ဆန္ဒပြမှုအကြမ်းဖက်ခံရမှု မုံရွာ ၆ ဦး၊ မန္တလေး၂ ဦး သေဆုံး

မန္တလေးမြို့ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့တာ တလကျော်လာပြီ ဖြစ်ပေမဲ့ လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြမှုတွေဟာ အရှိန်ကောင်းလာနေဆဲ ရှိပါတယ်။ ဒီကနေ့မှာတော့ စစ်အုပ်ချုပ်ရေးကောင်စီဘက်ကနေ မုံရွာ၊ မန္တလေး၊ မကွေးတို့မှာ အင်အားသုံးဖြိုခွင်းတာတွေကြောင့် လူ ၈ ဦး ထပ်မနည်း သေဆုံးခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခက စုစည်းတင်ပြသွားမှာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံအနှံ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေဟာ အရှိန်လျော့မသွားဘဲ ပိုတိုးလာနေပါတယ်။ ဒီကနေ့ မနက်ပိုင်းကစလို့ မုံရွာ၊ မန္တလေး၊ မကွေးနဲ့ မေမြို့တို့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်နေတဲ့ သပိတ်စစ်ကြောင်းတွေကို စစ်အုပ်ချုပ်ရေးကောင်စီ အာဏာပိုင်တွေက အကြမ်းဖက်အင်အားသုံးဖြိုခွင်းတာတွေ လုပ်ခဲ့တာကြောင့် အရပ်သားအနည်းဆုံး ၈ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရ လူနာဟာ ဒါဇင်ချီရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့ ထန်းတောရက်ကွက်နဲ့ ရန်ကင်းရပ်ကွက်အကြား ပြည်ထောင်စုလမ်းနဲ့ ဘုရားနီလမ်းဆုံနေရာမှာ ဒီမနက် ၁၁ နာရီဝန်းကျင်က မုံရွာ ဆန္ဒပြ ပင်မသပိတ် စစ်ကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တို့ ထိပ်တိုက်ဆုံမိရာက ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဆန္ဒပြသူ လူ ၆ ယောက် သေဆုံးသွားခဲ့ပါတယ်။ ပြင်းထန်ဒဏ်ရာရသူတွေလည်း ရှိနေတာကြောင့် သေဆုံးသူဦးရေဟာ တိုးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်စရာအခြေအနေလည်း ရှိနေတယ်လို့ မုံရွာမြို့ခံတွေကပြောကြပါတယ်။

ဒီပစ်ခတ်ဖြိုခွင်းမှုကို ကိုယ်တိုင်ကြုံသူလည်းဖြစ် တက်ကြွလှုပ်ရှားသူ တဦးလည်း ဖြစ်သူတဦးကတော့ ပစ်ခတ်ဖြိုခွင်းမှုဟာ အကြမ်းဖက်လုပ်ရပ်ဆန်ကာ ရက်ရက်စက်စက်နှိမ်နင်းတာကို မြင်ခဲ့ရတယ်လို့ပြောပြပါတယ်။

"နှစ် ဦးကဆို နောက်ကနေ ကျည်မှန်တာ၊ တဦးဆို ရှေ့နားထင် မှန်တယ်။ တဦးကနောက်ဘက်ပိုင်း မှန်တာပေါ့... အဲဒီလိုမျိုး။ အဓိကကတော့ တပ်က ခွဲထားတယ်။ နောက်ကနေလည်း ပစ်တယ်။ အဓိကကတော့ ရဲတွေကို အရှေ့ထားပြီးတော့ စစ်တပ်ကပစ်တာ။ တပ်က နောက်က ဝမ်းယားမှောက်ယက်နဲ့ကိုပစ်တာ။ သူတို့ကရေကားနဲ့ ထိုးတယ်။ ဓာတ်ငွေ့ဟာနဲ့ ပစ်တယ်။ တပြိုင်နက်ထဲ လုပ်တာ၊ ဆင့်ကဲဆင့်ကဲလုပ်တာမဟုတ်ဘူး။ အဲဒီလိုတပြိုင်နက်ထဲလုပ်နေတဲ့ကြားထဲမှာလည်း နောက်မှာနေတဲ့၊ ဘေးမှာနေတဲ့ စစ်တပ်က ပစ်တယ်။ လူအုပ်ကြားထဲ ပစ်တယ်။ အဲဒီတော့ မှန်တဲ့သူမှန်တယ်။ ဒါကြီးက လူမဆန်ဘူးဗျ။ လုပ်ရပ်ကြီးက အဓိကရုဏ်းနှိမ်နင်းတဲ့ ပုံစံမဟုတ်ဘူး။ စစ်မြေပြင်ကို သူပုန်ပစ်သလို ပုံစံမျိုးကို ပစ်တာ။ ဒါကြီးက အကြမ်းဖက်လုပ်ငန်းကြီးပေါ့ဗျာ။"

ဒီနေ့ လူသေဆုံးမှုဟာ မုံရွာမှာ စစ်အာဏာသိမ်းကောင်စီ ဖြိုခွင်းမှုကြောင့် ပထမဆုံးလူသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

မတ်လ ၃ ရက်နေ့ မန္တလေးမြို့ မြင်ကွင်း။

နောက်ထပ် အကြမ်းဖက်ဖြိုခွဲခံရပြီး သွေးမြေကျခဲ့ရတဲ့ နေရာနောက်တခုကတော့ မန္တလေးမြို့ပေါ်မှာပဲ ဖြစ်ပါတယ်။ ၆၂ လမ်းပေါ်က အင်အားသုံးဖြိုခွင်းမှုမှာ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးငယ်တဦးအပါအဝင်၊ အမျိုးသားတဦး၊ ပေါင်း ၂ ဦးဟာနေရာမှာတင် ကျည်အစစ်နဲ့ ပစ်ခတ်တယ်လို့ ယူဆနိုင်တဲ့ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ အဲဒီနေရာမှာ ရှိနေတဲ့ ဗွီအိုအေသတင်းထောက်က ပြောပြပါတယ်။

