိမ်းခြောက်ပြီးတော့ ဖြိုခွဲမှုတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ CSO တွေရော၊ NGO တွေရော ဘာကြောင့်ဒေါက်တိုင်ကို ဖြိုနေလဲဆိုတော့ ဒီမိုကရေစီ အားကောင်းဖို့က ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခြေခံ အုပ်မြစ်တွေ ဖြစ်တယ်။ ဒါတွေကို အားမကောင်းအောင်လုပ်တာက အာဏာရှင်တွေရဲ့ အကျင့်စရိုက် လက္ခဏာ တစ်ခုလို့ပဲ ကျမမြင်ပါတယ်။”

ဒီအပတ်ထဲမှာပဲ ရန်ကုန်မြို့က စုအသက်မွေးဝမ်းကျောင်း သိပ္ပံကို အာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးတာပါ။ ဖမ်းဆီးခံရသူ ၇ ဦးထက်မနည်းရှိပြီး ကျောင်းတာဝန်ခံ ဦးဇော်မြတ်လင်းကတော့ ဖမ်းဆီးခံထားရစဉ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ပြည်သူတွေကို ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖမ်းဆီးတာတွေ၊ ပစ္စည်းတွေ သိမ်းယူတာတွေဟာ ပြည်သူတွေ ဘာမှမလုပ်နိုင်အောင် လုပ်နေတာဖြစ်တယ်လို့လည်း စုအသက်မွေးဝမ်းကျောင်းသိပ္ပံ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“အဓိက ပြည်သူကို ထောက်ပံ့ပေးနေတာကို သူတို့က ဖျက်စီးပစ်တာပေါ့။ ဒီအဖွဲ့အစည်းတွေကို ဖြိုခွင်းလိုက်ခြင်းအားဖြင့် ဒီအဖွဲ့အစည်းတွေက ပြည်သူကို မထောက်ပံ့နိုင်လို့ရှိရင် အခုဆိုရင် ပြည်သူတွေက အလုပ်အကိုင်လည်း ရှိကြတာမဟုတ်။ စားဝတ်နေရေးတွေက ကြပ်တည်းနေတယ်။ ဒီလိုအနေအထားရောက်အောင် သူတို့က လုပ်လိုက်တဲ့ အနေအထားပဲ။ သူတို့ကို ထောက်ပံ့တဲ့ သူတွေမရှိတော့ရင် ပြည်သူတွေလည်း ဘာမှလုပ်နိုင်တာ မဟုတ်ဘူးဆိုတဲ့ အချိုးနဲ့ လုပ်နေတာ။”

ဒါအပြင့် တခြားအဖွဲ့အစည်းတွေ ဖြစ်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်ရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း၊ ဦးကျော်သူ ရန်ကုန်နာရေးကူညီမှုအသင်း အပါအဝင် ပုဂ္ဂလိက မီဒီယာတွေကိုလည်း အာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးရှာဖွေတာတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိအနေအထားအရ အရပ်ဘက်အဖွဲ့အစည်းတွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ ရှိနေပေမယ့်လည်း အလုပ်သမားတွေ ကူညီရေးအဖွဲ့တွေကတော့ အာဏာရှင် ဆန့်ကျင်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အနာဂတ် အလင်းတန်းဆုံမှတ်အဖွဲ့ရဲ့ ဒါရိုက်တာ မသက်သက်အောင်က ပြောပါတယ်။

“အာဏာသိမ်းပြီးတော့ ၆ ရက်မြောက်နေ့မှာ ပထမဦးဆုံး ကျမတို့ အလုပ်သမား တွေကနေပြီးတော့ စပြီး အာဏာသိမ်း စစ်အာဏာရှင်ကို စတင်ပြီးတော့ တော်လှန်ခဲ့တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အဲဒီအတွက် ကျမတို့ ဆက်လက်ပြီးတော့လည်း စစ်အာဏာရှင်ကို အမြစ်ဖြုတ်နိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ကျမတို့ အလုပ်သမားအဖွဲ့အစည်းတွေအနေနဲ့ ပြင်ဆင်နေပါတယ်။”

ဒီကနေ့အထိ မြန်မာနိုင်ငံမှာ အာဏာရှင်ဆန့်ကျင်သူတွေကို အင်အား သုံးဖြိုခွင်းတာ၊ ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေ ရှိနေသလို တစ်ဘက်မှာလည်း မီဒီယာတွေ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ဝင်ရှောက်ရှာဖွယ်ဖမ်းဆီးတာတွေ ရှိနေတာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေကြား စိုးရိမ်မှုတွေ ရှိနေကြတာလည်း ဖြစ်ပါတယ်။ 


ကိုဇော်ဝင်းလှိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup/5808737.html

အရပ်ဘက်အဖွဲ့အစည်းတချို့ ပစ်မှတ်ထားအရေးယူခံနေရ အရပ်ဘက်အဖွဲ့အစည်းတချို့ ပစ်မှတ်ထားအရေးယူခံနေရ Reviewed by THITHTOOLWIN on 22:27 Rating: 5

No comments:

Powered by Blogger.