"ဒဏ်ရာရတာကတော့ ၁၀ ယောက်၊ ၁၅ ယောက်လောက်ရှိတယ်။ ဒီဘက် ၆၂ လမ်းပေါ်မှာလည်း မနက်ကတည်းက ပိတ်ထားတဲ့လမ်းတွေကို ဘူထိုစာတွေနဲ့ ထိုးတယ်။ လမ်းတွေကို လုံခြုံရေးယူပြီးတော့ ရပ်ကွက်တွေထဲကို ပစ်တာ၊ ခတ်တာတွေ ရှိတယ်။ သံအမှိုက်ကန်မှာလည်း ကျည်ဖောက်ရာတွေ တွေ့ရတယ်။ လမ်းမှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေကိုလည်း ဖျက်ဆီးသွားတာတွေလည်း ရှိတယ်ခင်ဗျ။ တယောက်ဆိုရင် ဒဏ်ရာရသွားတာဆိုရင် ဒီပါးအသားပဲ့ထွက်သွားတယ်။ ဒီဘက်မှာ သုံး၊ လေး၊ ငါးယောက် ဒဏ်ရာရသွားတာ ရှိတယ်ခင်ဗျ။ မျက်ရည်ယိုဗုံးတွေနဲ့ ခွဲတယ်။၊ လူစုလူဝေးအရမ်းများတဲ့နေရာဆိုရင် ကျည်အစစ်လို့ ယူဆရတဲ့ဟာတွေနဲ့ ပစ်တယ်၊ ရာဘာကျည်တွေနဲ့လည်း ပစ်ခတ်ပြီးတော့ ဖြိုခွင်းတာတွေ လုပ်တယ်။"

ဒီလိုဖြိုခွင်းမှုဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့တဲ့ ကျမတို့သတင်းထောက်ဟာလည်း ဘယ်ဘက်ရင်အုံမှာ ရာဘာကျည်ဆံ နှစ် ချက်တိတိ ထိမှန်ခံခဲ့ရပါတယ်။

ဒီကနေ့ မုံရွာနဲ့ မန္တလေးမှာတော့ အာဏာပိုင်တွေကြောင့် အသက်ဆုံးရှုံးရသူဦးရေဟာ ၈ ဦးထက် မနည်းရှိနေတာပါ။

မကွေးမြို့မှာလည်း ဒီကနေ့ မနက်ပိုင်းက စစ်အာဏာရှင်ကျဆုံးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပြီး အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ မကွေးမြို့ သစ္စာလမ်းနဲ့ မဲထီးလမ်းတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တာကြောင့် နှစ် ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

"မကွေးက သေဆုံးတာတော့ မရှိသေးဘူး။ အခုချိန်ထိ ဒဏ်ရာရတာပဲ ရှိတယ်။ မကွေးနည်းပညာကျောင်းသားက ကလေးတယောက်ကတော့ လက်ကအခြေအနေတော်တော်လေး စိုးရိမ်စရာကောင်းတယ်။ နောက်တယောက်ကတော့ သတင်းထောက် တစ် ယောက်ပေါ့.. သူကတော့ ပခုံးမှန်တာပေါ့။ ကလေးဒဏ်ရာရဲ့ အနေအထားကိုကြည့်တာကတော့ အဲဒီပုံကြည့်တာ... ရာဘာကျည်ကတော့ လုံးဝမဖြစ်နိုင်ဘူးဗျ။ လုံးလုံးကြီးကို အသားက ဟက်တက်ကြီးကွဲပြီးတော့ အထဲက အရိုးတောင်ငေါထွက်သွားတယ်။ လူစုခွဲတဲ့ ပုံစံမဟုတ်တော့ဘဲနဲ့ အငြိုးကြီးမားစွာလုပ်တဲ့ပုံစံမျိုးတွေ ဖြစ်နေတယ်။ ကလေးတွေ လူစုခွဲပြေးပုန်းနေလည်း အဲဒီပုန်းနေတဲ့ အိမ်တွေကို တံခါးတွေ ဖျက်တယ်၊ ဝင်ဆွဲတယ်။ အဲဒါမျိုးတွေ ဖြစ်လာပြီပေါ့။"

ရပ်ကွက်လမ်းကြားတွေထဲအထိ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖမ်းဆီးနေတာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက လူငယ် ၁၄ ယောက်လောက်အပြင် အနည်းဆုံးလူ ၃၀ ထက်မနည်း အဖမ်းခံရတယ်လို့ သိရပြီး ဖမ်းဆီးခံရသူ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

လက်ရှိ အချိန်ထိ ဒီမြို့နယ် ၃ ခုအပြင် တပ်စခန်းနဲ့ တပ်သင်တန်းကျောင်းတွေ ရှိတဲ့ မေမြို့မှာလည်း အင်အားသုံးဖြိုခွင်းမှုတွေရှိခဲ့ပြီး လူသေဆုံးမှု မရှိပေမဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထပ်မနည်းရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။


 ေမခ/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-protest-mdy-monywa/5799995.html

ဆန္ဒပြမှုအကြမ်းဖက်ခံရမှု မုံရွာ ၆ ဦး၊ မန္တလေး၂ ဦး သေဆုံး ဆန္ဒပြမှုအကြမ်းဖက်ခံရမှု မုံရွာ ၆ ဦး၊ မန္တလေး၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 22:40 Rating: 5

No comments:

Powered by Blogger.